*နိဒါန်းမရှိသော နိဂုံးဆီသို့*
အရှင်တိက္ခဉာဏာလင်္ကာရ
ပထမဆုံး မေ-၂၇ ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်)ရဲ့ ၃၁-နှစ်ပြည့် မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေနဲ့ ခံစား ရေးဖွဲ့ ပူဇော်မိတဲ့ ကဗျာလေးက… “နိဒါန်းမရှိသော နိဂုံးဆီသို့”၊ တစ်နည်းအားဖြင့် “အစမရှိသော အဆုံး ဆီသို့” ပေါ့။ ကဲ… ဖတ်ရှုဆင်ခြင် ဉာဏ်သက်ဝင် ကြည့်ရအောင်…။
*နိဒါန်းမရှိသော နိဂုံးဆီသို့*
ငွေစက်ငွေပေါက်၊ ငွေရည်သောက်လို့
မိုးပေါက်ကြွေကျ၊ နယုန်လမှာ
လောကကမ္ဘာ၊ ဤမြေရွာကို
ချစ်မေတ္တာလွှမ်း၊ ချစ်သဒ္ဓါဆမ်း၍
ချစ်ပန်းကိုပျိုး၊ ချစ်စိုးမိုးလေ
စိုးပါစေဟု၊ ရည်ရွယ်ပြုလျက်
“ချစ်စိုး” ဟုတွင်၊ ငါသည်ပင်လျှင်
မွေးမိခင်၏၊ ရွှေရင်မှဖွား
လူ့ပြည်လားပြီ
ဤသို့နိဒါန်း ချီခဲ့သည်။
ဤနိဒါန်းဖြင့်၊ သက်တမ်းမြင့်၍
ဆယ်ဆင့်ကျော်သော်၊ ငါလူမော်သည်
တော်တော်တန်တန်၊ လူသာမန်တို့
ရံဖန်ရကြ၊ မြင့်မြတ်လှသော
သာသနာ့နွယ်ဝင်၊ ကိုရင်ဘဝ
“တိက္ခဉာဏ”၊ ဘွဲ့တော်ခလျက်
ဘုရာ့ရှင်ချစ်၊ သားစင်စစ်သို့
ဖြစ်ဖြစ်မြောက်မြောက်၊
ဆိုက်ရောက်ခဲ့ပြီ၊ ဆိုက်ရောက်ပြီတည့်။
ထိုဘ၀ဖြင့်၊ အနေရင့်၍
နေမြင့်ဖန်များ၊ နေဖန်များသော်
ချိန်ကားကုန်ပြန်၊ ရဟန်းခံသည်
ငါသည် ဤသို့ စာကိုယ်စီ။
အေးချမ်းသပ်ရပ်၊ ရဟန်းဝတ်ဖြင့်
မချွတ်ဝိနည်း၊ ထိန်းစောင့်စည်းရင်း
စာပေကျမ်းဂန်၊ လေ့လာအံရင်း
သာသနာ့တာဝန်၊ ထမ်းကျေပွန်ရင်း
ချိန်လွန်ကုန်ခမ်း၊ စာကိုယ်လမ်းကို
လျှောက်လှမ်းညီညီ၊ လှမ်းခဲ့သည်မှာ
ဒီနေ့ဒီခါ၊ ဒီချိန်ခါဝယ်
သုံးဆယ်လွန်မြောက်၊
သုံးဆယ့်တစ်သို့ ရောက်ချေပြီ။
လှပမြင့်မြတ်၊ ဤနေ့ရက်ဝယ်
အတွေးကြွယ်ပွား၊ ငါစဉ်းစားမိ
စဉ်စားကြည့်သော်၊
သက်ရှိငါသည်၊ နိဒါန်းကိုချီ
စာကိုယ်စီလျက်၊ မညီလမ်းထက်
လမ်းလျှောက်ထွက်၍၊ ခရီးဆက်ခါ
လှမ်းနေပါသည်၊
ထိုသို့လှမ်းရင်း၊ ဖြတ်သန်းရင်းပင်
တစ်ချိန် နိဂုံးဆုံးချေမည်။
ထပ်လောင်းစဉ်းစား၊ အတွေးပွားသော်
ထိုနိဂုံး၏၊ အဆုံးသတ်မျဉ်း
ဖြောင့်ဖြောင့်စင်းအောင်၊ စွမ်းဆောင်နိုင်သူ
ကျင့်နိုင်သူမှာ၊ ငါကိုယ်တိုင်သာ
ဖြစ်တည်ပါ၍၊ ပျက်စီးခန္ဓာ
စဉ်အလာကို၊ ကောင်းစွာနှလုံး
ငါမွေ့ထုံးလျက်၊ မပျက်သုဉ်းခင်
အဆုံးဖြစ်ပျက်၊ မြင်တွေ့အပ်အောင်
ကျင့်ဆောင်ပွားများ၊ ငါကြိုးစားမည်
အစနိဒါန်း ဆုံးဖို့ရည်။
အဆုံးနိဂုံး လှစေမည်။ ။
27.05.2009 -ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ၏ ၃၁-နှစ်မြောက် မွေးနေ့ မင်္ဂလာအတွက် စပ်ဆို သီကုံး ပူဇော်ပါသည်။ ဘုန်းဘုန်း ကျန်းမာစွာဖြင့် သာသနာ့ တာဝန်တွေ စိတ်ရှိသ၍ ဆောင်ရွက်နိုင်ပါစေ ဘုရား။
လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

0 comments:
Post a Comment