ဆင်းရဲသားပပျောက်ရေးတရားတော် (၂)
ဆင်းရဲသား ပပျောက်ရေး
(၀ါ)
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး
ဒီဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကို အစိုးရ စီမံကိန်း များနှင့် ဖော်ထုတ်/ အားပေးလို့ ရသလို တစ်နိုင်တစ်ပိုင် ဒေသတွင်း၊ ရပ်ရွာတွင်း၊ မိသားစု တွင်းမှာလည်း ပြုလုပ်နိုင်ပါတယ်။
ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ဆိုတာ သက်ရှိလူ့ လောက အတွက် တကယ်ပဲ အရေးအကြီးဆုံးပါပဲ။
ဆင်းရဲမွဲတေမှု မတိုက်ဖျက်နိုင်လျှင် လူတွေရဲ့ အကျင့်စာရိတ္တ ကိုလည်း ထိန်းမထားနိုင်တော့ပါဘူး။ အကျင့်စာရိတ္တတွေ ချို့ယွင်းပျက်စီးလာလျှင် အစားအသောက်၊ ကျန်းမာရေးကအစ အလုံးစုံထိခိုက်ပျက်စီးပြီး သက်တမ်းတွေပါ ထိုးကျသွားနိုင်ပါတယ်။ အေးချမ်းသာယာ ပျော်ရွှင်ဖွယ်တွေကို လူလုပ်ရင် လုပ်သလောက် ဖြစ်နိုင်တဲ့ အတွက် သုဂတိဘုံလို့ သတ်မှတ်ထားရတဲ့ လူ့လောက ၀န်းကျင်တစ်ခုလုံးဟာ ဒုဂတိဘုံ နှင့် မခြား ပူလောင်ဆူပွက်၍ လူလုပ်တဲ့ ကပ်ဘေး သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေ အနှိပ်စက်ခံရပြီး ရုန်းထွက်မရတဲ့ ဒုက္ခဘုံကြီးလို ဖြစ်သွားနိုင်ပါတယ်။
အကျင့်စာရိတ္တ ပျက်စီးလျှင် မိမိခန္ဓာကိုယ်တွင် သြဇာဓာတ်တွေ ညံ့ဖျင်းသွားသလို စာရိတ္တပျက်သူ လူအများစုဖြစ်လာလျှင် ပတ်ဝန်းကျင်မြေဆီ မြေလွှာမြေသြဇာ တွေပါ ညံ့ဖျင်းသွားတတ်ပါတယ်။ စာထဲ၌ သြဇာဓာတ်တွေ အောက်သို့ လျော့ကျသွားတတ်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်မြေဆီသြဇာဓာတ်တွေ ညံ့ဖျင်းသွားလျှင်လည်း အပင်သီးနှံများလည်း သြဇာဓာတ်ညံ့ဖျင်းသွားတတ်ပါတယ်။ သြဇာဓာတ်ညံ့ဖျင်းသော အပင်မှ အသီးအပွင့်စတာတွေ စားရလျှင် ဆိုင်ရာအာဟာရဓာတ်သတ္တိတွေကို ဆောင်ခြင်းငှာ မစွမ်းနိုင်တော့ပါဘူး ရောဂါတွေ ထူပြောလာတတ်ပါတယ်။ အာဟာရဓာတ် ညံ့ဖျင်းသည်မှအစ ရောဂါအမျိုးမျိုး အသစ်အဆန်း ပေါ်ပေါက်၍ ကျန်းမာရေးတွေပါ ထိခိုက်လာတတ်ပါတယ်။
လောကတစ်ခုလုံးရဲ့ အတက်အကျဟာလည်း လူသာပဓာန ဖြစ်နေပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စာရိတ္တမြင့်မားလျှင် တစ်လောကလုံး မြင့်နေတတ် ပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စာရိတ္တ နိမ့်ကျလျှင် တစ်လောကလုံး နိမ့်ကျနေတတ်ပါတယ်။( အများစုပြောတာပေါ့) ဆိုလိုတာက လောကကြီးတစ်ခုလုံးကိုမြင့်ရာမှ နိမ့်အောင် လူတွေလုပ်နိုင်သလို နိမ့်ရာမှ မြင့်အောင်လည်း လူတွေကပဲ လုပ်နေကြတာပါ။ ဒီတော့ လူဖြစ်နေတဲ့ မိမိတို့ရဲ့ အစွမ်းသတ္တိတွေကို လျှော့မတွက်သင့်ပါဘူး။ လူတွေရဲ့ ရဲစွမ်းသတ္တိဟာ နတ်တွေထက်တောင် မြင့်တယ်လို့ ဘုရားဟော ရှိပါတယ်။
စကြာမင်းကြီး ခုနှစ်ဆက်
မြတ်စွာဘုရားက စက္က၀တ္တိသုတ္တန် မှာ လွန်ခဲ့တဲ့ အနှစ်ရှစ်သောင်းတန်းလောက်က စကြာမင်းကြီး ခုနှစ်ဆက် ပွင့်ခဲ့ကြောင်း ဟောတော်မူခဲ့ပါတယ်။ အဖေစကြာမင်း သားစကြာမင်း ဆိုသလို စကြာမင်းချည်း ခုနှစ်ဆက် ပွင့်ခဲ့တာပါ၊ ခုနှစ်ဆက်မြောက် စကြာမင်းကြိးရဲ့ သားတော်ကြီး လက်ထက်ရောက်တော့ အဖြစ်ဆိုးနှင့် ကြုံကြရတော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ၊ စကြာမင်းကြီးက သားကြီးရတနာကို နန်းအပ်ပြီး တောထွက် ရသေ့ ၀တ်လို့ ခုနှစ်ရက်မြောက်တဲ့ နေ့မှာ စကြာရတနာ ကြီး ကွယ်ပျောက်သွားပါတယ်။ ဒါကတော့ ထုံးစံပါ။ စကြာမင်းကြီးတွေ နတ်ရွာစံ လို့ ခုနစ်ရက်မြောက်တဲ့ အခါမှာ ဖြစ်စေ တောထွက် ရသေ့ ရဟန်းဝတ်လို့ ခုနစ်ရက်မြောက်တဲ့ အခါမှာ ဖြစ်စေ စကြာရတနာဟာ အလို အလျောက် ကွယ်ပျောက်သွားမြဲဖြစ်ပါတယ်။ စကြာရတနာ ဆိုတာ စကြာမင်း ကြီးတွေရဲ့ ဘုန်းကံကြောင့် ဖြစ်လာတဲ့ ရတနာ အတိပြီးတဲ့ လှည်းဘီး ကြီးလို ဟာမျိုးပါ။ စကြာရတနာကြီး ဆိုက်ရောက်လာလို့ ကောင်းကင်သို့ ကြွတက်ပြီး စတင်လည်ပတ်သည် နှင့် တစ်ပြိုင်နက် စကြာမင်းဖြစ်ပြီလို့ ဆုံးဖြတ်ကြရတာပါ။

0 comments:
Post a Comment