* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 12, 2009

မုန့်ကြော်စားချင်၍ မှိုင်နေသော ကုဋေရှစ်ဆယ်သေဋ္ဌေးကြီး

ရာဇဂြိုဟ်မြို့တော်နှင့် မနီးမဝေးရှိ သက္ကာရရွာ၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သေဋ္ဌေးကြီး နေထိုင်လျက်ရှိ၏၊ တနေ့တွင် သူဆင်းရဲတဦး မုန့်ကြော်စားနေသည်ကို မြင်ရာ သူလည်း စားချင်စိတ်ပေါ်လာ၏။ အိမ်တွင် ကြော်စားလျှင် အိမ်သူအိမ်သားများပါ စားကြပါက အကုန်အကျများမည်စိုး၍ စားချင်စိတ်ကို အောင့်အည်း၍ မှိုင်တွေနေ၏။ သေဋ္ဌေးကတော်က အကြောင်းကို အကြိမ်ကြိမ်မေးမှ သူ့အာသာဆန္ဒကို ပြောပြ၏။ မည်သူမျှမမြင်အောင် တိုက်အပေါ်ဆုံးအထပ်သို့ သွား၍ မုန့်ကြော်ကြလေသည်။ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်အား ခေါ်တော်မူ၍ မုန့်အလှူခံရန် ညွှန်ကြားတော်မူရာ သေဋ္ဌေးတိုက်သို့ ကြွသွားပြီး လေသာပြတင်းပေါက်တွင် သေဋ္ဌေးမြင်အောင် ရပ်နေတော်မူ၏။

သေဋ္ဌေးသည် အမျိုးမျိုးပြောဆိုကာ နှင်လွတ်သော်လည်း ရှင်မောဂ္ဂလာန်သည် ဖယ်ရှားမသွားလေ။ နောက်ဆုံးတွင် သေဋ္ဌေးကတော်အား မုန့်သေးသေးလေးကြော်ပြီး ပေးလိုက်ဟု ခွင့်ပေး၍ သေးငယ်သော မုန့်ကြော်ရန် အားထုတ်ရာ မုန့်ကြီးကြီးသာ ဖြစ်လာ၏။ မကျေနပ်သောသေဋ္ဌေးက သူကိုယ်တိုင် မုန့်အငယ်ဆုံးကြော်ရန် ကြိုးစား၏။ ဒယ်အိုးအပြည့် မုန့်ကြီးသာ ဖြစ်၍လာလေ၏။ နောက်ဆုံးတွင် စိတ်ပျက်၍ ကြော်ပြီးသားမုန့်တယှက် လှူလိုက်ဟုပြောရာ တယှက်ယူမရဘဲ မုန့်အားလုံး ကပ်၍ပါလာပြန်၏။ တယှက်တည်းယူရန် အားစိုက်ရင်း မောပန်းလာရာ စိတ်ပျက်ပြီး အကုန်လောင်းလှူလိုက်လေသည်။

ရှင်မောဂ္ဂလာန်က အနုမောဒနာတရား ဟောကြား၍ စေတနာသဒ္ဓါတရားပေါက်လာရာ တန်ခိုးတော်ဖြင့် သေဋ္ဌေးလင်မယားကို ဇေတ၀န်ကျောင်းတော်သို့ခေါ်ဆောင်သွားပြီး ဘုရားရှင်အား မုန့်ဆက်ကပ်စေသည်။ ထိုမုန့်များကို ဘုရားရှင်နှင့် သံဃာတော်အားလုံး ၀အောင်ဘုဉ်းပေးတော်မူကြရသည်။ သေဋ္ဌေးလင်မယားလည်း သဒ္ဓါတရား ပိုမိုထက်သန်လာပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာကြရာ သောတာပန်ဖြစ်သွားကြသည်။ နောက်နေ့တွင် ဤအဖြစ်ကို တရားသဘင်၌ ရဟန်းများ ပြောဆိုနေကြရာ မြတ်ဗုဒ္ဓက ငါ့သား-မောဂ္ဂလာန်သည် လူ၏သဒ္ဓါတရားကို မပျက်စီးစေဘဲ အကျိုးစီးပွားဖြစ်စေခြင်းငှါ စွမ်းဆောင်နိုင်သူဖြစ်သည်-ဟု အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ယထာပိ ဘမရော ပုပ္ဖံ ၊ ၀ဏ္ဏ ဂန္ဓ မဟေဌယံ ။
ပလေတိ ရသမာဒါယ ၊ ဧ၀ံ ဂါမေ မုနီစရေ ။

( မြန်မာပြန် )
ပျားပိတုန်းသည် အဆင်းအနံ့မပျက်စေဘဲ ပန်းဝတ်ရည်ကို စုပ်ယူသကဲ့သို့
ထို့အတူပင် ရဟန်းသည် မြို့ရွာ၌ ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့တည်းဟူသော စည်းစိမ်ဥစ္စာကို မထိခိုက်စေဘဲ ပစ္စည်းလေးပါး တည်းဟူသော အရသာကို ခံယူကျင့်သုံးရာ၏။

( ဆောင်ပုဒ် )
အဆင်းတင့်တယ်၊ ရနံ့ကြွယ်သည့်၊ ပန်းဝယ်နားမှီ၊ ၀တ်ရည်စားသုံး၊ ပျားပိတုန်းသည်၊
မွှေးဆုံးရနံ့၊ သန့်ပြန့်အဆင်း၊ မချို့ယွင်းအောင်၊ ၀တ်ရည်ဆောင်သို့၊
မြတ်ခေါင်ဘုန်းတန်း၊ ရှင်ရဟန်းသည်၊ လှူဒါန်း ဒါယကာ၊ စေတနာနှင့်၊ သဒ္ဓါတရား၊ မပျက်ပြားအောင်၊ လေးပါးပစ္စယာ၊ လှူခံရာ၏။

( ပုပ္ဖ၀ဂ် မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP