သင်္ဂါယနာတင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာ
သင်္ဂါယနာဆိုသည်မှာ (သံ+ဂါယနာ၊ သံ=စုပေါင်း၍၊ ဂါယနာ=ရွက်ဆိုခြင်း) အားလုံး စုပေါင်း၍ ရွက်ဆိုကြခြင်း ကိုဆိုလိုပါသည်။
-ပထမသင်္ဂါယနာကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီး(၇) ရက်အကြာ၌ အာတုမရွာသား ဆတ္တာသည်မျိုး သုဘဒ္ဒါတောထွက် ရဟန်းကြီးတစ်ပါးက မြတ်စွာ ဘုရားရှင်အား ထိပါးစော်ကားစွာ ပြောဆိုသည်ကို ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ကြားတော်မူသည်။ ထို့ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီး (၄) လအကြာမြန်မာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ)တွင်ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းလက်ထက်၌ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း (၅၀၀)နှင့်အတူ နှုတ်တိုက်ရွက်ဆို၍ ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
- ဒုတိယသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၁၀၀ (၄၄၄ဘီစီ)တွင်ရဟန်းအချို့ငွေအလှူခံမှုကြောင့် ဝေသာလီပြည် ကာလာသောကမင်း လက်ထက်၌ ရှင်မဟာယသ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း (၇၀၀)နှင့် နှုတ်တိုက်ရွက်ဆိုပြီး သင်္ဂါယနာတင်ခဲ့ပါသည်။
- တတိယသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၂၃၅ ခုနှစ် (၃၀၉)ဘီစီတွင် သာသနာတော်ကို တိတ္တိတို့ဝင်ရောက် နှောက်ယှက်မှုကြောင့် ပါဋ္ဋလိပုတ်ပြည် အသောက မင်းကြီးလက်ထက်၌ အရှင်မောဂ္ဂလိ ပုတ္တတိဿ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း( ၁၀၀၀)နှင့်နှုတ်တိုက်ရွက်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။
- စတုတ္ထသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ် (၉၄ဘီစီ)တွင် သီဟိုဠ်ကျွန်း ၀ဋ္ဋုဂါမဏိမင်း လက်ထက်၌ ရှင်မဟာဓမ္မရက္ခိတ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာတော်အရှင်မြတ်ကြီး (၅၀၀)ဖြင့် ပိဋ္ဋကတ်တော်များကို ပေရွက်တွင် ရေးသား၍စ တုတ္ထသင်္ဂါယနာ တင်ခဲ့ပါသည်။ ပေရွက်ပေါ်တွင် ရေးသားရခြင်းမှာ သီဟိုဠ်ကျွန်းတွင်“ဗြဟ္မဏတိဿ” သူပုန်ဘေးကြီးကြောင့် လူအများလည်းတောထဲ၌ ပုန်းအောင်းနေရသောကြောင့် ဆွမ်းဘောဇဉ်ကို မဆိုထားနဲ့ စားကောင်းစားရာ သစ်သီးသစ်ရွက်ကိုမျှ မှန်မှန် လှူနိုင်သူမရှိသဖြင့် ကျမ်းတတ်အကျော်ဆရာတော်တို့သည်အစာအဟာရကိုမျှမျှတတ မရကြသဖြင့် နှုတ်တိုက်ဆောင်ထားသော ကျမ်းဂန်များ မေ့မည်စိုးသောကြောင့် ရေစိုသောသဲပေါ်တွင် လဲလျောင်း၍ ရင်မပူအောင် ရင်ဘတ်ပေါ်တွင် သဲတင်၍ပိဋ္ဋကတ်တော်များကို ရွတ်အံသရဇ္ဇျာယ် ခဲ့ကြသည်။ နောင်အခါ ဤဘေးဆိုးမျိုး ပေါ်ပေါက်လျှင် နှုတ်တက်ဆောင်ရန် ခဲယဉ်းမည်စိုးသဖြင့် ပေရွက်ပေါ်တွင် ရေးသားခဲ့ရခြင်းဖြစ်ပါသည်။
