ကိုယ်က သူ့ပတ်ဝန်းကျင်
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ်နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲ့ဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ်နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲ့ဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
တို့နိုင်ငံက ဗုဒ္ဓဘာသာဝင်တိုင်း (အချို့တစ်ခြားဘာသာဝင်များအပါအ၀င်) အားလုံး ကြားဖူး နာဖူး၊ ဖတ်ဖူးမှတ်ဖူးကြတဲ့ လင်္ကာလေး ဖြစ်ပါတယ်။ တစ်ကြိမ်ဖတ်မိရုံနဲ့ မှတ်မိနိုင်တဲ့ လင်္ကာလေးဖြစ်တာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ ဖတ်လိုက်တိုင်း စိတ်ထဲမှာ တစ်ခုခုခံစားရသလိုလည်း ဖြစ်မိပါ တယ်။
အရင်တစ်နေ့က နေရာရဲ့အကြောင်းကို အကျဉ်းမျှပြောခဲ့ပါတယ်။ နေရာတစ်ခုရဲ့တန်ဖိုး၊ နေရာယူတတ်ခြင်းရဲ့တန်ဖိုး၊ နေရာနှင့် ထိုက်တန်သူရဲ့တန်ဖိုး စသဖြင့် နေရာနှင့် ပတ်သက်၍ တွေးစရာတွေ စဉ်းစားစရာတွေများလှပါတယ်။ ကိုယ်ကဒီနေရာမှာ ရောက်နေလိုက်တဲ့ အတွက်ကြောင့် တစ်ပါးသူအနှောက်အယှက် မဖြစ်စေလိုပါ။ ကိုယ့်ကြောင့် သူမှာ ထိခိုက်နစ်နာသွားလျှင် မကောင်းပေ။ သို့သော် တစ်ခါတစ်ရံလည်း သူကောင်းစားရေးအတွက် သူ့နေရာကို ကိုကရောက်အောင် သွားနေပေးရတာမျိုးရှိတတ်ပါတယ်။ သူထိုင်တဲ့နေရာမှထိုင် သူ့ကိုဆုံးမရတာမျိုးပေါ့။ ဥပမာ။ ။အာဠာဝက ဘီလူးကြီးရဲ့ ဗိမာန်ကိုသွားပြီး ချေချွတ်ရတဲ့အခါမျိုးပေါ့။ ဘီလူးအတွက်ကတော့ မြတ်စွာဘုရားရှင်က သူ့နေရာမှာဝင် ရောက် သီတင်းသုံးနေတာကို မည်သို့မျှ စိတ်ချမ်းသာလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူ့အကျိုးစီးပွားအတွက် သီတင်းသုံးပေးရတာပါပဲ။
တစ်ခါတစ်ရံ ကောသဗ္မီမှာ သံဃာတွေဆုံးမလို့မရတော့တဲ့အခါမျိုး သံဃာ့ပရိတ်သတ်အ လယ်မှာ မနေတော့ပဲ တစ်ပါး တည်း ဧကစာရီတောရဆောက်တည်ပြီး ကျင့်သုံးသင့်က ကျင့်သုံးနေထိုင်တော်မူပါတယ်။ ပြောမရတဲ့သူတွေကြားထဲ သွားနေတော့လည်း အလကားပါပဲ။ တစ်ချို့သူတွေက လုံးဝပြောလို့ဆိုလို့မရပါဘူးဆိုတဲ့အရာကို မရမက ဆုံးမချင်နေ တော့တာမျိုးလည်း တွေ့ရတတ်ပါတယ်။ နေရာကိုမသိတာလို့ပဲ ပြောရမှာပေါ့။ နေရာသိပြီး နေရာယူတတ်ရင် စိတ်ချမ်း သာပါတယ်။ နေရာယူတတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာပါ။ အခုလည်း နတ်သားက နေရာတစ်ခုကို ယူပြီးနေပါပြီ။ သူနေ တဲ့နေရာက အပြစ်ခြောက်ပါးလွတ်တဲ့အရပ်။ နေရာယူမှန်လိုက်တာ ဖြစ်ခြင်းကြောင့် ကိုယ့်မှာလည်း စိတ်ချမ်းသာရသလို သူ့မှာလည်း အနှောက်အယှက်မဖြစ်တော့ပါ။ ကိုယ်က သူ့ရဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်သွားတယ်လို့ ဆိုရမှာပေါ့။
