ဗုဒ္ဓဘာသာဝင်တို့နတ်ကိုးကွယ်လျှင်
အခြားဘာသာဝင်များ(သို့)Free Thinker(ယခုခေတ်တွင် အနောက်တိုင်းရော၊ အာရှမှာပါ ရေပန်းစားနေသည့်) ဟုခံယူထားသော ဘာသာမဲ့များရဲ့ နတ်ကိုးကွယ်မှုကို ဤနေရာ၌ ထည့်သွင်းတင်ပြမည်မဟုတ်ပါ။လူတိုင်း၊လူတိုင်းတွင် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါသည်။
ကိုယ်ကြိုက်ရာ ကိုယ်ကိုးကွယ်နိုင်ပါသည်။သို့သော်လည်း မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် ဘယ်ဘာသာ မှန်-မမှန်၊ဘယ်ဘုရားစစ်မစစ်စိစစ်သင့်သည်။မိမိကိုယ်ကိုမညာသင့်ပါ။အနစ်နာမခံသင့်ပါ။
သိအောင်လုပ်ရမည်မှာ သင်တို့၊ကျွန်ုပ်တို့ တာဝန်ဖြစ်သည်။
ကိုယ်ကြိုက်ရာ ကိုယ်ကိုးကွယ်နိုင်ပါသည်။သို့သော်လည်း မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် ဘယ်ဘာသာ မှန်-မမှန်၊ဘယ်ဘုရားစစ်မစစ်စိစစ်သင့်သည်။မိမိကိုယ်ကိုမညာသင့်ပါ။အနစ်နာမခံသင့်ပါ။
သိအောင်လုပ်ရမည်မှာ သင်တို့၊ကျွန်ုပ်တို့ တာဝန်ဖြစ်သည်။
ဘာသာရေးလုပ်ငန်းသည် ပစ္စုပ္ပန်နှင့် တမလွန်ဘဝမျှော်မှန်းပြီး လုပ်ငန်းစတင်ရသော အလုပ်ဖြစ်၍တစ်ခါလွဲက သံသရာတစ်လျှောက်လုံး လူဖြစ်ရှုံးနိမ့်သော လုပ်ငန်းဖြစ်သည်။ဘယ်ဘာသာ ကိုးကွယ်သင့်သည်ဟု စဉ်းစားကိုးကွယ်၊လေ့လာရမည့်အလုပ်သည် မိမိကိုယ်ပိုင်အလုပ်ဖြစ်သည်။ ဆွေစဉ်မျိုးဆက်ကိုးကွယ်၍၊
ဂုဏ်ရှိသူတွေကိုးကွယ်၍၊အာဏာရှိသူတွေ ကိုးကွယ်၍၊ပတ်ဝန်းကျင်က အထင်သေးမှာစိုးလို့ကိုးကွယ်၍ မိမိပါလိုက်ကိုးကွယ်ရသည့် အဖြစ်မျိုးမရောက်စေသင့်ပါ။
ဘုရားတွေ များလှသည်။ဤခေတ်သည် သိပ္ပံခေတ်ဖြစ်သည်။တစ်ထွာပြက တစ်လံမြင်နိုင်သော ခေတ်ဖြစ်သည်။လွပ်လပ်စွာ တွေးခေါ်နိုင်သောခေတ်ဖြစ်၍ ဘယ်ဘာသာ၊ဘယ်ဘုရား၊ဘယ်လမ်းစဉ် မှန်ကန်မှု အပြည့်အဝရှိသည်-မရှိသည်ကို အလေးအနက်တွေးမ၊ှနားလည်မှ အရေးလှပေမည်။
ဗုဒ္ဓဘာသာဝင် အမည်ခံပြီး ဗုဒ္ဓတရားတော်ကို နားမလည်၊နားလည်သော်လည်း မလိုက်နာ၊မကျင့်ကြံလျှင် သံသရာတွင် အကျိုးရှိမည်မဟုတ်။ဗုဒ္ဓဘာသာဝင်တစ်ဦး နတ်ကိုးကွယ်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်တော့ပေ။“ဗုဒ္ဓေါ မေ သရဏံ အညံ နတ္တိ”(ဘုရားမှတစ်ပါး ကိုးကွယ်အားထားရာ မရှိပါ)ဟု ဝန်ခံခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦးက ယခုအခါ နတ်ကိုးကွယ်နေလျင် အပြောနှင့်အဟော ညီညွတ်မှုမရှိပါ။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟုသင်တို့၊ကျွန်ုပ်တို့ လွယ်ကူစွာ ပူဇော်ဆည်းကပ်၊ရွတ်ဆိုနိုင်ဖို့ မြတ်စွာဘုရားရှင်မှာ လေးသင်္ချေ၊ ကမ္ဘာတစ်သိန်းတိုင်အောင် ကျင့်ကြံအားထုတ်ရပါသည်။ကမ္ဘာတိုင်းလည်း ဘုရားမပွင့်ပါ။
ကမ္ဘာပေါင်း သိန်း၊သန်း၊ကုဋေ၊အသင်္ချေကြာမှ ဘုရားပွင့်သောကမ္ဘာလည်း ရှိပါသည်။ထိုသို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (ဘုရားကို ကိုးကွယ်အားထားပါ၏) စသည်ဖြင့် သရဏဂုံဆောက်တည်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ ယခုအခါ နတ်ကိုးကွယ် လေးစားအားထားနေသဖြင့် သရဏဂုံ ပျက်တော့ပြီဖြစ်သည်။
