* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 8, 2009

ရဟန်းတော်များ တန်ခိုးပြပါသည်…

ရဟန်းတော်များ တန်ခိုးပြပါသည်…

kkkရေ ယခုမှသာတန်ခိုးကို လူတွေနှစ်သက်တာ မဟုတ်ပါ ရှေးယခင်ကလည်း နှစ်သက်ခဲ့ဘူးကြပါတယ်။
ကေဝဋ္ဋပုဏ္ဏားဆိုရင် သုံးကြိမ်တိုင်တိုင် မြတ်စွာဘုရားကို တန်ခိုးပြသောရဟန်း ခန့်ထားဖို့ထိ တောင်းဆိုခဲ့ပါတယ်။ မြတ်စွာဘုရာကလည်း သုံကြိမ်တိုင်ပယ်ခဲ့တယ်။ အများ နှစ်သက်နေကြတဲ့ တန်ခိုးကို ပြခြင်းဟာ ကောင်းကျိုးထက် မကောင်းကျိုးကို မြင်၍ တားမြစ်ခဲ့ခြင်းဖြစ်ပါတယ်။

သူတစ်ပါးတွေ ကောင်းကျိုးချမ်းသာဖြစ်ပေါ်နိုင်တဲ့ အခါမျိုးမှာတော့ မြတ်စွာဘုရားနဲ့ တချို့ပုဂ္ဂိုလ်များ တန်ခိုးပြခဲ့ကြပါတယ်။

တန်ခိုးကို ပါဋိဟာရိယလို့ခေါ်ပါတယ်၊ အံ့သြဖွယ်သောအဖြစ်တဲ့။
ဒီလို အံ့သြဖွယ်က သုံးမျိုးရှိတယ်။

၁။ ဣဒ္ဓိပါဋိဟာရိယ
၂။ အာဒေသနာပါဋိဟာရိယ
၃။ အနုသာသနီပါဋိဟာရိယတို့ဖြစ်ပါတယ်။

၁။ ဣဒ္ဓိပါဋိဟာရိယဆိုတာက မြေရှိုးမိုးပျံ အစရှိသည် အမျိုးမျိုးကိုခေါ်ပါတယ်။
၂။ အာဒေသနာပါဋိဟာရိယဆိုတာက သူတစ်ပါး၏ စိတ်အကြံအစည်ကို အတတ်ဟောခြင်းဖြစ်ပါတယ်။
၃။ အနုသာသနီပါဋိဟာရိယဆိုတာက သီလ သမာဓိ ပညာ အစရှိသည်တို့ဖြင့် ဆုံးမခြင်းကို ခေါ်ဆိုပါတယ်။
ဒါ့ကြောင့် ရဟန်းတော်များ တန်ခိုးပြာဋိဟာကိုပြပါတယ်၊ ဘယ်လိုပြာဋိဟာလည်းဆိုရင်တော့ နံပါတ်သုံး ဆုံးမခြင်း ပြာဋိဟာကို အမြဲပြပါတယ်။ ခုလည်း ဘုန်းကြီးက မြတ်စွာဘုရား၏ ဆင်းရဲငြိမ်းကြောင်း တရားကောင်းများကို တင်ပြပေးနေတဲ့အတွက် တန်ခိုးပြာဋိဟာကို ပြနေခြင်းသာဖြစ်ပါတယ်။
အကျယ်ကိုတော့ သုတ်သီလက္ခန် ကေဝဋ္ဋသုတ်မှာလေ့လာရပါ့မယ်။

အရှင် ပိဏ္ဍောလဘာရဒွါဇ မထရ်က ရာဇဂြိုလ်သူဌေးရဲ့ စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်တဲ့ ၀ါးလုံးထိပ်မှာ ချိတ်ထားပြီး တန်ခိုးနဲ့ပျံလို့ ယူနိုင်ရင်လှူမယ် ပစ္စည်းလေးပါး ဒကာခံမယ်ဆိုပြီး ကြွေးကျော်နေချိန် တိတ္ထိတွေကလည်း ကောင်းကင်ပျံပြီး မယူနိုင် ရဟန်းတော်များကလည်း သွားမယူ၊ ဒီအချိန်မှာ အရက်သမားများရဲ့ ပါးစပ်သရမ်းမှုကြောင့် အရှင်မဟာမောဂ္ဂလာန်က အရှင်ပိဏ္ဍောလဘာရဒွါဇကို ငါ့ရှင် အရက်သမားတွေကတော့ သံဃာတော်နဲ့ သာသနာကိုစော်ကားနေပြီ ငါ့ရှင် သပတ်ကိုသွားယူပေတော့ ဆိုပြီးခွင့်ပြုတဲံအခါ တန်ခိုးပြပြီး သပိတ်ကိုယူလာခဲ့တယ်။
ဒီအကြောင်းအရာကို မြတ်စွာဘုရားသိပြီးနောက် အရှင် ပိဏ္ဍောလဘာရဒွါဇကို ကဲ့ရဲ့တော်မူပြီး တန်ခိုးမပြရ ပြသောရဟန်း ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး သိက္ခာပုဒ်ကို ပစ်ညတ်တော်မူခဲ့ပါတယ်။ အကျယ်ကိုတော့ မဟာဗုဒ္ဓ၀င် တတိယတွဲမှာ ကြည့်ပါမယ်။

