စည်းနှစ်ဘက် အကြား
“ကျနော်တို့  လူသားတွေ အားလုံးဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ အားလုံးရဲ့ စိတ် ထဲမှာ အဲဒီငြိမ်းချမ်းခြင်းဆိုတဲ့ အရာကို လိုလားတဲ့စိတ်နဲ့ ကိစ္စအရာရာကို တုန့် ပြန် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ သည်အရာကို ရရှိဖို့  လူသားအဆက်ဆက် ဖြေရှင်းခဲ့ကြ ပါတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လည်း ကြိုးပမ်းခဲ့ကြတယ်။ အဲသည်အရာဟာ လူသားတိုင်း လူသားတိုင်းရဲ့ နှလုံးသားထဲ၊ ဦးနှောက်ထဲ၊ မသိစိတ်ထဲ၊ အသိစိတ်ထဲ ဆန္ဒပုန်းတွေထဲမှာ ကိန်းဝပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်။ ကျနော်တို့  နေ့ စဉ် ရုန်းကန်မှုတွေ အားလုံးဟာ ဆိုရင် သည်ငြိမ်းချမ်းစွာ အသက်ရှင်လိုခြင်းပါပဲ။
ငြိမ်းအေးမှုအတွက် ရက်စက်ကြတယ်။ ကြမ်းရမ်းကြတယ်။ နူးညံ့ပြတယ်။ အဲသည်အရာ အတွက် စနစ်တကျ မှားယွင်းကြတယ်။ စနစ်တကျ ဖွဲ့ စည်းကြတယ်။ အဲသည်အရာ အတွက် ကူညီရတယ်။ ပံ့ပိုးကြတယ်။ ပေးဆပ်ပြတယ်။ အနစ်အနာ ခံကြည့်ကြပါသေးတယ်။
ဒါပေမယ့်လည်း ဘယ်လိုနည်းလမ်းတွေကိုဘဲသုံးသုံး၊ ဆန့် ကျင်ဘက်ရလဒ် တွေကိုပဲ ရရှိပြီး ငြိမ်းအေးမှုရဲ့ ဝေးရာဆီသာ ရောက်နေကြတယ်။ ဆင်းရဲမှုကိုသာ ခံစားရပါတယ်။ ဆင်းရဲမှုတွေကို ဖြေရှင်းဖို့  တွန်းခွာနေရင်းက ဆင်းရဲစရားတွေနဲ့  ညားနေပါတယ်။
ဒါဆိုရင် သည်ဆင်းရဲမှုတွေကို ဘယ်လိုနည်း ဘယ်လိုလမ်းနဲ့ များ ပယ်ရှင်း ငြိမ်းသက်နိုင် မလဲ။ အဲသည် ဆင်းရဲမှုတွေကို အမြစ်ကနေလှန်ပြီး ဖြေရှင်းပယ်သတ်နိုင်ရင် ကျနော်တို့  လူသားထုကြီး တောင်းတလိုလားနေတဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ ပန်းတိုင်ဆီရောက်ပါပြီ။
ဒါဟာ အဖြေပဲ။ ဆင်းရဲမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးနဲ့ မပြည့်စုံတဲ့ လူသားတွေကြားမှာ ရောင့်ရဲမှုနဲ့ သာ ရပ်တည်နေကြရတော့မှာလား။ ကျနော်တို့  တတွေဟာ လူဖြစ်တဲ့ အတွက် ဒါတွေတော့ ရှိကြရမှာဘဲလို့  သီအိုရီလုပ်ပြီး လက်လျော့ နေကြရမှာလား။ မေးချင်ပါတယ်။
ဒါဆို ကောင်းတဲ့ အရာတွေလည်း ကျနော်တို့ လုပ်ပါလျှက်၊ ကောင်းမလာဘူး။ ဆိုးတာတွေ လုပ်မိတဲ့အခါ ကျတော့လည်း ထင်သလောက်မဆိုးဘူး။ ဒီနေ့  ကျနော်တို့ ဘာတွေ လုပ်နေ မိသလဲ။ သတိမထားမိဘူး။ မနက်ဖြန်မှာ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဘယ်သူမှ အတိအကျ မပြောနိုင်။ ဒီကနေ့  ဖြစ်နေတာတွေကကော ဘာကြောင့်လဲ။ ဒါကိုလည်း မတွေးနိုင်။
လက်တွေ့ သိပ္ပံသမားက တမျိုးဖြေတယ်။ နက္ခဆရာကလည်း ဂြိုလ်လမ်းကြောင်းအရ ဆိုတယ်။ ဘာသာရေးခေါင်းဆောင်တွေကလည်း တမျိုးဟောတယ်။ ရိုးရာသမားတွေကြ ပြန်တော့ နတ်နဲ့ ကိုင်တယ်။ ဒဿနဆရာတွေက တမျိုး၊ နောင်ဘ၀ အကြောင်း ပြောသူ ကလည်း နောင်ဘ၀နဲ့  ချုပ်တယ်။
သူတို့  သူတို့ တတွေရဲ့ ပြောပုံ၊ ဟောချက်၊ တွက်ဆမှုတွေကလည်း ငြင်းရက်စရာမရှိ ဆိုတော့ နီးစပ်ရာ နီးစပ်ရာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရတာပေါ့။ ဒီတော့လည်း လူတွေ ဟာ အမြင်တွေကွဲပြား၊ အလုပ်တွေခြားနား၊ ဓလေ့တွေ ထွေပြားဖြစ်ကုန်ကြပြီး တစ်ဦးနဲ့  တစ်ဦး လူစိမ်းကားကြီးတွေ ဖြစ်လာကြတယ်။ တစ်စုနဲ့  တစ်စု ရန်သူတွေဖြစ်ကြရတဲ့ အထိ ပါပဲ။ ငြိမ်းချမ်းခြင်းနဲ့  ဝေးတဲ့အပြင် ဆင်းရဲမှုတွေ ပိုကြီးကြရတယ်။
အဲသည်လို အဆင်မပြေမှု အမျိုးမျိုးကို ခံစားရင်း ဖြေရှင်းနေရတာ များလာတော့ ကျနော် တို့ ရဲ့ မူလလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းလိုမှုကို မေ့နေပြီ။ လက်ငင်းရင်ဆိုင်နေကြရတဲ့ ပြဿနာရဲ့ အခက်အခဲကိုသာ ကျွတ်ဖို့ လွတ်ဖို့  အားစိုက်နေရပါတယ်။
အခုလို လက်စမသတ်နိုင်တဲ့ အဆင်မပြေ ဆင်းရဲမှုတွေနဲ့  မပြတ်တမ်း ရင်ဆိုဖြေရှင်း လာခဲ့ကြတာတောင် ကျနော်တို့ အတွက်သင်ခန်းစာက ၀ လုံးကနေ တက်မလားဘူး။ ဘယ်ပြဿနာမဆို ခေါင်းခဲစရာ ချည်းဘဲ။ အသစ် အသစ်တွေဟာ အခက် အခက် ပိုလာသလိုပါဘဲ။
ကျနော်တို့ ဟာ ဆင်းရဲစရာအမျိုးမျိုး အဖုံဖုံတွေ ၀ိုင်းအုံဝန်းရံခံနေရတဲ့ကြားက နေ့  စဉ် အချိန်တိုင်း ရှင်းလင်းနေတဲ့ အခါမှာ နည်းလမ်းသစ်တွေနဲ့  အဲဒီဆင်းရဲမှုရဲ့ အားနည်းချက် ကို တွေ့ ရှိမလာဘဲ ခံနိုင်ရည်နဲ့  ကျင့်သားတွေပဲ ရလာကြတယ်။ ဘ၀ ဆိုတဲ့ စကားလုံးနဲ့  လူ ဆိုတဲ့ စကားလုံးနောက်မှာ “ လူ့ ဘ၀ဆိုတာ သည်လိုပဲ” လို့ တောင်ဖြေသိမ့်တဲ့ ပုံသေနည်းသစ်တွေ လုပ်လာကြတယ်။ နောက်ထပ် လူ့ ဘ၀ မဖြစ်တော့ဖို့ ၊ ဒါမှမဟုတ် လူ ထက်သာတယ်ထင်ရတဲ့ အရာတစ်ခုဖြစ်ဖို့  ဆိုတဲ့ အထိ ထွက်ပေါက်တစ်ခုကို မျက်စိမှိတ် ဖန်တီး ယုံကြည်ထားတယ်။
အခုလို ဆင်းရဲမှု အသီးသီးရဲ့ လှည့်လည် လည်ပတ်မှုကို လူသားက ဧည့်ခံပေးနေရတယ်။ ဧည့်သည်က လာပါများ နေပါများတော့ အိမ်ရှင်လိုဖြစ်လာပြီး ကျနော်တို့  လူသားက ဆင်းရဲမှု ဆိုတဲ့ အတုံးအခဲကြီး ဖြစ်လာတယ်။ ကျနော်တို့  လိုလားနေတဲ့ ငြိမ်းချမ်းခြင်းက မရသင့် မရထိုက်တဲ့ အနူလက်နဲ့  ရွှေခွက် ဖြစ်ရတော့မှာလား။
