* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 12, 2009

နတ်လူအများ ချမ်းသာပွားဖို့

ဒီစာတွေကို ဖတ်လိုက်ရတဲ့အချိန်မှာ ကိုယ်နဲ့လည်းမသိ၊ ရင်းနှီးကျွမ်းဝင်ခြင်းလည်းမရှိသူရဲ့ နာရေးကြော်ငြာစာကို ဖတ်လိုက်ရသလို အေးအေး ဆေးဆေးလေးပဲ ပြီးဆုံးမသွားစေချင်ပါ။

မတတ်သေးတဲ့ ပညာတွေများစွာ ရှိတဲ့အထဲမှာ ကျွန်တော်မတတ်ဆုံးသော ပညာတစ်ခု ရှိပါတယ်။ ခုအချိန်ထိအောင် ဒီပညာတွေကို ဆည်းပူးနေတုန်းပါပဲ။ အဲ့ဒါကတော့ အသေ၀နာ စ ဗာလာနံ ဆိုတာကို နားလည်သဘောပေါက်ဖို့တစ်ခုပါ။ စာရဲ့သဘောကိုတော့ ငယ်ငယ်က သင်ထားခဲ့ဖူးလို့ သိတော့နေပါရဲ့။ ရင်ဘတ်ထဲအထိ ပေါက်မလာသေးဘူး။ ခက်နေတာ အဲ့ဒါပါပဲ။ ငယ်ငယ်တုန်းက သင်ပေးထားလို့ မှတ်မိနေသေးတယ်။ လူမိုက်ကိုမပေါင်းနဲ့နော် … သား တဲ့။ မေမေကဆုံးမခဲ့ တာပါ။ နားထဲကမထွက်ဘူး။ မျက်စိထဲမှာ မြင်ယောင်နေတုန်း။ လူမိုက်ဆိုတာ မိုက်တီးလေးများ ဇာတ်ကားထဲကလိုစရိုက် ကြမ်းတဲ့လူ တွေများလားပေါ့လေ။


ကျွန်တော့် အဖွားက ကျွန်တော် ပထမတန်းတက်နေတုန်းမှာ ဆုံးသွားတာပါ။ ဆုံးသွားတာက ရိုးရိုးတန်းတန်းမဟုတ်ပါဘူး။ ဖုတ်ဝင်တာဆိုပဲ။ ကျွန်တော်တို့ မိဘတွေ တောသူတောင်သား အလွန်ရိုးကြပါတယ်။ ကြားဖူးနားဝနဲ့ ဗမာဗိန္ဓောဆရာနဲ့ ခေါ်ကုရတာပေါ့။ အဲ့ဒိလူနဲ့ကုမှ ရောဂါကပိုဆိုးလာတယ်။ တစ်နေ့တစ်ခြား အစာ စားတာတွေလျော့လာတယ်။ ဟုတ်တယ်။ လူမမာဆိုတာ အာခံတွင်းတွေ့တာလေးစာချင်တာလေ။ အမဲကြော်လေး ငါးကြော်လေး စာချင်ရှာတာ။ ဖုတ်ဝင်နေတာ။ ဖုတ်က တောင်းတာဆိုပြီး မကျွေးခဲ့ရဘူးဗျာ။ ဒီလိုနဲ့ များမကြာမီ အဖွားလည်း ဘယ်သူမှမသွားချင်တဲ့နေရာကို တစ်ဦး တည်း ပျင်းပျင်းရိရိနဲ့ ထွက်သွားရရှာပါတယ်။(အဖွားက ကျွန်တော်ကိုသိပ်ချစ်တော့ ကျွန်တော်မရှိတဲ့အခါ အင်မတန် ပျင်းခြောက်ခြောက်နိုင်တယ်ဆိုလို့ပါ။ ခုသူသွားတဲ့နေရာ ကျွန်တော်လည်း မလိုက်နိုင်တော့ သူတစ်ယောက်တည်း ပျင်းပျင်းရိရိနဲ့ ထွက်သွားတယ်ထင်ပ။ ဟိုတုန်းက တွေးမိတာလေးပါ။)