- ပဉ္စမသင်္ဂါယနာကို ပေပုရပိုက်တို့ထက် ပိုမိုတည်တံ့ခိုင်မြဲရေး၊ မူကွဲအမျိုးမျိုး ရှိသည်ကိုစည်းလုံးညီညွတ်စွာ ရှိရေးကိုရည်ရွယ်၍ မြန်မာသက္ကရာဇ် ၂၄၁၂-၂၄၁၅ မြန်မာနိုင်ငံ မန္တလေးမြို့ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဆရာတော်ကြီး သုံးပါးနှင့် လူပုဂ္ဂိုလ် ခြောက်ဦးတို့ဦးဆောင်၍ သံဃာတော်၂၄၀၀ဖြင့် ကျောက်ပြားရေ (၇၂၉)ချပ်ပေါ်၌ ပိဋ္ဋကတ်သုံးပုံကို ရေးတင်၍ ကျောက်ထက်အက္ခရာ တင်ခဲ့ပါသည်။ ဦးဆောင်ဆရာတော်ကြီးသုံးပါးမှာ (၁)တောင်ဆောင်မိဖုရားကြီး၏ဆရာ-ဇာဂရာဘိဝံသ တိပိဋ္ဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု (၂) မြတောင်မြို့စား သေနက်ဝန်ကြီးဆရာ-နရိန္ဒာဘိဓဇသိရိ သဒ္ဓမ္မဇောတိပါလ ဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင်ဝန်တိုက် ဆရာတော်သုမင်္ဂလ သာမိသီရိပ၀ရမဏိဓဇ မဟာဓမ္မရာဇဓိရာဇဂုရု အရှင်မြတ်ကြီးများဖြစ်ပါသည်။
- ဆဋ္ဌမသင်္ဂါယနာကိုမြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် (၁၉၅၄)တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဒေါက်တာဘဦးနှင့် ၀န်ကြီးချုပ်ဦးနု အမှူးပြုသော ဒါယကာတို့၏ အထောက်အပံ့ဖြင့် ရန်ကုန်မြို့ရေကူးရပ် သိရိမင်္ဂလာကုန်းမြေအတွင်း ရာဇဂြိုဟ်ပြည်တွင် ပထမသင်္ဂါယနာတင်စဉ်က စရည်းပင်ပေါက်ရာ လိုဏ်ကြီးကိုရည်ရွယ် ဆောက်လုပ်သည့် ဆဋ္ဌသံဂီတိမဟာပါသာဏဂုဟာခေါ်-လိုဏ်ဂူတော်ကြီးတွင် ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဆဋ္ဌသံဂါယနာ သြ၀ါဒစရိယ သံဃနာယကအဖွဲ့ကြီးနှင့် ဆဋ္ဌသံဂါယနာဝန်ဆောင် သံဃာအဖွဲ့ကြီးများ၏ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တော်ရ ညောင်ရမ်းဆရာတော် ဘုရားကြီးဦးဆောင်၍ ပြည်တွင်းမှသံဃာတော်ပေါင်း ၂၄၇၃ ပါး၊ ပြည်ပမှ ၁၄၄ ပါးနှင့် မြန်မာ၊သီဟိုဠ်၊ယိုးဒယား၊ကမ္ဗောဒီးယား၊လော ငါးနိုင်ငံစုပေါင်းတည်းဖြတ်၍ စက္ကူစာအုပ်များအဖြစ်ရိုက်နှိပ်ပြီး ကမ္ဘာအရပ်ရပ်သို့ မြတ်စွာဘုရားရှင် ဟောကြားတောမူခဲ့သော တရားတော်များကို ပျံ့နှံ့စေလိုသော ရည်ရွယ်ချက်ဖြင့် ပုံနှိပ်ရိုက်ပြီး ဆဋ္ဌသင်္ဂါယနာကိုတင်ခဲ့ပါသည်။

0 comments:
Post a Comment