* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 22, 2009

မကန်းအောင် ကမ်း

န ဟိ ဓမ္မော အဓမ္မောစ၊ ဥဘောသမ ၀ိပါကိနော။

အဓမ္မော နိရယံ နေတိ၊ ဓမ္မောပါပေတိ သုဂတိံ။

ကောင်းမှုတရားနှင့် မကောင်းမှုတရား နှစ်ပါးတို့သည် အကျိုးပေးမတူကြပေ။ ကောင်းမှုကုသိုလ်တရား များကတော့ ကောင်းရာသုဂတိသို့ရောက်စေတတ်၍ မကောင်းမှုအကုသိုလ်တရားများကတော့ အပါယ်ငရဲသို့ ရောက်စေတတ်ပါ တယ်။ အကြင်သူတော်ကောင်းအပေါင်းတို့သည် ကောင်းမှုကုသိုလ်တည်းဟူသော သူတော်ကောင်းတို့ ချီးမွမ်းအပ်ကုန် သော သုစရိုက်တရားများကို ဖြည့်ကျင့်ကြခြင်းဖြင့် လောကီအစီးအပွား၊ လောကုတ္တရာအစီးအပွားတို့ကို ဖြည့်ဆည်း သင့်ကြပေသည်။ ကောင်းမှုများနှင့်သာ ပြည့်စုံနေသူတို့အဖို့ မကောင်းမှုဒုစရိုက်မှုတို့ မကပ်ရောက်သည့်အတွက် တစ်ရံတစ်ခါချမ်းသာ ခြင်းမျှပင်မရှိလှသော ဆင်းရဲအပေါင်းတို့စုဝေးရာ အပါယ်ဘုံသို့ မည်သို့မျှ လားရောက်ရမည် မဟုတ်တော့ပေ။

လောကကို ကောင်းကျိုးပြုသော ကောင်းမှုတရား (၁၀)ပါးရှိသည်။ ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူခြင်း၊ သီလ- ကာယ၀စီ ခုနှစ်လီဒုစရိုက် ကိုယ်၌မယှဉ်ကောင်းစွာကြဉ်ခြင်း၊ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ အပစာယန- သုံးပါးရတနာ ဆရာမိဘ ဂုဏ၀ုဍ္ဎိ အစရှိသောသူတို့အား ရိုသေခြင်း၊ ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် မှုကြီးငယ် ကို သည်ပိုးဆောင်ရွက်ရခြင်း၊ ပတ္တိဒါန- မိမိပြုသမျှ ကုသလကို အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ- သူတစ်ပါးပြု မြတ် ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊ ဓမ္မသ၀န- ဘုရားစသား သူတော်ကောင်းတို့၏ တရားကို နာရခြင်း၊ ဓမ္မဒေ သနာ- ဘုရားစရှောင်း သူတော်ကောင်းတို့၏ တရားကိုဟောကြားရခြင်း၊ ဒိဋ္ဌိဇုကမ္မ- အထက်ပါအမှုကိုးတန်သည် ဧကန် ချမ်းသာ၏ဟု ဖြောင့်မှန်စွာ အယူကိုယူခြင်းဟုဆိုသည့် တရားတို့ပင်ဖြစ်သည်။

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းရှိ လူသားအသီးသီးတို့၏ စိတ်ထဲတွင် အချို့သောသူတို့သည် ဟီနဆိုသည့် မိမိအောက် နိမ့်သောသူ၊ ပဏီတ- မိမိထက်မြတ်သောသူ၊ မဇ္ဈိမ- မိမိနဲ့တန်းတူး စသား သုံးပါးသောလူတို့ကို မိမိတို့တတ်စွမ်းသမျှ ထောက်ပံ့တတ်ကြ၏။ အချို့ကတော့ ဟီနဆိုသူနှင့် ပဏီတဆိုသူတို့ကိုသာပေးကမ်းတတ်သော် လည်းမဇ္ဈိမဆိုသူကို ခြွင်းချိန်တတ်ကြသည်။ အချို့ကတော့ ဟီနဆိုသူတို့ကိုသာ ပေးကမ်းချင်ကြသည်။ အချို့ကတော့ မြင့်မြတ်သူတို့ကိုသာရွေးချယ်ပေးကမ်းတတ်ကြသည်။ စသဖြင့်လောက လူသားတိုင်း ဆန္ဒတစ်မျိုးစီ ရှိကြသည်သာ တည်း။ အချို့သောသူတို့ကလည်း မည်သူ့ကိုမျှ မပေးရက်၊ မကမ်းရက်ပဲ ကိုယ့်အတွက်သုံးရတာကိုပင် ကုန်တယ်ထင်တတ်သူများလည်း ရှိကြမည်ထင်ပါသည်။ ထိုသို့ပေးကမ်းရာတွင်လည်း အချို့က မိမိနှင့် ဆက်နွယ်နေသူ၊ မကင်းရာ မကင်းကြောင်းရှိသူကိုသာ ပေးကမ်းတတ်ကြသော်လည်း၊ အချို့မှာမူထိုသို့ရွေးချယ်ခြင်း မပြုတတ်ကြပေ။

မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်၌ တည်သောသူတို့နှင့် အခြားသောသူများ၏ အဆုံးအမအောက်၌ တည်သောသူတို့သည် ပေးကမ်းပုံချင်း တူပင်တူငြားသော်လည်း ရည်ရွယ်ချက်ချင်း ကွာခြားလှသည်။ သဏ္ဍာန်အသွင်တူပါသည်။ အမှန်အမြင်မ တူပါ။ ဤနေရာတွင် အခြားသောသူတို့၏ အယူအမြင်ကို ကိုယ့်အထင်နဲ့မဖော်ပြလိုပါ။ မြတ်ဗုဒ္ဓ၏အဆုံးအမအောက်၌ တည်သောသူတို့ထဲမှ ပေးကမ်းမှုပုံစံကွဲများကိုသာ မိမိမှတ်သားမိသမျှ တင်ပြလိုပါသည်။ လူချင်း မတူတဲ့အတွက် ပေးကမ်းမှုဆိုတဲ့ ကံအလုပ်တွေမတူပါဘူး။ကံအလုပ်တွေမတူတာဟာလည်း လူတစ်ယောက်စီ ရဲ့စိတ်ထားတွေ မတူညီ လို့ပါပဲ။ စိတ်ထားတွေ ဘာကြောင့်မတူညီရတာလဲဆိုပြန်တော့ တစ်ဦးချင်းရဲ့ အတွေးစိတ်တွေ မတူလို့ပဲလို့မှတ်သားဖူးပါတယ်။ အလကားရတဲ့ ကိုယ်ပိုင်အတွေးကိုယ်စီနဲ့ မမြင်မစမ်း မှန်းပြီးပြုလုပ်တတ်တဲ့လူတွေ လုပ်တဲ့အလုပ်ဟာ အမှားများ တတ်ကြောင်းကိုသတိပြုသင့်လှပါတယ်။

လူတစ်ချို့က မိမိကြီးပွားကြောင်းကို သဲသဲမဲမဲရှာတတ်ကြသော်လည်း ပေးကမ်းဖို့ကို သဲသဲမဲမဲရှာရန် မေ့လျော့နေ တတ်ပြန်ပါတယ်။ လုပ်ရင်းကိုင်ရင်း ကြုံကြိုက်တိုက်ဆိုင်တဲ့ ရောက်ဆဲခဏမှာသာ ပေးလှူတတ်ကြပါတယ်။ ထိုသူတို့ လှူတဲ့အလှူကို အာသဇ္ဇဒါနလို့ခေါ်ပြီး မြတ်တဲ့ဒါနထဲမှာ မပါဝင်ပါဘူး။ ပေးရမယ်ဆိုတဲ့ အသိလေးရှိလို့တော်သေးရဲ့လို့ဆိုရမှာပါ။ တစ်ချို့တော့လည်း ဒီလိုမဟုတ်ပါဘူး။ အကယ်၍ ငါတို့က စီးပွားသာရှာနေတာ။ ရလာတာတွေကျ မပေးမကမ်းနဲ့ သူများတွေ ၀ိုင်းပြီးတော့အပြစ်ပြောကြလိမ့်မယ်။ ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ကပ်စေနဲလိုက်တာလို့၊ သဒ္ဓါတရား ခေါင်းပါးလိုက်တာ လို့ဆိုတဲ့ အသံဗလံတွေ ထွက်လာလိမ့်မယ်ဆိုပြီး သူတစ်ပါးတို့ အပြစ်ပြောမှာကို ကြောက်ပြီးလှူတတ်ကြပြန်ပါတယ်။ သူတို့လှူတဲ့ဒါနကိုတော့ ဘယဒါနလို့ခေါ်ပြီး မြတ်တဲ့အလှူထဲမှာ သူတို့လည်း မပါပါဘူး။