ကျနော်တို့  မမြင်ဖူး၊ မခံစားဖူးသော အရာနှင့် မပြောပြတတ်သော အရာကို ပြောကြည့်ပါ ဆိုရင် အဲသည်အရာဟာ ကျနော်တို့  တောင်းတ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းခြင်းပါပဲ။ ကျနော် တို့ ကလည်း လူမှန်းသိတတ်တဲ့ အရွယ်ကတည်းက ဆင်းရဲမှုကို လက်ခံဖြေရှင်းပြီး ငြိမ်းချမ်းမှုကို လိုချင်ခဲ့တာ မဟုတ်လား။ ဘယ်လိုဖြစ်ရင်တော့ ဘယ်လောက်ရရင်တော့ ငြိမ်းအေးမယ် ထင်တာပဲ။ ထင်တဲ့ အတိုင်းလည်း လုပ်ပါရဲ့။ သို့ သော်မငြိမ်းဘူး။ ဘယ်လို ဖြစ်ဦးမှ ဘယ်အထိရောက်မှ ငြိမ်းရတော့မယ်လို့  ထင်ပြန်တယ်။ ဒါကို မဖြစ်ဖြစ်အောင် ကြိုးပမ်း အားထုတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ ငြိမ်းချမ်းသလိုရှိပါတယ်။ အဲဒါသာ ငြိမ်းရတာပါ။ နောက်ထပ် ဆင်းရဲမှု အသစ်တစ်စုံ ပူးတွဲ လာပြန်ပါတယ်။ ဘေးထွက် ဆိုးကျိုးမရှိတဲ့ ငြိမ်းချမ်းခြင်းကို မရသေးပါဘူး။
အခုလို ဆင်းရဲခြင်းတွေက အလှည့်တကျ ကျနော်တို့ ဆီ ခညောင်းနေတာ ဘာကြောင့်လဲ။ ဒီမေးခွန်းကို မေးမိဖို့ အထိ ကျနော်တို့ အသိတွေဟာ ကန်းနေပါတယ်။ ဆင်းရဲခြင်းကြောင့် အသိတရားတွေဟာ ကန်းရသလို အသိကန်းလို့  ဆင်းရဲစရာ ပြန်ဖြစ်ရပြန်ပါတယ်။ ဥပမာ- ဆင်းရဲစရာကို ဖြစ်စေတဲ့ ဆင်းရဲခြင်း ဘိန်းပင်ကို ပယ်ဖျောက်ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဘယ်လို ဖျက်ဆီး ပစ်လိုက်သလဲဆိုရင် စိတ်ရှိလက်ရှိကို ဆွဲနှုတ်ပြီး လွှင့်ပစ်လိုက်တာ ဘိန်းသီးထဲက အစေ့တွေ ပြန့် ကြဲလွင့်စင်ပြီး မျိုးကြဲမိရက်သား ဖြစ်သွားတာ အပင် ပြန်ပေါက်လာတော့မှ မိုးပေါ်က အလိုလိုကြလာတယ် ထင်ရတယ်။
ဒါဆို ကျနော်တို့ အဖြေကိုချဉ်းကပ်လာတာ နီးစပ်လာပါပြီ။ အဖြေကရှင်းပါတယ်။ ဆင်းရဲမှု ဖြစ်ရတာဟာ ဆင်းရဲမှု ဖြစ်စေရာ ဖြစ်စေကြောင်းပါဘဲ။ ဒါအလွယ်လေးပဲ။ ဆင်းရဲ ဖြစ်စေရာ ဖြစ်စေကြောင်းကို ကျနော်တို့  တတွေအားလုံးသိပြီးသားပဲ။ ခလေးတွေတောင် သိတယ်။ အယုတ်စွဆုံး ခွေး၊ ကြောင်တွေတောင်သိတယ်။ သိလို့ သာလျှင် မဆင်းရဲ ရအောင် ဆင်းရဲမယ်လို့  ထင်ရတဲ့ အရာတွေမှန်သမျှ ကာကွယ်ကြပါသေးတယ်။
ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ကို တွေ့ တိုင်း ကန်လိုက်၊ မောင်းလိုက် လုပ်နေကြည့် ဒီသတ္တ၀ါ နောက်တွေ့ တိုင်း ပြေးနေတော့မှာပဲ။ လစ်ရင် ပြန်တိုက်ခိုက်ဖို့  ချောင်းဦးမှာပါ။
ဆင်းရဲခြင်း ဖြစ်စေရာ ဖြစ်စေကြောင်းတွေကို ကျနော်တို့  သိပြီး ကာကွယ်မှု တုန့် ပြန်မှု တွေလည်း လုပ်နေပါရက်က ဘာဖြစ်လို့ များ ငြိမ်းချမ်းမှုကို မရသလဲ။ မေးစရာ ဖြစ်ရပြန်ပါ ပြီ။ ဒီနေရာမှာ ဆင်းရဲခြင်း အကြောင်းကြောင့် ဆင်းရဲမှု အကျိုး ဖြစ်ပေါ်ကျရောက်တယ် ဆိုပြီး ဆင်းရဲခြင်း အကြောင်းကို ဖြေရှင်းတုန့် ပြန်လိုက်တာ ဆင်းရဲမှု အကျိုးဆက် ဘာကြောင့် ပေါ်ပေါက်လာသေးလဲ။ ဆင်းရဲမှုတွေ ဘာကြောင့် မကုန်ခမ်းနိုင်တာလဲ မေးရင်။ ဆင်းရဲခြင်းအကြောင်းအစစ် အမှန်ကို မပယ်သတ်မိတာကြောင့် ဆင်းရဲမှု ရှိနေပါ သေးတယ်။ လို့ ၊ ဖြေရပါလိမ့်မယ်။

0 comments:
Post a Comment