ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၃)
ဗုဒ္ဓဘာသာနှင့် ၃၇-မင်းနတ်များ။
ဗုဒ္ဓဘာသာဝင် အမည်ခံတော်တော်များများ ၃၇-မင်းနတ်ကို ကိုးကွယ်ကြသည်။ ယခုအခါ ဆရာတော်ဘုရားများ နယ်လှည့်ကြွရောက်၍ အမှန်တရား၊ လက်တွေ့သာဓကများ ပြ၍၊ အမုန်းခံ၍ သတ္တဝါများကောင်းကျိုးနဲ့ ထေရဝါဒသာသနာကို သန့်စင်အောင်၊ သန့်ရှင်းအောင် ခြေချွတ်တော်မူနေ၍သာ ထိုထိုသူအများ နားလည်စ ပြုလာကြ၏။ လိုက်နာကျင့်သုံးလာကြ၏။
ကျောင်းအမကြီး ဝိဿာခါ၊ အနာထပိဏ်သူဌေးတို့ နိမ္မာနရတိနတ်ပြည်၊ တာဝတိံသာနတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ်၌ အထက်တန်းစား နတ်မင်းကြီးများ၊ နတ်မိဖုရားကြီးများ အဖြစ်စံစားနေရသည်ဟု ဖတ်မှတ်ဖူးပါသည်။ ၎င်းတို့သည် လူပြည်သို့ လာလေ့မရှိပါ။ ယူဇနာပေါ်င်းများစွာကပင် လူတို့၏အနံ့ ဆိုးများက လှိုင်၍နေသည်ဟု ဆိုကြသည်။ ဘုရား၊ ရဟန္တာအရိယာ သူတော်ကောင်းတို့၏ သီလရနံ့များ ကြောင့်သာ တစ်ခါတစ်ရံ လာရောက်နိုင်ကြသည်။ ယခုခေတ်လူများသည် ၎င်းတို့နတ်ကောင်း၊နတ်မြတ်များကို အဆင့်မမီနိုင်ကြပေ။
လူရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်။ လူတို့ကလည်း သူခိုး၊ ဓါးပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေရခြင်းသာ ဖြစ်၍ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်းပေးဝေ သင့်ပါသည်။
ဆွမ်းသွပ်ခြင်း။
လူ့ဘဝမှ လူတစ်ယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနှစ်ရက်လည်လျှင် ဆွမ်းသွပ်(သပိတ်သွပ်) ကြပါသည်။ လူ့ဘဝမှ ကွယ်လွန်သွားသူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိက (ခေါ်) လူ့ဘဝက အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မျိုး) ပြိတ္တာမျိုး ဖြစ်နေလျှင် ၎င်းအားရည်ညွှန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်။သာဓုခေါ်လျှင် ၎င်းတို့ကိုယ်တိုင် ကုသိုလ်ပြုရသကဲ့သို့ ကောင်းကျိုးကိုခံစားနိုင်ပါသည်။
ဗုဒ္ဓဘာသာတို့သည် ကုသိုလ်၊ အကုသိုလ်ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များ တက်သည်။ သို့ဖြစ်၍ သေပြီးနောက် သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍ လည်းကောင်း၊ ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍လည်းကောင်း၊ ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍ လည်းကောင်း အရပ်ထုံးစံအားလျော်စွာ လှူဒါန်းအမျှပေးဝေမှု ပြုကြလေ့ရှိပါသည်။ တစ်ချိန်ချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရနိုင်ပါသည်။ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် (ဆွမ်းသွတ်သည်) ဟု ဝေါဟာရပြုထားကြောင်း ဗဟုသုတအနေဖြင့် ထပ်လောင်းတင်ပြလိုက်ပါသည်။
အမေကိုကျွေး၊ ဘုရားကိုလှူ။
တချို့ပြောကြသည်မှာ “ ဘုရားကို ဆွမ်းကပ်တာတက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီး ကုသိုလ်မရဘူးလားတဲ့၊ အမေက လက်ငင်းစားရတယ် ” ဟူ၍ဖြစ်ပါသည်။
လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကို လှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာ တစ်လောကလုံး၏ ထုံးထမ်းစဉ်လာဖြစ်ပါသည်။ အမိ၊အဖ၊ ဆရာသမားတို့မှာလည်း မိမိ၏စားဦး၊သောက်ဦးကို ပေးလှူရမည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။ အဆင့်အတန်းအားလျှော်စွာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနောက်မှ ပေးလှူရမြဲ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျီးခွေးစသော တိရစ္ဆာန်များထက် လူဖုန်တောင်းယာစကာများကို ဦးစွာပေးကျွေးသင့်ပါသည်။ ထို့ထက် လူသူတော်စင်များ၊ မိဘ၊ ဆရာသမားများနှင့် ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။
ရေသပ္ပါယ်ခြင်း။
ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပါယ်ကြသူများမှာ အချိန်အခါဟူ၍ မရှိပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ၊ အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။ တကယ်ရေသပ္ပါယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလို။ ကိုယ်အိမ်ရှိ၊ ဘုရားရုပ်ပွားတော်၊ (ကြေးဆင်းတု၊ ကျောက်ဆင်းတု) ကို နွေလအခါ ပူသောအချိန်တွင် ကျောင်းဆောင်မှပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အဝတ်သန့်သန့်၊ ရေသန့်သန့် ဖြင့် သင့်လျှော်ရာနေရမှ လောင်း၍ ရိုသေလေးစားစွာ ရေသပ္ပါယ်ကုသိုလ် ယူသင့်ပါသည်။
သင်္ကြန်အခါ နှစ်သစ်ကူးအခါတို့တွင် ကျောင်းကန်၊ ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား၊မ မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပါယ်ကြသည်ကို တွေ့ရ၊ကြုံရလေ့ ရှိပါသည်။ အချို့ရေအေးအေးတွင် အမွှေးနံ့သာများ ထည့်၍ ရေသပ္ပါယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပါယ်သင့်ပါသည်။
အသက်တစ်ထောင့်သုံးဆယ်။
လူ့သက်တမ်း တစ်ရာခေတ်၌ အသက် ၁၀၃၀ နှစ်ရှိသည်ဆိုသော ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် ဆရာတော်ကြီးများ ပေါ်ပေါ်က်နေသည်ဟု ကြားသိကြပါသည်။
သက်တမ်းတစ်ရာတမ်းတွင် အလွန်ကုသိုလ်ကောင်းပါမှ အသက်တစ်ရာထက် အနည်းငယ်သာ ပို၍ နေရကြောင်း၊ မည်မျှကုသိုလ်ကောင်းသည်ဖြစ်စေ အသက်နှစ်ရာအထိ မနေရကြောင်း ဘုရားဟောတော်မူချက် ရှိနေသည်။ “ဒုတိယံ ဝဿသတံ အပတွာ ဝီသာယ ဝါ၊ တိံ သာယဝါ၊ စတ္တာလီသာယဝါ၊ ပညာသာယဝါ၊ သဋ္ဌိယာဝါ၊ ဝေဿဟိ အဓိကမ္ပိ ဝဿ သတန္တိ အတ္ထော၊ သဗ္ဗမ္ပိဟေတံ၊ ဒုတိယံ ဝဿသတံ အပတ္တတ္တာ အပ္ပန္တိဝုတ္တံ ” (အဘိဋ္ဌ၂-၅၀၃) အသက်အရှည်နိုင်ဆုံး တစ်ရာ့ခြောက်ဆယ်သာ ဖြစ်နိုင်သည်။ မြတ်စွာဘုရား လက်ထက်က အရှင်ဗာကုလ မထေရ်သည် သက်တော် ၁၆၀ ရှည်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဤလူ့သက်တမ်း တစ်ရာခေတ်တွင် အသက်တစ်ထောင်ကျော် ရှည်သူမရှိနိုင်ကြောင်း၊ အသက်နှစ်ရာ ထိရှည်သူပင် မရှိကြောင်း မှတ်သားသင့်ပါသည်။
(ဘာသာရေးပြဿနာများ) ဘန္ဒန္တတိလောကသာရ

0 comments:
Post a Comment