နတ်သားမြတ်စွာဘုရားရှင်ကို မေးလိုသောပြဿနာကို လျှောက်ထားလိုက်ပါတယ်။ ဒီနေရာမှာ မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ကျွန်တော်မှတ်သားဖူးတာ ရှိပါသေးတယ်။ အဲ့ဒါတွေက တစ်ချို့သောသူတွေက ထုံထိုင်းတွေဝေနေခြင်းကြောင့် မေးခြင်း၊ တစ်ချို့က လူတစ်ဖက် သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာသောစိတ်ထားဖြင့် မေးခြင်း၊ အချို့က မာနတရားဖြင့် သူတစ်ပါးအား မထိလေစား ပြုလိုသောကြောင့် မေးခြင်း၊ တစ်ချို့ကြပြန်တော့ မိမိကိုယ်တိုင် သိလိုသော ကြောင့်မေးခြင်းနှင့် နောက်ဆုံးတစ်ဦးကတော့ သူတစ်ပါး မသိသောအရာကို မှန်ကန်တိကျစွာ သိစေရန်ဖြေကြားလို သောကြောင့် မေးခြင်းဆိုပြီးတော့ ဖြစ်ပါတယ်။
အခုနတ်သားမေးသည့် ပုံကတော့ ကိုယ်တိုင်သိလို၍လည်းကောင်း၊ မိမိသိထားသော အမှန်တရားကို အခြားသူတို့အား ဖြန့်ဖြူးလို၍လည်းကောင်း မေးခြင်းမျိုးသာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကတော့ သူတစ်ပါးမသိ သောအရာကို မှန်ကန်တိကျစွာ သိစေရန်ဖြေကြားလို သောကြောင့် မေးမြန်းခြင်းမျိုးကိုသာ ပြုတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်သည် သိစရာအားလုံးကို အကြွင်းမဲ့သိပြီးဖြစ် တော်မူသောကြောင့် တစ်ပါးသူအား သိစေလိုသော အတွက်ကြောင့် သာမေးခြင်းမျိုး ဖြစ်ပါတယ်။ ထိုသို့သော မေးခွန်းမျိုးမှလွဲ၍ တစ်ပါးသော တစ်ခြားသော မေးခွန်းများသည် ကောင်းမွန်သော မေးနည်းမျိုးများ မဟုတ်တန်ရာ။
ဉာဏ်ပညာကြီးရင့်ခြင်း၏ အကြောင်းတစ်ရပ်တွင် မေးမြန်းခြင်းသည်လည်း တစ်ရပ်ပါဝင် ပါတယ်။ ဘာသာရေးနှင့် ပတ်သက်၍ အချို့က အလွန်တရာ ကုတ်ကပ်၍ မေးတတ်ကြ ပါတယ်။ တစ်ချို့တော့လည်း မသင့်လျော်သော မေးခွန်းများကို မေးမြန်းတတ်ကြပါတယ်။ ဉာဏ်မမီ၍ မေးသောမေးခွန်းထက် တစ်ခါတစ်ရံ အတွေးခေါင်၍မေးသော မေးခွန်းများလည်း ရှိသေး၏။ ထို့်ကြောင့် မေးခွန်းမေးမည်ဆိုသည့်အခါတိုင်း မိမိမေးခွန်းကို ကိုယ်တိုင် ဆန်းစစ်သင့်လှပေသည်။ သင့်တော်၏ မသင့်တော်၏ဆိုတာလောက်တော့ ကိုယ်တိုင်သိရပါမယ်။ ဖြေတဲ့သူကို နှိပ်စက်ကလူပြုလိုသော အမေးမျိုးကို ရှောင်ရှား သင့်လှပေသည်။ စိတ်ဆိုး စိတ်ယုတ်ဖြင့် မေးမြန်းခြင်းမျိုး မဖြစ်စေရန် သတိတရားရှေ့ထားကာ ပြုပြင်သင့်ပေ၏။ သို့မှသာ ဉာဏ်ပညာကြီးရင့်ခြင်း၏ အကြောင်းတစ်ရပ် ဖြစ်ပေတော့မည်။ ဤသို့ နေထိုင်ကျင့်သုံးခြင်းသည်ပင်လျှင် မိမိသည် တစ်ပါးသူ၏ ကောင်းသော ပတ်ဝန်းကျင် (တနည်း) ပတ်ဝန်းကျင်ကောင်းဖြစ်နေပေသည်။