လောကဇာတ်ခုံ၊ ဤလူ့ဘုံဝယ်
မျိုးစုံ က ကြ၊ မာန်မာနနှင့်
ငါ က သူဌေး၊ ငါ ပဂေးဟု
ငါသွေးတက်ကြွ၊ လူ့ဗာလတို့
များပြားလှစွာ၊ အ၀ိဇ္ဇာကြောင့်
တဏှာဘီလူး၊ အမှောင့်ပူးသော်
ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖော်၍
မော်မော်မောက်မောက်မောက်၊ ငါ တစ်ယောက်သာ
မိုးအောက်တလွှား၊ ရွှေကိုလားဟု
ထင်မှားမှတ်လွဲ၊ သို့ပင်စွဲလည်း
ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်
သုဘရာဇာ၊ ခြေအောက်မှာပင်
ဘာသာ လူမျိုး၊ ချိန်မထိုးပဲ
ပုပ်သိုးခန္ဓာ၊ မြုပ်ရရှာသည်
ဘယ်မှာ ….. ငါ ဟုရှိအံ့နည်း။

အဖွားကို မြေချတဲ့နေ့က လိုက်ပါပို့ဆောင်သူတွေကို ဝေခဲ့တဲ့ ယပ်တောင်က သံဝေဂ ကဗျာလေးပါ။ ဘယ်သူရေးထား မှန်းတောင်မသိဘူး။ ကြီးမှ ကြိုက်လွန်းလို့ ကျက်ထားတာ။ တစ်ကယ်တော့ အဖွားသေတာ ဖုတ်ဝင်လို့မဟုတ်ပါပဲ မတတ် တတတ်နဲ့ လာကုတဲ့ ဒေါက်တာရမ်းကုကြောင့် ဆုံးပါးခဲ့တာပါ။ ဟုတ်ပါတယ်။


ဆေးဆရာမှားတဲ့အခါမှာ လူသား တစ်ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆေးမမှားအောင် ဆရာဝန်ကောင်းတွေ ဆေးကောင်းတွေလိုအပ်လာတာနဲ့အမျှ ယနေ့ ကမ္ဘာကြီးမှာ နေ့စဉ်နှင့်အမျှ ရောဂါတွေရှာဖွေရေးတွေ ပြုလုပ်စမ်းသပ်နေသလို ကုသရေးဘက်မှာလည်း မလစ်ဟင်းအောင် ဆောင်ရွက်နေတာတွေ မြင်တွေ့နေရပါတယ်။ ဘာပဲ ဖြစ်ဖြစ်အားတက်မိတယ်။ ဒါပေမယ့်ဗျာ .. တစ်ဖက်မှာ ဒီလို လူ့အသက်တစ်ချောင်းကို ကယ်ဆယ်ဖို့ အားသွန်ကြိုးပန်းနဲ့ မမောမပန်း ပညာရပ် တွေရှာဖွေနေတဲ့အချိန်မှာ တစ်ဖက်မှာလည်း လူသားတွေ အစုလိုက် အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေ ထုတ်လုပ်နေတာကို တွေ့နေကြားနေရပြန်တယ်။

၂၀ ရာစုလူသားတွေရဲ့ကမ္ဘာမှာ ရောင်စုံမီးတွေ ထိန်ထိန်ညီးပြီး လိုတိုင်းတ ရနိုင်တဲ့ လောကကြီးတစ်ခုကို ဖန်းဆင်းနိုင်ဖို့ အတွက် အဓိက လိုချက်ကတော့ စွမ်းအင်ပါပဲ။ အဲ့ဒါတွေကိုဖြည့်ဆည်းပေးနိုင်တာက ခေတ်သစ်ရူပဗေဒပညာရပ်ကပါ။ အဏုမြူကိုခွဲစိတ်လို့ ရတဲ့ပညာဟာ အကြီးမားဆုံးစွမ်းအင်ဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပေးလိုက်တဲ့ Fission method ဟာ ဟီရိုရှီးမားမြို့ပေါ်ကို အဏမြူဗုံးကြဲချပြီး သက်သေပြခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ချင်တဲ့ စေတနာနဲ့ပါလို့ အကြောင်းပြနိုင်ခဲ့ရင်တောင်မှ ဒုတိယတစ်ကြိမ် နာဂါဆီကီမြို့ပေါ်ကို ကြဲချတာကတော့ ဆင်ခြေပေးလို့မရနိုင်တော့ပါဘူး။ လူတွေသိန်းသန်းမက သေကြေပျက်စီးခဲ့ကြပါတယ်။ ဘယ်လိုပြောရမလဲ ….

နည်းပညာတွေကို မှားယွင်းစွာ အသုံးချမိတဲ့အခါ လူတစ်ယောက်မက များလှစွာသော လူသားတွေ သေကြေခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ သူတို့က လူသားတွေ စည်းကမ်းမရှိကြတော့ဘူးလား။ ယဉ်ကျေးမှုတွေခေါင်း ပါးကုန်ပြီလား။ မေတ္တာအစေးတွေ ခမ်းခြောက်ကုန်ပြီလားလို့ ဘာသာတရားတွေဘက်ကို ဦးလှည့်ပြီး ပြောဆိုလာကြပါတယ်။ နောက်ဆုံးမှာ ဘာသာ တရားဟာ လူသားအားလုံးရဲ့ခိုကိုးရာ ဖြစ်တည်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအချိန်မှာ ဘာသာတရားတွေက အမျိုးမျိုး စည်းရုံးကြပါတော့တယ်။ သူကကောင်းတယ်။ ငါက ကောင်းတယ်။ သူကတယ်တင်နိုင်တယ်။ ငါက ကယ်တင်နိုင် တယ်။ ငါ့ကိုသာ ယုံ၊ ငါ ခိုင်းတာသာလုပ်၊ ငါက မင်းတို့ကိုစောင့်ရှောက်မယ်ပေါ့။ ဘာပဲပြောပြော သူ့ထက်ငါ သာအောင် တော့လုပ်လာကြပါတယ်။


ခက်နေတာက ဗုဒ္ဓဘာသာပါ။ မြတ်စွာဘုရားက မင်းတို့ကို ငါမကယ်ဘူးတဲ့။ ဘုရားအားလုံးက ကယ်မယ်ပြောနေတဲ့အချိန် ဗုဒ္ဓက ငါမကယ်ဘူးဆိုပဲ။


တုမေဟိ ကိစ္စံ ကာ တဗ္ဗံ၊ အက္ခာ တာရော တထာဂတာာ။

ချစ်သားတို့ … ငါဘုရားဟာ မဂ္ဂင်ရှစ်တန် အကျင့်မှန် ကိုဟောပြပေးနိုင်ရုံသာ ရှိပါတယ်။ ရောက်အောင်သွားဖို့ကတော့ မင်းတို့တာဝန်ပါပဲ။ အဲ့ဒိမှာ ဘုရားက ကယ်မယ်လို့ မပြောခဲ့ဘူး။ လွတ်ရာ ကျွတ်ရာကို ကိုယ်တိုင်သွားကြဖို့ပဲ မှာပါတယ်။ တို့ဘုရားရှင်က အစ၏ကောင်းခြင်း သီလ၊ အလယ်၏ ကောင်းခြင်း သမာဓိ၊ အဆုံး၏ ကောင်းခြင်း ပညာကို ညွှန်ပြခဲ့တယ်။ ဒီတရားတွေကို ဟောပြောပို့ချ၊ ကျင့်သုံး၊ လိုက်နာကြဖို့က တို့တွေတာဝန်ပဲရှိတော့တာပေါ့။ မြတ်ဘုရားရှင် ဟောကြားခဲ့သော ဓမ္မသည် ကောင်းရာကို ပို့သည်ဆိုလျှင် အဓမ္မသည် မကောင်းသည့်နေရာကို ရောက်ရပေတော့မည်။ မြတ်စွာဘုရားရှင်၏ ဓမ္မ အတိုင်းလိုက်နာကျင့်သုံးလျှင် ယဉ်ကျေးမူတွေထွန်းကားမည်ဆိုခဲ့ပါက မကျင့်သုံးလျှင် ယဉ်ကျေးမှုတွေ ပျောက် ကွယ်ကုန်ရလိမ့်မည်။ ဘုရားရှင်၏ အဆုံးအမအတိုင်း လိုက်နာပါက မေတ္တာအစေးတွေ မခမ်းခြောက်ဘူးဆိုရင် မလိုက်နာ ပါက ခမ်းခြောက်ရန်သာရှိပါတော့တယ်။