ရဟန်းလို့ဆိုပေမဲ့ မြတ်စွာဘုရား၏ တပည့်သားများဖြစ်ကြတဲ့ ဘိက္ခု၊ သာမဏေ၊ ဒီလို ကိစ္စမှာ အတူတူပဲလို့ သဘောပေါက်ကြရပါ့မယ်။

အချို့ မယုံကြည်တဲ့ သူတွေ အတွက် ယုံကြည်သက်ဝင်လာအောင် ရဟန္တာဖြစ်ကြောင်း သက်သေမပြသင့် ဘူးလား ဆိုခဲ့သော်… မြတ်စွာဘုရားသက်ရှိထင်ရှား တွေ့ကြရတဲ့သူတချို့တောင် ဘုရားမှန်း လက်မခံ တပည့်မခံ သေကြောင်းကြံ ရှိသေးတာဆိုတော့ကာ ဘုန်းကြီးအနေနဲ့တော့ မထင်ဘူး၊

လုပ်ခြင်းလုပ်ရင်တော့ ပုပ္ပါးက အောင်ငွေကို တန်ခိုးပြခိုင်းရမယ်၊ အဲဒီဒကာကတော့ အံ့သြစရာ အလွန်ကောင်းတာပဲ။ အောင်ငွေဆိုတာက စကားမပြောတတ်ဘူး၊ ဒါဘေမဲ့ ဘုန်းကြီးရှေ့မှာတင် ဒကာလေးတစ်ယောက်ကိုပြောတယ်၊ အရှင်ဘုရားကတော့လုပ်တော့မယ် ခုနကတော့ စကားမပြောတတ်ဘူး၊ ခုတော့ ဒကာလေးတစ်ယောက်ကို စကားပြောတယ် မလုပ်နဲ့ဦး၊ သူက ဝူးဝူးဝါးဝါး အမူအရာနဲ့ပြောတာ ဘုန်းကြီးကတော့နားမလယ်ဘူး သူလိုလဲမပြောတတ်ဘူးနော်၊ သူ့ဦးလေးက ဘေးနားကနေပြီး ဘာသာပြန်ပေးတယ်။ မင်းရဲ့ ဘိုက်ထဲမှာ သူများလုပ်ထားတာ အလုံးတွေရှိတယ် ထုတ်မလားဆိုတော့ ဒီဒကာလေးကလည်း မယုံဘူး၊ ထုတ်ရင်နာမှာလားဆိုတော့၊ မနာပါဘူးတဲ့။ မနာရင်ထုတ်ပြဆိုတော့ ဘိုက်ပေါ်မှာ ရေနဲနဲစွတ်ပြီး ဘိုက်ကိုပွတ်နေတယ်၊ တစ်မိနစ်လောက်ကြာတော့ ပုပ်စော်နံလာပြီးနောက် သူ့လက်နဲ့ အူတွေကို စွဲထုတ်ပြတယ်။ ဘိုက်လဲအပေါက်မရှိဘူး။ ကိုယ်မျက်စိရှေ့တင်ဆိုတော့လည်း မယုံရခက် ယုံရခက်၊ ပြီးတော့ အူတွေထဲကနေပြီး အလုံးလေးတွေထွက်လာတယ် ငါးလုံးတောင်။ နောက်ထပ်ပြတာတွေအများကြီးပဲ မပြောတော့ပါဘူး။

နောက်မှ လေ့လာကြည့်တော့ ရုပ်ကစိုးနတ်ကို ခိုင်းစားနေတာလို့ ဆိုတာပဲ။

ပြောခြင်တာကတော့ လူတွေဟာတန်ခိုးဆို အလွန်ကြိုက် ရဟန်းတစ်ပါး ကောင်းကင်မှာပျံတယ်ဟေ့ ဆိုရင် မော့ကြည့်ကြတာပဲ မြင်လဲ မမြင်ရဘဲနဲ့။ ပြီးရင်ရှောက်ပြောဦးမယ် ကိုယ်တိုင်ပဲ မြင်လိုက်ရသလိုလို။ ဒီလိုနဲ့ လိမ်တဲ့လူတွေကလဲများလာရော။
ဒီလောက်ဆို မေးထားတာ ပြေလောက်မယ်ထင်တာဘဲ တတ်လွန်းလို့ဖြေတာတော့ မဟုတ်ပါဘူး သိချင်ပါတယ်ဆိုလို့ ဘုန်းကြီးမှန်တယ် ထင်တာတွေ ရေးတာပါ၊ တကယ်လို့ မှားခဲ့ရင်လဲ ပယ်နိုင်ပါတယ်။

အားလုံး စိတ်ချမ်းသာကြပါစေ… ဒုက္ခဆင်းရဲကင်းဝေးကြပါစေ…။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP