*ဘုရားအထက် ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား...*
မထူးပေမယ့် ခြားနားခြင်း
(ဆရာတော် ဦးကေလာသ- အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)
ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာ အဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ် ဆိုရင် ယောက်ျားတွေ တက်လည်း ငရဲကြီးရ မှာပေါ့။ အထက် ပစ္စယံ ပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိ ကျိန်းအောင် လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာပေါ့။ အမျိုးသမီး တွေကို ရဟန်းပြုခွင့် ပေးတာ၊ ရဟန်း မိန်းမတွေ ကိုလည်း အဂ္ဂသာဝိကာ အမြတ်ဆုံး ဧတဒဂ် ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသား ရဟန္တာနဲ့ တန်းတူ လောကရဲ့ ပူဇော် အထူးကို ခံထိုက်တာ တွေဟာ ဘာသာရေးမှာ မိန်းမ ယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓ ဒေသနာအရ အယုတ်အမြတ် ဆိုတာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ်ဆိုတာ တွေနဲ့ မပတ်သက်ဘူး။ မြတ်စွာ ဘုရားဟာ သေပြီး ပုပ်ဆွေး နေပြီဖြစ်တဲ့ ပုဏ္ဏာ အမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော် မူပါတယ်။ ပိတ်စကို အလောင်းကောင် ကိုယ်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့ အနေနဲ့ ငလျင်တောင် လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ် ဆုံးလည်း ဖြစ်ပါသတဲ့။
ပုဏ္ဏာဟာ ကျွန်လည်း ဖြစ်တယ်။ မိန်းမလည်း ဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောက လုံးရဲ့ အမြတ်ဆုံး ပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ ၀ါဒီ (အရှိကို အရှိအတိုင်း မြင်တဲ့ပုဂ္ဂိုလ်) စစ်စစ်ပါ။ ဒါကို သတိပြုမိရင် အမျိုးသမီးတွေ ဘုရားငြမ်း ပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့ အကြောင်းပြချက် ရှိနိုင်ပေမယ့် “အမျိုးသမီး ရွှေတိဂုံဘုရား အထက် ပစ္စယံ ပေါ်ကို မတက်ရ” ဆိုတာမျိုး အတွက်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။
ခြားနားချက်တော့ရှိမယ်
ယောက်ျား မိန်းမလို့ ကွဲပြား နေရတာ ကိုက ခြားနားတဲ့ သဘာဝကြောင့် မဟုတ်လား။ ကမ္ဘာအေးမှာ နေတုန်းက ညနေ လမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ် အရွယ် ကောင်လေးနဲ့ ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်း ဖက်ကနေ ဘဲဥကန် ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့ သံဆန်ကာ ခြံစည်းရိုးကို ခုန်တက်ပြီး ဒီဘက်ကို လွယ်လွယ်လေး ခုန်ချနိုင်တယ်။ ကောင်မလေး ကလည်း ကောင်လေးကို တုပြီး အားကျမခံ ခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိပြီး မှောက်လျက် လဲကျတယ်။ ဂါဝန်လည်း ပြဲတယ်။
ပင်လယ်ကွေ့ စစ်ပွဲတုန်းက အမေရိကန် လေတပ်က ဗုံးကြဲ လေထီးမယ်တွေ ရန်သူ့ လက်ထဲ ရောက်သွားတော့ မိန်းမဟာ မိန်းမပဲ။ ကြောင်ထီးဟာ ပြိုင်ဖက် အခြား ကြောင်ထီး တွေနဲ့ တိုက်ခိုက်တဲ့ အခါ သူသေ ကိုယ်သေပဲ။ ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာ ကိုတော့ ဘာမှ မတုံ့ပြန်ဘူး။ ဒီသဘာဝကို မြင်နိုင်ရင် ပရမတ္ထ တရားရဲ့ အခြား တစ်ဖက်မှာ အဖိုနဲ့အမ နက်နဲတဲ့ ခြားနားချက်တွေ ရှိနေတာ သေချာတယ်။ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း ဖြစ်ဖို့ ဘယ်လောက်ပဲ အရေးဆိုစေ အားလုံး ထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး အမျိုးသား တွေရဲ့ အကျင့် စရိုက်လို ဖြစ်ကုန်ပြီ ဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွား နိုင်တယ်။ အမျိုးသမီး တစ်ယောက် လမ်းပေါ်မှာ ၀တ်လစ်စလစ် အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားက တစ်ပြိုင်နက် မိန်းမနှစ်ယောက် ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျား နှစ်ယောက် ယူတာ ဘယ်ဟာက အခြေအနေ ပိုဆိုးမလဲ။
ဒီ ခြားနားချက် တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော် မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီ လောက အထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ) တွေအတွက် သီးခြား စည်းကမ်းလေးတွေ ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်း မပြုခင် အထူး လိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်း မိန်းမတွေ သိက္ခာ ဘယ်နှဝါရရ (၀ါဘယ်လောက် ကြီးကြီး) ယနေ့ပြုတဲ့ ရဟန်း ပေါက်စကို ရှိခိုးရမယ် ဆိုတာပါတယ်။ ဒါလည်း အမျိုးသမီး တွေကို နှိမ်တဲ့ သဘောမျိုး မဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင် ယောက်ျား တွေထက် ဘ၀င်မြင့် တတ်တဲ့ အမျိုးသမီး သဘာဝ (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး မိန်းမတွေ) ကြောင့် မဂ်ဖိုလ်ကို တကယ်ရ ချင်တဲ့ အမျိုးသမီး တွေကို ဦးစွာ မာန်မာန ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ (သကျမင်းသား ခြောက်ယောက် ရဟန်းပြုစဉ်က) ဆံသလုလင် ဥပါလိကို အရင် ရဟန်းပြုခိုင်းတာ ကလည်း ကိုယ့်ရဲ့ အမျိုးမာန် ပညာမာန် ရာဇမာန် တွေကို ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့ တာပဲ။
ခြားနားတဲ့ယဉ်ကျေးမှုတွေ
သီရိလင်္ကာ ဘုန်းကြီးနဲ့ အတူ သီရိလင်္ကာ အိမ်ကို ဆွမ်းစား လိုက်သွား ဖူးတယ်။ ဆွမ်းစား ပြီးလို့ ပရိတ်ရွတ်မယ် လုပ်တော့ အိမ်ရှင် မိန်းကလေးက ဇတ်ကနဲဆို ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ ဂါဝန်က ဒူးခေါင်း ဖုံးရုံလေး။ လက်အုပ်တော့ ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။ မြန်မာ မိန်းကလေး ဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ် ဆိုမှာပေါ့။
လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ် ဆိုတဲ့ သဘောလို့ မြန်မာ ဗိန္ဓော ဆရာတွေက ယူဆတယ်။ အမေရိက မှာတော့ လူတစ်ယောက်ကို ကျန်လက်ချောင်း တွေကို စုကွေးပြီး လက်ခလယ် တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့လူ သေနတ် နဲ့တောင် ပစ်သတ် ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျား အင်္ဂါပုံကို လုပ်ပြသလို မျိုးတဲ့။
ဖိနစ်စ်မြို့ ရုက္ခဗေဒ ဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာ ကိုရီးယား အဘိုးကြီး တစ်ယောက်နဲ့ တွေ့တယ်။ ဘာသာရေး တော်တော် ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို ခြေထောက်နဲ့ ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာ ရှုထောင့်နဲ့ ကြည့်ရင် အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထား ကိုပဲ ဘုန်းကြီး ညွှန်းတာပေါ့။ အဲဒီလို ခြားနားတဲ့ ရှေးရိုး ယုံကြည် စွဲလမ်းမှု တွေကို အခြေပြုတဲ့ ကျားမ ခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ ရောထွေးသွားပြီး ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာမျိုးတွေ ဖြစ်လာပုံ ရတယ်။
ဝိနည်း မသင်ဖူးတဲ့ တောထွက် ကိုယ်တော် တစ်ပါးနဲ့ အတူ နေဖူးပါတယ်။ ဆွမ်းစား နေတုန်း အကပ်ခံ ပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့ ဘုန်းကြီးနားကို တိုးပေးရင် ငယ်ပါကို သံစူး သလောက် စိတ်ဆိုးတာပဲ။ သူက ဆရာကြီး ဆိုတော့လည်း ကြည့်နေရ တာပေါ့။ ပတ်သက်သူ ဒကာ ဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်း ဘူးလို့ပဲ နားလည် နေကြပြီ။ ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်း အစစ်လိုဖြစ်သွားနိုင်တယ်။ (“စွန့်ချပေးလု ပစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလုခံရရင်၊ ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီ ပြောင်းသွားရင် ဒီ၆-မျိုး ကြောင့်ပဲ အကပ် ပျက်တာပါ။)
ယိုးဒယားမှာ အမျိုးသမီး လက်ထဲက အလှူ ပစ္စည်းကို ဘုန်းကြီးက လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စ ရှည်လေးနဲ့ ထိပြီး ခံယူရတယ်။ ဒါပေမဲ့ ၀ိနည်း အမှန်မှာ အဲလို လုပ်စရာ မလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး ၀ိနည်းကို လေးစားပြ ရာကနေ ပြောင်းလဲ သွားတဲ့ အယူအဆ ဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီး အနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ ထိစပ်နေတဲ့ ပစ္စည်းဆို ခံယူ ကောင်းပါတယ်။)
တစ်ခုတော့ ရှိတယ်။ လေးစား လွန်းလို့ ဆရာတော် ကြီးတွေ ဘုဉ်းပေး နေတုန်း ဆွမ်းခွက်ကို ဟိုကိုင် ဒီရွှေ့ မလုပ်ဘူး၊ ဘုန်းကြီးကို ကြည်ညိုလွန်းလို့ ဒကာမ တွေက ဘုန်းကြီး လက်ထဲကို အလှူပစ္စည်းကို မထည့် ဘူးဆိုရင်တော့ ကိုယ့်သဘောပဲ။ ၀ိနည်းနဲ့တော့ မဆိုင်ဘူး။ ရတနာ သုံးပါးကို အထွတ်အမြတ် ထားလွန်း ရာကနေ တည်ရှိပြီး ရိုးရာ ယုံကြည်မှု တွေနဲ့ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ မ၀င်ရ ဆိုတဲ့အထိ ယုံကြည်မှု ပြောင်းလဲသွား ခဲ့တာလည်း ဖြစ်နိုင်တယ်။
အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်
ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ယောက်ျား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့ ငရဲ မကြီးဘူးလို့ မှတ်ဖို့ပါ။ မိန်းမ မတက်ရ ကန့်သတ်ချက်ဟာ ရိုးရာစွဲကို အခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်း ရာကနေ ပြောင်းလဲ သွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီ ဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊ မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးသား ယုံကြည် စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေ ချီပြီး ကြာနေပြီ ဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။ မိန်းမတွေ တက်လို့ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ်ဖွဲ့ ကြမှာပဲ။ ဒါကြောင့် မိန်းမတွေ တက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင် လူတွေ နားလည် လက်ခံအောင် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးရ ပါလိမ့်ဦးမယ်။
ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိက မှာတောင် အမျိုးသမီး သမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန် ပြည်တွင်း လေယာဉ် တွေကို ဘုန်းကြီးတို့ စီးရင် များသော အားဖြင့် အထူးစစ်ခန်းကို သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျား ဖြစ်လျက်နဲ့ အဲဒီလို ခွဲခြား ဆက်ဆံခံရ သေးတာပဲ။ အချိန်ကို စောင့်ပါဦး။ လူငယ် မျိုးဆက်သစ်တွေ ဂေါပက လူကြီး ဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက် ပစ္စယံမှာ အမျိုးသမီးတွေ ပုတီးစိပ်ခွင့် ရကောင်း ရပါလိမ့်မယ်။
*********************************
လေးစားစွာဖြင့်
ဖိုးသား
24.04.2009, FRI:, 06:13:51 PM

0 comments:
Post a Comment