ဒီလိုဆိုရင် ဘုရားရှင် သာသနာမှာ ဓမ္မကို ဓမ္မအတိုင်းဟောတဲ့သူတွေ ရှိဖို့လိုအပ်လာပါပြီ။ ဓမ္မကို အဓမ္မလုပ်တဲ့သူတွေ ဟောပြောလာရင် လောကကြီး ပျက်စီးရလိမ့်မည်။ အဓမ္မကို ဓမ္မလုပ်လာလျှင်လည်း လောကကြီး ပျက်စီးရလိမ့်မည်ဖြစ် သည်။ ဆေးဆရာမှားလို့ တစ်ဦးတစ်ယောက် သေဆုံးရသည်မျိုးမဟုတ်၊ နည်းပညာလွဲမှား အသုံးချ၍ လူအစုလိုက် အပြုံ လိုက်သေကြေကြသည်လည်းမဟုတ်။ တစ်လောကလုံး ပျက်စီးရမည့်အခြေ အနေဖြစ်သည်။ တစ်သံသရာလုံး နစ်မြုပ်ရ မည့်အရေးဖြစ်ပေသည်။ ဤသည်ကို နားလည်းသဘောပေါက်ဖို့ရန် အရေးကြီးလှပါတယ်။ တရားမှာ နည်းနည်းလေးပဲ မှားသည် ဖြစ်စေ လက်ခံနိုင်စရာ အကြောင်းမရှိပေ။ တရားမှန်လျှင် အမှားစင်ရမည်ဟု ကျွန်တော်ယုံကြည်သည်။ မစင်သည် အနည်းငယ်ပင် စွန်းထင်းသော်လည်း စက်စုက် ဖွယ်ရာသာဖြစ်၏။ သာရာဖွယ်မဟုတ်ပေ။ ဓမ္မထဲမှာ အဓမ္မ အနည်းငယ်ပါခြင်းကိုမျှပင် ရှောင်ကြဉ်သင့်လှပါတယ်။


ဓမ္မကိုမှားယွင်းစွာ ဟောကြားခြင်းဖြင့် လောကကြီးကို ပျက်စီးစေခဲ့ပါတယ်။

လူမိုက်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲလို့ ကျွန်တော်တို့တွေ စဉ်းစားဖို့ လိုလာပါပြီ။ ဘယ်လိုလူမျိုးတွေကို ရှောင်ကြဉ် သင့်ကြသလဲဆိုတာ စဉ်းစားဖို့ လိုလာပါပြီ။ လူတစ် ယောက်ကိုသာ ပျက်စီးစေတဲ့သူ၊ လူအများစုကို ပျက်စီးစေတဲ့သူ၊ လောကကြီးတစ်ခုလုံးကို ပျက်စီးစေတဲ့သူ ဘယ်သူက ပိုပြီး မိုက်ကန်းပါသလဲ။


မစင်သည် အနည်းငယ်ပင် စွန်းထင်းသော်လည်း စက်စုက်ဖွယ်ရာသာ ဖြစ်၏။

ဟု စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်နေမိပါတယ်။


ကျွန်တော်ကိုယ်တိုင် မိုက်တဲ့သူလား၊ ဒါမှမဟုတ် မိုက်တဲ့သူကြောင့် ခံရတဲ့သူလား၊ ဒါမှမဟုတ် သူတို့ကို ထောက်ခံနေသူလား။ အတွေးအာရုံထဲမှာ ဝေခွဲ၍မရ။ လူမိုက်ဆိုတာ ကိုမုန်းနေမိတယ်။ ကြောက်နေမိတယ်။ ဘာရယ်မသိတော့။ ခေါင်းတွေခြောက်လာသည်နှင့် ရေချိုးခန်းသို့ဝင်ပြီး ရေအေးအေးနဲ့ မျက်နှာသစ်လိုက်တယ်။ ပြီးတာနဲ့ အနားရှိတဲ့မှန်ကို လက်သီးနဲ့ လေးငါးချက် ဆင့်ထိုးပြီး ခွဲပစ်လိုက်တယ်။ (စိတ်ထဲမှာပါ) ကျွန်တော် လူမိုက်ဆိုရင်ကို လုံးဝကို မတွေ့ ချင်တော့ လို့ပါ။ (ဆက်၍ဖော်ပြပါဦးမည်။)


အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းတို့ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်း သာကြပါစေ။


(မင်္ဂလာအရေးမို့ ခပ်ဖြေးဖြေးလေး တွေးကြည့်၊ ရေးကြည့်တာပါ။ အကြောင်းမလျော် ချွတ်ချော်မှားယွင်းသွားအံ့။ မေတ္တာ ရှေ့ထားကာ အပြစ်ညွှန်ပြ ဆုံးမပေးဖို့ တောင်းပန်ပါတယ်။)




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP