* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 27, 2009

*ဘယ်လိုပျံမယ် အိုငှက်ငယ် (သို့) ကျွန်တော်ပေးသော မွေးနေ့လက်ဆောင်-၁*

ဘုန်းဘုန်း ဦးနာယကာလင်္ကာရသို့…

ကျွန်တော်နဲ့ ဘုန်းဘုန်း ဦးနာယကနဲ့က အွန်လိုင်းကနေ သိခဲ့ကြတာပါ။ အမှတ် မထင်ပါပဲ… ဘလော့လေး တစ်ခုကို ကျွန်တော် ၀င်ကြည့်ရင်း ဘလော့ လင့်မှာ ဘုန်းဘုန်းရဲ့ ဘွဲ့တော်လေးကို တွေ့မိတာနဲ့ “မနက်ဖြန်” အမည်ရ ဘုန်းဘုန်းရဲ့ ဘလော့လေးကို ၀င်ကြည့်ဖြစ် ပါတယ်… အဲဒီကနေ ဘုန်းဘုန်းရဲ့ Gmail အကောင့် ရတယ် ဆိုပါတော့…။

အဲဒီက စလို့ ဘုန်းဘုန်းနဲ့ အွန်လိုင်းမှာ နေ့တိုင်းနီးပါး ပြောဖြစ်ခဲ့ ကြပါတယ်…။ ဘုန်းဘုန်းက ရယ်စရာလေးတွေ ပြောတတ်တော့ ပိုပြီး ရင်းနှီးသွား မိပါတယ်။ နောက်ပြီး ကျွန်တော် မသိတဲ့ ပါဠိ စကားလုံးတွေ နားမလည်တဲ့ အကြောင်း အရာတွေ မေးဖြစ်ခဲ့ ပါတယ်…။ ဘုန်းဘုန်း ကလည်း မညည်းမငြူကို ဒိုင်ခံ မရှင်းတာကို ရှင်းအောင်၊ နားမလည် တာကို နားလည်အောင် ပြောပြ ဆုံးမပါတယ်။ နဂိုကတည်းက သံဃာတော်တွေ မြင်ရင် ချစ်ခင်တဲ့စိတ်၊ လေးစား ကြည်ညိုတဲ့ စိတ်တွေဟာ ဘုန်းဘုန်းနဲ့ တွေ့မှ ပိုပြီး တိုးပွားခဲ့ပါတယ်။ တစ်ခါတစ်ခါ စိတ်ညစ်စရာ လေးတွေ ရှိလာရင်လည်း ဘုန်းဘုန်းကို ရင်ဖွင့် ပြောပြလိုက်ရင် ဘုန်းဘုန်းက ဘာဖြစ်သင့်တယ်၊ ဘာလုပ် သင့်တယ် စသဖြင့် လမ်းပြ ဆုံးမပါတယ်။ ကျွန်တော်ရေးတဲ့ ဘလော့ပို့စ် တွေကိုလည်း ဘုန်းဘုန်းက အမြဲ လာအားပေး ဖတ်ရှုပြီး လိုတာလေးတွေ ပြင်ပေး ပါတယ်။

နောက်ပြီး ဘုန်းဘုန်း ဘလော့မှာ ဘုန်းဘုန်းက ပို့စ်တင်ပြီးရင် လိုအပ်တဲ့ စာလုံးပေါင်း အပြင်အဆင် လေးတွေ ကျွန်တော့်ကို ကုသိုလ် ပွားအောင် ဆိုပြီး ဘုန်းဘုန်းက ပြင်ခိုင်းပါတယ်။ စသဖြင့်ပေါ့ဗျာ.. အဲလို ဘုန်းဘုန်းနဲ့ ရင်းနှီးလာ လိုက်တာ တစ်နေ့ ဘုန်းဘုန်းက သူ မြန်မာပြည်ကို ခဏပြန် မယ်ဆိုတဲ့ အကြောင်း၊ နှစ်လကျော် လောက် ကြာမယ့် အကြောင်း ပြောတော့ ပုထုဇဉ်ပီပီ စိတ်ထဲ ၀မ်းနည်းသလို ဖြစ်သွားတယ်။ ဘုန်းဘုန်းနဲ့ မတွေ့ရတော့ဘူး၊ စကား မပြောရ တော့ဘူး ဆိုပြီး…။ သေချာ စဉ်းစားကြည့်တော့ ဆိုင်တော့ မဆိုင်ပါဘူး။ လက်ရှိ ဘုန်းဘုန်း သီတင်းသုံး တာက ကျွန်တော်နေတဲ့ နေရာနဲ့ဆို ရေခြားမြေခြား အဝေးကြီး၊ မြန်မာပြည်ကမှ ရေမခြား မြေပဲ ခြားသေး။

ဒါပေမယ့်လည်း ၀မ်းနည်းတဲ့ စိတ်ကို မထိန်းနိုင်တာနဲ့ ဒီစိတ်ကလေး ပြေရာပြေကြောင်း ကဗျာတစ်ပုဒ် ရေးစပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် နားထောင်ခဲ့ဖူးတဲ့၊ ကြိုက်နှစ်သက်ခဲ့တဲ့၊ တရား သဘောနဲ့ ယှဉ်ပြီး အတွေး ကြွယ်စေခဲ့တဲ့ “ဒီတောင်ကို ကျော်ကာ ပျံသန်းလေသော ငှက်ငယ်ရယ်… ဘယ်ဆီကို ရည်ရွယ် ပျံသန်းလေသလဲ ပြောကွယ်…” အစချီတဲ့ သီချင်းလေးကို သတိရမိတာနဲ့ ကဗျာ ခေါင်းစဉ်လေးကို “ပျံရစ်လေဦး ငှက်ငယ်ရယ်” လို့ ပေးဖြစ် ခဲ့ပါတယ်။

*ပျံရစ်လေဦး ငှက်ငယ်ရယ်*

အတောင်စုံလို့
လေဟုန်ကိုခွင်း
အားမာန်တင်း၍
အသိုက်ကိုချန်
ဝေးလံဌာနေ
ပျံရှာလေသော အိုငှက်ငယ်…။

ဝေးရပ်ဆီမှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ကျန်ရစ်မိဘ
မောင်နှမသားချင်း
ဆွေသားရင်းကို
လွမ်းနေပြီလား ဆွေးနေလား။

ချိန်တန်တော့လည်း
သင်ချန်ခဲ့တဲ့
သင့်မွေးရပ်ဆီ
အသိုက်ဆီကို
ပြန်ကာနားမယ့် အိုငှက်ငယ်…။

သင့်သန္တာန်မှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ဝေးရပ်ဆီက
ကျန်ရစ်မိတ်ဆွေ
ပေါင်းဖော်တွေကို
လွမ်းနေပြီလား ဆွေးနေလား။

တွေ့မိဆုံမိ
ရင်းနှီးမိသည့်
ပြန်ချိန်မတန်
တော်တန်ရာမှာ
စံပျော်နေရစ်
ကျန်ရစ်ဦးမယ့်
အကျွန်ငှက်ငယ်
နှုတ်ဆက်စကား
မပြောကြားလိုပါဘူးလေ…။

သို့ပေမယ့်လည်း
အများပြောတဲ့
တရားသဘောလေးကိုပဲ
စကားချောအောင် စာကိုစီ
ကာရံညီညီ နှုတ်ဆက်ရရင်တော့
ကျန်ရစ်သူရင်မှာ လွမ်းပေမယ့်
အသံဟစ်ဆူကာလေ မတမ်းချင်ပါဘု
ပြန်ရစ်လေဦး
အော်…
ပျံပါလေဦး ငှက်ငယ်ရယ်…။ ။ ဆိုပြီး ကျွန်တော် ရေးဖြစ်ခဲ့တာပါ။

အခုလို ငါးလပိုင်း ၂၈-ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်းရဲ့ မွေးနေ့ရောက်ခါ နီးတော့ ဒီကဗျာလေးကို ကျွန်တော် ပြန်ပြီး သတိရမိတယ်။ အတွေး လေးတွေ ကြွယ်နေမိတယ်။ စရေးတုန်း ကတော့ ဘာရယ် မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်ရာ ချရေးလိုက်တာ။

အမိမြေကို ခွဲခွါပြီး တိုင်းတစ်ပါးမှာ သာသနာ လာပြုတဲ့ ဘုန်းဘုန်း အနေနဲ့ အခုလက်ရှိ ရောက်နေတဲ့ ဒေသမှာ ပျော်နေပြီလား၊ ပျော်နိုင်သလား၊ ဒါမှမဟုတ် အမိမြေက မိဘဆွေမျိုး မောင်နှမသားချင်း မိတ်ဆွေ သူငယ်ချင်း တွေကို လွမ်းနေ ဆွေးနေလား…

နောက် ခုလို သာသနာ ပြုနေရင်းက အမိမြေကို တစ်ခေါက် ပြန်ရဦးမယ့် ဘုန်းဘုန်း အနေနဲ့ စိတ်ထဲမှာ မိဘ ဆွေမျိုးတွေနဲ့ ဆရာသမား တွေနဲ့ တွေ့ရတော့မယ် ဆိုတော့ ပျော်နေပြီလား၊ ပျော်နိုင်သလား၊ အဲလိုမှ မဟုတ်လည်း ခုလက်ရှိ သာသနာ ပြုနေတဲ့ ဒေသက မိတ်ဆွေ အပေါင်း အဖော်တွေကို လွမ်းနေပြီလား၊ ဆွေးနေသလား… ပေါ့။

တဆက်တည်းမှာပဲ အမိမြေကို ပြန်ခါနီးတဲ့ ဘုန်းဘုန်းရဲ့ စိတ်ထဲမှာ ပျော်သည် ဖြစ်စေ၊ ၀မ်းနည်းသည် ဖြစ်စေ၊ ဘုန်းဘုန်းနဲ့ တွေ့ကြုံ ရင်းနှီးခွင့် ရခဲ့တဲ့၊ အမိမြေကို ပြန်ချိန် မတန်သေးလို့ တော်ရာမှာ ကျန်ရစ်ခဲ့ရမယ့် ကျွန်တော့် အနေနဲ့တော့ နှုတ်ဆက်စကား မပြောလိုကြောင်း၊ သို့ပေမယ့်လည်း ၀မ်းနည်း လွမ်းဆွတ်တဲ့ စိတ်ကြောင့် နှုတ်ဆက်စကား ပြောကြား မိရင်လည်း အော်ဟစ် တမ်းတ မနှုတ်ဆက် ချင်ကြောင်း၊ ဒီကဗျာ လေးနဲ့သာ အသံတိတ် နှုတ်ဆက် လိုကြောင်း စသဖြင့် ရေးထားခဲ့တာပါ။

ခုမှ ကျွန်တော် ဒီကဗျာလေးကို ပြန်လည်း တွေးတော ကြည့်တော့ လူတိုင်း၊ သတ္တ၀ါ တိုင်းကတော့ ခရီးတစ်ခု ဆီကို ဦးတည်လို့ ပျံသန်း နေရတာ ပါလား၊ ကိုယ့်လမ်း ကိုယ်ဖောက်ရင်း ကိုယ့်လမ်း ကိုယ်လျှောက် နေပါလား… အဲလို အရင်ဆုံး သွားတွေးမိတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော့် အလျောက်၊ ဘုန်းဘုန်း ဆိုလည်း ဘုန်းဘုန်း အလျောက် ကိုယ့်အလုပ် ကိုယ်လုပ်ရင်း၊ ကိုယ့်သမိုင်း ကိုယ်ရေးရင်း၊ လောကဓံတွေကို ရင်ဆိုင်ရင်း၊ အခက်အခဲတွေကို အံတုရင်း ခရီးတစ်ခု ဆီကို ချီတက်နေကြတာပါ။ ကျန်တဲ့ သူတွေလည်း ဒီလိုပါပဲ…။

အဲ.. အဲဒီမှာ ကျွန်တော် ဆက်တွေး မိတာက ဒီလို ပျံသန်းနေတဲ့ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး နားခိုရာက ဘာလဲ… ကိုယ့်လမ်းကိုယ် လျှောက်နေတဲ့ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး ပန်းတိုင်က ဘာပါလဲ… အဲလိုလေး ပြန်တွေးမိ ပြန်မေးမိ လိုက်တယ်။

ဒီအမေးကို အဖြေရှာ ကြည့်တော့ ခု ကျွန်တော်တို့ လက်ရှိ လုပ်နေတဲ့ အလုပ်က နောက်ဆုံး တစ်နေ့ ကျွန်တော်တို့ မနေရလို့ သေကြတဲ့ အခါမှာ ကျွန်တော်တို့ နားခိုမယ့် နေရာ၊ ကျွန်တော်တို့ ရောက်ရှိမယ့် ပန်းတိုင်းရဲ့ အစိတ် အပိုင်းတွေ ပါလားလို့ သွားမြင်မိတယ်။ လက်ရှိ အလုပ်ကောင်းရင် လမ်း ကောင်းကောင်း လျှောက်ရင် နားခိုရာ နေရာ ကောင်းကောင်းကို ဖြောင့်ဖြောင့် တန်းတန်း ရောက်မယ်၊ အဲလိုမှ မဟုတ်.. လမ်းကို ကောင်းကောင်း မလျှောက်၊ လက်ရှိ အလုပ်ကို ကောင်းကောင်း မလုပ်ရင်တော့၊ နောက်ဆုံး ကျွန်တော်တို့ နားခိုရမယ့် နေရာ၊ ကျွန်တော်တို့ ရောက်ရှိမယ့် ပန်းတိုင်ဟာ ကောင်းမှာ မဟုတ်ဘူးလို့ သတိထားမိတယ်။

နောက်တစ်ချက်… လမ်းတော့ လျှောက်ပါရဲ့… လမ်းကြောင်း ကလည်း ဖြောင့်ပါရဲ့၊ ဒါပေမယ့်လည်း လမ်းမှာ အနားယူ တာတွေ များနေရင်၊ ၀ီရိယ မစိုက်ရင်၊ ဇွဲမရှိ ပြန်ရင်လည်း ဒီ ကိုယ်ပျံသန်း မှုရဲ့ အဆုံးမှာ နားခိုမယ့်နေရာ၊ ကိုယ် လျှောက်လှမ်း နေတဲ့ လမ်းကြောင်းရဲ့ အဆုံးမှာ တည်ရှိတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ ရာလည်း ကြန့်ကြာ နေမယ်၊ နှောင့်နှေးနေမယ် ဆိုတာလေးပါ ထပ်လောင်း သွားတွေ့မိပြန်တယ်။

အဲသလို ဒီကဗျာလေးကို ပြန်ဖတ်ရင်း… ကျွန်တော်လေ

၁) ငါဘယ်ဆီကို ပျံသန်း နေတာလဲ…
၂) ငါဖောက်တဲ့လမ်းမှာ ငါပျံသန်းရတာ ပျော်ရဲ့လား…
၃) လမ်းကော ဖြောင့်ရဲ့လား…
၎) ကောင်းကောင်းမွန်မွန်ကော ပျံသန်း လျှောက်လှမ်းရဲ့လား…
၅) ၀ီရိယမရှိ အားမစိုက်ဘဲ လမ်းမှာ ဟိုဝင်ဒီဝင် ခိုနားတာတွေ များနေလား… လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း…

++++++++++++++++++++++

28.05.2009 ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးနာယက၏ သက်တော် ၃၂-နှစ်ပြည့် မွေးနေ့ မင်္ဂလာအတွက် ရေးစပ် ပူဇော်ပါသည်။ ရေးတာကတော့ ဘုန်းဘုန်းကို ပဓာနထားပြီး ရေးရမှာပါ။ ဒါပေမယ့်လည်း ဘုန်းဘုန်းတို့က သိပြီးသားတွေ ဆိုတော့ ဖိုးသား ကိုယ့်ကိုယ်ကို ဦးတည် ဆင်ခြင်ရင်းပဲ ရေးသား ပူဇော်လိုက်ပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

5/27/2009, WED:, 12:57:04 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP