* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 25, 2009

မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ် ၁၀...

ရာဇန္တေပုရပ္ပဝေသနသုတ်

ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ မင်းနှင့် မိဖုရား အတူနေရာသို့ ရဟန်း ဝင်သောအခါ မိဖုရားကသော် လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား ''ဤရဟန်းနှင့် မိဖုရားတို့ သည် လွန်ကျူးပြီးသော် လည်းကောင်း၊ လွန်ကျူးလတ္တံ့သော် လည်းကောင်း မချွတ်ဖြစ်ရာ၏'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်း နန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းမည်သည်ကား များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ မိန်းမ(မိဖုရားငယ်) တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်းကြောင့် ကိုယ်ဝန် စွဲယူရာ၌ မင်းကြီးအား ''ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ နန်းတော်တွင်းသို့ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာ ပျောက် သောအခါ မင်းကြီးအား ''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ် ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ တတိယ အပြစ်တည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ လျှို့ဝှက်ထားသော တိုင်ပင်ချက် (နန်းတွင်းရေး)တို့သည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ မင်းကြီးအား ''ဤအရပ် ၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလို ရှိတတ်၏၊ ''ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် နိမ့်သော ရာထူးရှိသူကို မြင့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် မြင့်သော ရာထူး ရှိသူကို နိမ့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ် လိုက်တတ်၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုအခါမဲ့ စစ်တပ် လွှတ်ခြင်းကို မနှစ်သက်သူတို့ အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။

၉...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် လွှတ်သင့်သော အခါ၌ စစ်တပ်ကို လွှတ်လိုက်ပြီးနောက် ခရီးအကြားမှ တစ်ဖန် ပြန်လာစေတတ်၏။ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုစစ် ပြန်လာစေခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။

၁၀...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကျပ်တည်း၏။ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက် ပတ်ကုန်။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ဝင်ခြင်း၌ ဒသမ အပြစ်တည်း။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

၅ - ရာဇန္တေပုရပ္ပဝေသနသုတ်၊ အက္ကောသ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP