မိုးကုတ်ဆရာတော်ဘုရားကြီး-၁၉
ဒီကလေးကို ကြည့်ထားလိုက်ကြစမ်းကွာ၊ ငါတော့ မမီတော့ဘူး
“ဟေ့….၀က်သားနဲ့ချက်တဲ့ ပဲဟင်းကို ကလေးမကျွေးပါနဲ့ကွာ…..၊ ကလေး ၀မ်းပျက် နေပါအုံးမယ်”
“၀မ်းမပျက်အောင် ဖြစ်ပျက်ရှုပီး စားမှာပေါ့”
“ဘယ်လို ဖြစ်ပျက်ရှုပြီးစားမှာလဲကွဲ့”
“စားတာလေးကို သိပြီးပျက်သွားတယ်၊ သိပြီးပျက်သွားတယ်လို့ ရှုပီး စားမယ်”
………………………………………………….
“ကဲ…..သမီး၊ ကျောင်းကို တရားနာသွားကြမယ်၊ ရှူးရှူးပေါက်လိုက်အုံး၊ ပီးတော့လာခဲ့၊ သမီးကို ဖေဖေချီမယ်”
“သမီး-သမီး မခေါ်စမ်းပါနဲ့”
“ဒါ ဖေဖေ့သမီးပဲ မဟုတ်လား၊ သမီးမို့လို့ သမီးခေါ်တာ၊ ဘာဖြစ်လဲ”
“သမီး မဟုတ်ပါဘူး၊ ရုပ်နာမ်လေးပါ၊ ရုပ်နာမ်အစုလေး- လို့ မှတ်လိုက်ပါ၊ ဘဘဘုန်းကြီးက ပြောတယ်….. အနိစ္စဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ပြောတာ၊ ဒုက္ခဆိုတာလည်း ဒီခန္ဓာကိုယ်ကြီး ပြောတာ၊ ဖြစ်ပြီး ပျက်သွားတာပဲ”
…………………………………………………
……………………………………………………..
အချိန်ကား ညနေပိုင်းကာလ။ နေရာကား စစ်ကိုင်းတံတားကြီးနှင့်မနီးမဝေးတစ်နေရာ။ မိုးကုတ်ဆရာတော်ကြီးသည် နောက်ပါဒကာတစ်ဦးနှင့်အတူ လမ်းလျှောက်ခြင်းအမှုကို အေးဆေးစွာ ပြုနေတော်မူသည်။ ဆရာတော်ကြီးသည် သက်တော်က ၆၀-နှစ်ကို အစွန်းထွက်၍သာ လာသည်- လမ်းလျှောက်ဟန်ကဖြင့် လူရွယ်တစ်ဦးပမာ သွက်လက်မြန်ဆန် နေဆဲပင်ဖြစ်သည်။ ဆရာတော်ကြီး၏ အတွေးစဉ်တွင် ရန်ကုန်အကြောင်းပါလာဟန်တူသည်၊ လမ်းလျှောက်နေရင်းမှ နောက်တော်ကပါလာသူ (ဘေးကအတူလည်း ဖြစ်နိုင်ပါသည်) ဦးစောမောင်အား “ရန်ကုန်က ဒကာ ဒကာမတွေ ငါ့ဆီအရောက်နောက်ကျသကွာ….”ဟု ရုတ်တရက် လှမ်း၍ မိန့်တော်မူလိုက်လေသည်။ ဦးစောမောင်လည်း “မှန်ပါဘုရား….ဒီတော့ လာမယ့်နှစ် အရှင်ဘုရား…..ရန်ကုန်ကို ကြွဦးမလားဘုရား…” စသည်ဖြင့် စကားခင်းလိုက်ရာ၊ “ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ” ဆိုရုံမျှသာ မိန့်ပြီး ငြိမ်သက်သွားသဖြင့် စကားအစဉ် ပြတ်သွားကြလေသည်။
…………………………………..
မိုးကုတ်ဆရာတော်ကြီးသည် ကွယ်ကာနေသော အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိဟန်တူပါသည်။ တစ်ညတွင် ဆရာတော်ကြီးသည် ထေရာသနစံကျောင်းတော် အိပ်ခန်းတွင် ဒကာများ၏ နှိပ်နယ်ပေးမှုကို ခံယူနေရင်း အဆိပ်ရှိသော သတ္တ၀ါများကို နိုင်နင်းသည်ဟု ဆိုရသူ ဦးလှဘူးအား-“မောင်လှဘူး၊ ငါ့အိပ်ခန်းတံခါးမှာ မြွေတစ်ကောင်ရှိတယ်ကွ၊ မင်းသွားဖမ်း၊ ဘေးကင်းရာကို သွားလွှတ်ချေစမ်း”ဟူ၍ စေခိုင်းလေသည်။ ဦးလှဘူးလည်း စေသည့်အတိုင်း မြွေကိုရှာရာ လုံးဝမတွေ့သဖြင့်၊ လှည့်ပတ်ရှာနေရလေသည်၊ ဆရာတော်ကြီးကား ဦးလှဘူးနှင့် ကျောပေးအနေအထားဖြစ်ပါသည်- သို့သော် ဦးလှဘူး မြွေကို ရှာမတွေ့မှန်းသိသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ မိန့်တော်မူလိုက်လေသည်“မင်းဒီမြွေမှ မမြင်ဘူးလားကွာ၊ အဲဒီ တံခါးလက်ကိုင်ကွင်းမှာ ရှိတယ်ကွ” ။ ထိုအခါတွင်မှ လက်ကိုင်ကွင်းတွင် မာန်ဖီနေသော မြွေနီလေးကို မြင်ရတော့သည်။ (သာမန်အတွေးဖြင့် ဆိုလျှင် ထိုအဖြစ်အပျက်သည် သာမာန်ဟူ၍သာ ထင်မြင်စရာရှိပါသည်၊ သေချာဆန်းစစ်ကြည့်လျှင် အိပ်ခန်းတံခါးဟု ဆိုသဖြင့် ဆရာတော်ကြီးကို ၀တ်ဖြည့်မည့် ဒကာများအားလုံး ထိုအပေါက်မှသာ ၀င်နိုင်စရာအကြောင်းရှိသည်၊ မြွေရှိနေသော လက်ကိုင်ကွင်းသည် အတွင်းဖက်ကဖြစ်ရာ အ၀င်တွင် ပြဿနာမရှိသော်ငြား- အကယ်၍ မြွေသာ စောစီးစွာကတည်းက ရှိနေသည်ဆိုက တံခါးပြန်အပိတ်တွင် မြွေကိုက်ခံကြရပေလိမ့်မည်၊ ထို့ကြောင့် မြွေသည် ပြီးမှ ရောက်လာသည်ဟုမှတ်ရပေမည်၊ တံခါးတစ်နေရာထဲတွင် လှည့်ပတ်ရှာနေသော်လည်း မတွေ့ဟု ဆိုရာ မြွေမှာ အလွန်သေးငယ်သောကြောင့်သာ ဖြစ်ရမည်၊ တဖန် မြွေရှိနေကြောင်း ရုတ်တရက် မိန့်လိုက်စဉ်ကလည်း ဆရာတော်ကြီးမှာ မြွေရှိရာနှင့် ကျောပေးလျက်ဖြစ်သဖြင့်၊ စေ့စေ့တွေးလေမှ သူတော်ကောင်း၏ အမှုမဲ့မနေတတ်သည့်သဘောနှင့် အမြင်ပေါက်မြောက်သည့် သဘောမှာ ထင်းထင်းကြီး ပေါ်လာပါသည်)။
………………………………………
၁၃၂၄-ခု၊ တော်သလင်းလသို့ပင် ရောက်လာခဲ့ပေပြီ။ အချိန်ကား နီးကပ်မှုတစ်ခုသို့ ဦးတည်လျက် ရှိချေသည်။ ဆရာတော်ကြီးကလည်း ယခင်ကထက်ပိုမို၍ အရိပ်အမြွက်စကားများ မိန့်ကြားလာသည်။ မင်္ဂလာတိုက်မှသည် အမရပူရမြို့တောင်ဘက် အထွက်၊ စစ်ကိုင်းဘက်သို့ အချိုးအထိ လမ်းသွယ်တစ်ခု ရှိရာ ဆရာတော်ကြီးကိုယ်တိုင် ရှေးကပြုပြင်ထားသော လမ်းသွယ်ဟု ဆိုပါသည်။ ယခုအခါ ပြန်လည် ပျက်စီးနေသဖြင့် ဆရာတော်ကြီးက ဦးဘတုပ်ကို ခေါ်၍ - “မောင်ဘတုပ်…ဒီလမ်းကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် ထပ်ပြင်ကွာ၊ ဂရုစိုက်ပြီး မြန်မြန် ပြီးအောင်လုပ်၊ ငါ…………….မြင်သွားချင်တယ်” ဟု မိန့်ရာ၊ ဦးဘတုပ်၏ ရင်ထဲတွင် သြော်…….ဒို့ဆရာတော်ကြီး ၀ါကျွတ်ရင် ရန်ကုန်ကြွမို့ ဒီလို မိန့်တယ် ထင်ပါရဲ့ဟူ၍သာ အောက်မေ့မိလေသည်။ မိုးကုတ်ဆရာတော်ကြီးသည် မည်သည့်အခါတွင်မျှ ရိပ်သာအတွင်းရှိ အဆောက်အအုံတို့ကို လှည့်လည် ကြည့်ရှုလေ့ မရှိပါ၊ အဆောက်အအုံနှင့် ပက်သက်၍လည်း ကြောင့်ကြစွာ မိန့်တော်မူဖူးသည်လည်း မရှိပါ။ ယခုအခါတွင်ကား မန္တလေးမှ ဦးကျော်သိန်းကို အခေါ်ခိုင်း၍- ဦးကျော်သိန်း ရောက်သော်- ရိပ်သာအတွင်းရှိ အဆောက်အအုံများကို အတူတကွ လျှောက်ကြည့်ကြရအောင်ဟု လောဆော်လေသည်။ ဆောက်လက်စတို့ကို ကြည့်ရင်း- “လုပ်ငန်းကိစ္စတွေ အမြန်ပြီးအောင် လုပ်ပစေကွာ၊ ငါကြည့်သွားချင်တယ်” ဟူ၍ ထူးထူးခြားခြား မိန့်တော်မူသည်။ လှည့်ပတ်ကြည့်ရှုပြီး ဓမ္မာရုံကြီးပေါ်သို့ ပြန်အရောက်တွင်လည်း ဒုတိယအကြိမ်- “ငါ ကြည့်သွားချင်တယ်…” ဟူ၍သာ ထပ်မံမိန့်ကြားနေပြန်ပါသည်။ မိန့်နေသော စကားအသွားအလာကြောင့် ဦးကျော်သိန်းမှာ ဆရာတော့်ကို အကဲခတ်ကြည့်ရာ ရုပ်လက္ခဏာတို့ လန်းဆန်းကြည်လင်နေသည်ကိုသာ တွေ့နေရသည်။ ဦးကျော်သိန်း၏စိတ်တွင် ဝေခွဲမရ ဖြစ်နေမိသည်။ ၁၃၂၄-ခု သီတင်းကျွတ်လဆန်းပိုင်းတွင် ဦးကျော်သိန်းသည် စားသောက်ဆောင်နှင့် ဘုရားကျောင်းဆောင်- တို့ကို ဆောက်လှူရန်အတွက် စီစဉ်နေလေသည်။ လက်သမားတို့မှာ သစ်များကို တိုင်းထွာဖြတ်တောက်နေချိန်၊ ဦးကျော်သိန်းနှင့် လက်သမားဆရာကြီးတို့ ဘုရားစင်အတွက် စီစဉ်နေချိန်တွင် ဆရာတော်ကြီး မကြွစဖူး ကြွလာပြီး-“မောင်ကျော်သိန်း၊ မင်း……ဒီအဆောက်အအုံအတွက် ဆက်မလုပ်နဲ့ဦး၊ ဒီသစ်သားတွေ ငါ့အတွက် အသုံးချစရာ ဖြစ်လာမယ်” ဟု မိန့်တော်မူရာ၊ ဦးကျော်သိန်းခမျာ ရင်တွင်း၌ ဆို့နင့်စွာ ခံစားလိုက်ရလေသည်။

0 comments:
Post a Comment