နတ်သားကလျှောက်ထားသည်မှာ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား နတ်တို့သည်လည်းကောင်း၊ လူတို့ သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်တော့တကုန်သည်ဖြစ်၍ စီးပွားချမ်းသာ၏ အကြောင်းဖြစ် ကုန်သော မင်္ဂလာ တရားတော်ကို ၁၂ နှစ်ပတ်လုံး ကြံကြပါကုန်၏။ သို့သော်လည်း မင်္ဂလာအစစ်ကို မသိခဲ့ကြပါဘုရား။ မြတ်လှစွာသော ထိုမင်္ဂလာတရားတော်ကို ဟောကြားတော်မူပါဘုရားလို့ လျှောက်ထားခဲ့ပါတယ်။ ဒီနေရာမှာ ၁၂ နှစ်တိုင် ကြံစည်ကြတယ်ဆိုတာက ထိုင်ပြီးတွေး တောနေတာမျိုးမဟုတ်ပဲ လမ်းဆုံလမ်းခွတွေမှာ လူတွေစုပြီး သူ့မင်္ဂလာကအမှန်၊ ငါ့ မင်္ဂလာကအမှန်ရယ်လို့ ငြင်းခုန်နေကြတာပါလို့ ကြားဖူးပါတယ်။
လုံးဝ မသိသူရော၊ လုံးဝ သိပြီးသားသူရော မငြင်းခုန်ကြ။ ၀ါးတားတားလူများသာ ငြင်းကြကုန်၏ဟု ကြားဖူးပါတယ်။ တစ်ချို့ကလည်း ငြင်းရခုန်ရတာကို အင်မတန် ၀ါသနာထုံကြတယ်ထင်ပ။ မြတ်စွာဘုရားရှင်ကတော့
ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထို မသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်း နိုင်ကုန်၏။ ဟုမိန့်ကြားတော်မူခဲ့ပါတယ်။ ငြင်းရခုန်ရတာ၊ ကုတ်ကပ်ပြောရတာကို ၀ါသနာထုံသော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီ၊ ညီမလေးများ သတိထားစရာ အချက်များပဲ ဖြစ်ပါတယ်။ ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ငြင်းခုန်တတ်သူများကို လူအများက လိုလားနှစ်သက်ကြမည်မဟုတ်ပေ။ ငြင်းခုန်ခြင်းဖြင့် အကျိုးမရှိ၊ အမှန်သိလိုက အဖြေရှာသည့် ညှိနှိုင်းမှုမျိုးသာ ဖြစ်သင့်ပေသည်။ အငြင်းပွားခြင်းသည် ခိုက်ရန်ဖြစ်ပွားမှု၏ လမ်းစ၊ ချစ်ခင်မှုတို့ တိမ်ကောရာမြေ၊ သူယုတ်တို့မွေးဖွားရာနယ်မြေ ဖြစ်တယ်ဆိုရင် မှားမည်မထင်။ သို့ပါသောကြောင့် အငြင်းမပွာပဲနဲ့ ချစ်ခြင်းတ ရားများဖြစ်ပေါ်ဖို့ရာ ပညာရှိကိုရှာ၊ ပြဿနာကိုဖြေရှင်း မှန်သည့်အဆိုအား လက်ခံဖို့ရာ မငြင်းပါပဲ မကောင်းတဲ့အယူအား စွန့်လွှတ်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ ဒါသည်လည်း ကျင့်သုံးသင့်သော တရားပင်ဖြစ်ပါသည်။ သို့မှသာလျှင် မိမိသည် လည်း တစ်ပါးသူ၏ ပတ်ဝန်းကျင်ကောင်း ဖြစ်မည့်အရေး မျှော်တွေးတင်ပြ ဆွေးနွေးလိုက်ရပါသည်။
အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း၊ စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။

0 comments:
Post a Comment