သရဏဂုံတည်လျှင် နတ်ပြည်ရောက်နိုင်သည်။ဗုဒ္ဓဘာသာတစ်ဦးအဖို့ အာမခံချက် ရရှိပေပြီ။မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် ထင်နေသော်လည်း တကယ်တမ်း ကိုယ်ဟာ ဗုဒ္ဓဘာသာလား၊ နတ်ကိုးကွယ်သူ ဖြစ်နေပြီလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်သင့်သည်။နတ်ကိုးကွယ်လျှင် ဘယ်ဘဝရောက်မည်နည်း၊
နတ်ကိုးကွယ်လျှင် ဗုဒ္ဓဘာသာပျက်ကြောင်း မသိသူတွေ ယခင်ကမသိခဲ့၍ ကိုးကွယ်ခဲ့ကြပြီး၊ယခုအခါ သိပြီးဖြစ်၍ ရှေ့ဆက်မည်သို့လုပ်ကြမည်နည်း။
အခြေအနေကြောင့် တိုင်းတပါးတွင် လာရောက်လုပ်ကိုင်ကြ၍ ဘုရားကိုသာ ကိုးကွယ်ဆည်းကပ်ကြသည် မှန်သော်လည်း အမိမြေ၊မွေးရပ်မြေသို့ အချိန်တန်ပြန်ရောက်သောအခါ မည်သို့၊မည်ပုံဆက်လက်
ကိုးကွယ်ကြမည်နည်း။ဥပမာ- ကိုယ့်မိဘ၊ဆရာသမား၊ကျေးဇူးရှင်တို့က ဆက်လက်၍ အတွင်း-၃၇မင်း၊အပြင်-၃၇မင်း၊ဝန်း-၃၇မင်းစသည့် အောက်နိမ့်(နတ်ဟုတချို့သမုတ်သည့်)တို့ကို ကိုးကွယ်မှုမှားနေလျှင် မိမိမည်သို့ဆက်လက် လုပ်ဆောင်မည်နည်း။မိမိမျိုးဆက်ကို မည်သို့တည်ဆောက်မည်နည်း။ခိုင်မာသော ယုံကြည်ကိုးကွယ်မှု၊တိကျသော ယတိပြတ်ဆုံးဖြတ်ချက်ရှိပါပြီလားဟု ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်သည်။
ဗုဒ္ဓဘာသာကို တကယ်တမ်း အစစ်အမှန် ကိုးကွယ်ချင်ပါသည် ဆိုသူတွေအဖို့ ဗုဒ္ဓကို ကိုးကွယ်သူအဖြစ် အထွတ်အမြတ်ထားရသည်။ ယင်းကဲ့သို့ နတ်ကိုးကွယ်မှုတို့မှ အစောင့်အရှောက်အနေအထားသို့ ပြောင်းလဲသင့်ပြီ။နတ်ကိုပင် ယုံကြည်ပါသည်။အားကိုးပါသည်၊ဆက်လက်၍လည်း မိရိုးဖလာ ဓမ္မတာအစဉ်အလာဖြစ်၍ ကိုးကွယ်ပါမည်ဆိုသူများအဖို့ အထူးပြောစရာမရှိပါ။ဤစာဖတ်သောနေရာ၌ပင် Browser ပိတ်၍လှည့်ပြန်သွားတာက ပိုကောင်းပေမည်။
မိမိဘဝ မိမိပိုင်ကြသည်မို့ မိမိဆန္ဒအတိုင်း ကြိုက်ရာလုပ်နိုင်ပါသည်။ ကိုးကွယ်မမှားကြဖို့ လွန်စွာ အရေးကြီးပါသည်။ဒေဝဒတ်ကို ဆရာတင်မှား၍ အဇာတသတ် ငရဲလားခဲ့ရပါသည်။အဇာတသတ် အမှားမှာ ဆရာမှားရုံသာ မှားခဲ့၍တစ်ဘဝလောက်သာ နစ်မွန်းခဲ့ရပါသည်။ဘုရားအဖြစ်ကိုးကွယ်သော ဘုရားမှားခဲ့၊ ဘာသာမှားခဲ့လျှင်ကား တစ်ဘဝမဟုတ်၊ဆယ်ဘဝမဟုတ်.. ဘဝပေါင်းများစွာ သံသရာတစ်လျှောက် နစ်မွန်းမည်အမှန်ပင်ဖြစ်ပါသည်။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့ ဗုဒ္ဓဘာသာပီပီ တရားတော်ကိုလေးစား၊ဗုဒ္ဓဝါဒအတိုင်းလိုက်နာ၊ဗုဒ္ဓဂုဏ်တော်များကို ပွားများ၊လောကီ၊လောကုတ္တရာ အကျိုးရှိစေမည့် ဒေသနာသုတ်များကို ရွတ်ပွားသရဇ္ဈာယ်၊မြင့်မြတ်သော ဝိပဿနာတရားအားထုတ်၍ သံသရာခရီးတစ်လျှောက် လျှမ်းလျှမ်းတောက် အောင်မြင်ရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

0 comments:
Post a Comment