တစ်ချို့တော့လည်း ဒီလိုမဟုတ်ပါဘူး။ ငါ့ကိုသူ ပစ္စည်းတစ်ခုပေးဖူးတာပဲ။ သူကျေးဇူးတွေရှိသေးတယ်လေ။ မပေးရင် မကောင်းတတ်ဘူးဟ ဆိုပြီပေးလှူတာတွေ ရှိနေတတ်သေးတယ်။ ဒီလိုအလှူကို အတီတာပေက္ခဒါနလို့ခေါ်ပြီး ဒီဒါန သည်လည်း မြတ်သော အလှူမဟုတ်ပါဘူး။ တစ်ဦးကြပြန်တော့လည်း အတွေးကအဆန်းသား။အခုငါက ဒီတစ်ခုကိုပေး ထား လိုက်မယ်။ နောင်တစ်ချိန်ကျရင် တစ်စုံတစ်ခု ငါ ပြန်ရကောင်းစေရဲ့ဆိုပြီး နောင်ပြန်ရဖို့ကို မျှော်ကိုးပြီး စီးပွားရှာသလို ပေးကမ်းတာမျိုးလည်းရှိတတ်ပြန်ပါတယ်။ ဒါလည်းမမြတ်ပါဘူး။ ဒီအလှူမျိုးကိုတော့ အနာဂတာပေက္ခဒါနလို့ ခေါ်ပါတယ်။ နောက်တစ်ဦးကတော့ ဒါနလုပ်တယ်ဆိုတာ ပညာရှိတွေချီးမွမ်းကြတဲ့အတွက်ကြောင့် ကောင်းတယ်ဆိုပြီးကောင်းမှုတွေလုပ်ပါတယ်။ ဒီလိုအလှူကိုတော့ သာဟုဒါနလို့ခေါ်ပြီး သူလည်း ထို့နည်းတူစွာ မမြတ်ပါဘူး။

သူတို့ထက်စာရင် ဒီလိုအလှူကမှ တော်သေးရဲ့လို့ဆိုရမလိုပါပဲ။ ဘယ်လိုမျိုးလဲဆိုရင် စားနိုင်တဲ့သူက မစားနိုင်တဲ့သူကို မပေးပဲ မနေထိုက်လို့ ပေးလှူတဲ့သူမျိုးပါ။ ဥပမာ။ ။နာဂစ်မှာ ဒုက္ခရောက်တာတွေမြင်တွေ့ရတော့ ဒုက္ခရောက်သူတွေ ကိုသနားတာနဲ့ အစာရေစာတွေပေးကြ ကမ်းကြ။ ငါတို့က စားနိုင်ကြတယ်။ သူတို့က မစားနိုင်ကြဘူးဆိုပြီးပေးလှူတာမျိုးပါ။ တစ်ချို့တော့လည်း ဒီလိုစိတ်နဲ့ ပေးတာမျိုး မဟုတ်တန်ရာ။ အနည်းစုကို မှန်း၍ ဥပမာပြရခြင်း သာဖြစ်ပါသည်။ သို့သော် ဤအဖြစ်ကမကြာခဏကြုံတွေ့ရတတ်ပါသည်။ စားရသောက်ရမဲ့ ဘ၀တွေတွေ့ရင်သော် လည်းကောင်း၊ တောင်းရမ်းစား သောက်သူတွေတွေ့လျှင်သော်လည်းကောင်း သနားသောစိတ်နဲ့ပေးကမ်းလိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ မည်သို့ပင် ဆိုစေကာမှု ဤအလှူသည်လည်း မြတ်သောအလှူတော့ မဟုတ်ပေ။ ဒီလိုလှူဒါန်း မှုကိုတော့ နာရဟဒါနလို့ ခေါ်ပါတယ်။

တစ်ချို့သောသူတို့က အကယ်၍များ ငါသည်အလှူကိုပြုခဲ့သည်ရှိသော် ကောင်းသောသတင်းကျော်ဇောသံသည် လွှမ်းမိုး ၍တက်လတ္တံ့ဟု နှလုံးသွင်း၍ ပေးလှူတဲ့အလှူဖြစ်ပါသည်။ တစ်ခါက ရဟန်းတစ်ပါးနှင့် ဒကာတစ်ဦးတို့ ဆရာဒကာအရင်း အချာတွေမို့ စကားလက်ဆုံကြရင်းက ဆရာတော်က ကျောင်းဝိုင်းတစ်ခု အလိုရှိကြောင်းပြောကြားတဲ့ အခါ ဒကာဖြစ်သူ လျောက်ကြားပုံက တပည့်တော် ကျောင်းဝိုင်းတော့ မလှူနိုင်ပါဘုရား။ အကယ်၍ ကျောင်းဆောက်ဖြစ် ပါကမုခ်ဦးအလှူရှင် သာဖြစ်လိုပါတယ် ဟုဆိုလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ကျောင်းနာမည်နှင့်အတူ အောက်နားမှာ တည်ရှိနေမယ့် အလှူ့ရှင် ရဲ့နာမည်ကြီးက ၀င့်ဝါနေတာကို မြင်ယောင်တွေးတောလို့ လျောက်ကြားလိုက်တာထင်ပါရဲ့။ ဤကဲ့သို့ ၀င့်ကြွားလိုသော စိတ်ဖြင့် လှူဒါန်းခြင်းသည်လည်း မြတ်သောအလှူမဖြစ်ပေ။ ထိုသို့သောအလှူကို အဗ္ဘုဂ္ဂစ္ဆဒါန လို့ခေါ်ပါတယ်။

လူအများစုသည် မိမိတို့၏ အလှူဒါနနှင့် ပတ်သက်၍ အလွန်တရား အကျိုးကိုမျှော်ကိုး၍ လုပ်တတ်ကြသည်။ သဒိသံ ပါကံဇနေတိ ဆိုသည့်အတိုင်း လောကမှာတူသောအကျိုးဆိုတာ ပေးတတ်တာချည်းပင်ဖြစ်သည်။ သို့ဖြစ်၍ အကျိုးတရား ကိုလိုလားခုံမင်စွာ တောင်းခံနေစရာမလိုပါ။ သို့ဖြစ်သောကြောင့် ဆရာတော်ဦးကောသလ္လ အမြဲရွတ်ဆိုပြလေ့ရှိသည်မှာ

ဒါန သီလ ပြုကြသောအခါ၊ နိဗ္ဗာန်ရောက်ရန်၊ စိတ်မသန်ပဲ၊ ဉာဏ်မွဲဉာဏ်မှောင်၊ တဏှာဆောင်၍၊ နတ်ဘောင်ရည်မှန်း၊ နတ်နန်းကာမဂုဏ်၊ နတ်ရိပ်မြုံကို၊တစ်ဖက်ငါးရာ၊ခံစားကာဖြင့်၊ ကြံတွေးထွေထူး၊ တဏှာရူး၊ မှတ်ဦး မေထုတ်ရှစ်။

ဟူ၍ဖြစ်ပေသည်။ ဒါနပြုသည့်အခါတိုင်း စိတ်ထဲမှာ အမြဲမပြတ်ရွတ်ဖတ်ရင်း ဤသို့မဖြစ်ရအောင် နှလုံးသွင်းသတိဆောင် ထားသင့်လှပေသည်။

အမြတ်ဆုံးသောဒါနအမှုဆိုသည်မှာ စိတ္တာလင်္ကာရဒါနခေါ်သည့် ၀ိပဿနာဉာဏ်၏ အခြံအရံအလို့ငှာ လှူဒါန်းသ မှုပြုခြင်း သည်သာလျှင် မြတ်သောအလှူခေါ်ထိုက်ပါပေသည်။ သို့ဖြစ်သောကြောင့် မိမိတို့ နေ့စဉ်ပြုနေသမျှ မြတ်သောဒါန ဖြစ်ရ အောင် အားထုတ်သင့်လှပေသည်။ သို့မှသာ အပ်ပေါက်သွားရာ အပ်ချည်ပါသလို ကုသိုလ်လုပ်ရာတိုင်းဟာ နိဗ္ဗာန်အ တွက် ချည်းသာ ဖြစ်၍နေပါတော့မည်။ ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)၏ မိန့်မှာချက်မှာ လွန်စွာမှတ်သား စရာ ကောင်းလှပါသည်။ ငါ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ သူတစ်ပါးကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး(ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအား ထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့တည်းဟူသော လောဘကိလေသာတို့ကို အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသည်သာ ဖြစ်ပေသည် ...ဟူ၏။ လောကတွင် ငွေပေါများတိုင်း မလှူပါ။ သဒ္ဓါတရားပေါ များမှသာ လှူဒါန်းနိုင်သည်။ သဒ္ဓါတရားကြီးမားသူအတွက် လှူစရာ ပစ္စည်းတွေ ပိုနေတတ်သော်လည်း လောဘဓာတ်ကြီးမားသူအတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်ပေသည်ဟု ဆရာတော်၏ မှတ်သားဖွယ်ရာ မိန့်မှာချက်ကို သတိပြုသင့်လှပေသည်။

သဏ္ဍာန်အသွင်တူပြီး အမှန်အမြင်မတူသည့် ပေးကမ်းခြင်းဆိုသည်ကို ဤမျှလောက်နှင့်ပင် ထင်းရှား လောက်ပြီဟု ယူဆပါသည်။ အတွေးအခေါ်အမျိုးမျိုးကနေဆင်းသက်လာတဲ့ စိတ်ထားမျိုးစုံတို့ကြောင့် ပြုလုပ်သည့် ကံတို့လည်း အမျိုးအစား စုံလင်လှပေသည်။ ကံမျိုးစုံသည့်အတွက် ဘ၀တွေလည်း မျိုးစုံဖြစ်ကြရပြန်ပါသည်။ ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ မြင့်မြတ်လိုက်၊ နိမ့်ကျလိုက်နဲ့ ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှုးပျံ၊ လောကဓံ အလယ်မှာ ကာလရှည်စွာ နစ်မျောနေ ကြဦးမှာဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် မည်သို့မည်ပုံ ပေးကမ်းခြင်းက အမှန်ဖြစ်သည်ကို သိမြင်တတ်ဖို့လိုပေသည်။ ၃၁ ဘုံမှာကျင်လည်ဖို့ရန် စိတ်ရည်သန်၍ ပေးကမ်းလှူဒါန်ခြင်းသည် ဉာဏ်အမြင်ကန်းခြင်း ဖြစ်ပေသည်။ ၃၁ ဘုံမှလွတ် မြောက်ဖို့ရန် ပေးကမ်းလှူဒါန်းခြင်းသည် ဉာဏ်အမြင်မှန်ခြင်းပင်ဖြစ်ပေသည်။

သံသရာဝဋ်အတွင်းဝယ် ဉာဏ်အမြင်ကန်းစွာကျင်လည်နေရသော ဘ၀မှလွန်မြောက်ဖို့ရန် ပေးကမ်းလှူဒါန်းခြင်းဖြင့် မကန်းအောင် ကမ်းနိုင်သူများ ဖြစ်ကြပါစေကုန်သတည်း။

အားလုံးသောသတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP