တရားထိုင်ခြင်းရဲ့ ကောင်းကျိုးဆိုတာ
ညီလေးရေ
တရားထိုင်ဖို့ ညီ့ကို အစ်ကို စည်းရုံးလာခဲ့တာ ကြာပြီ။ ညီလေး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ရှောင်ပြေးနေတုန်းပဲ။
တရားအားထုတ်တာ လူငယ်တွေနဲ့ မဆိုင်ဘူးလို့ ညီလေးက ဆင်ခြေပေးတယ်။ အစ်ကိုနဲ့ ညီလေး အသက်ချင်း ဒီလောက် မကွာတော့ ငါ့ညီပဲ ထာဝရ ငယ်နေတာလား အစ်ကို ဘာပြောရမှန်း မသိတော့ဘူး။
တရားထိုင်ရင် လူ့ဘဝမှာ မကြီးပွားဘဲ နေလိမ့်မယ်လို့ ညီလေးက ပြောပြန်တယ်။ တရားကို ပုံမှန်အားထုတ်ရင်း ဘဝမှာ အောင်မြင်မှုတွေ ရနေကြတဲ့ တက္ကသိုလ် ဆရာဆရာမကြီးတွေ၊ ပညာရှင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ဦးစီးခေါင်းဆောင်တွေ၊ စာတော်တဲ့ ကျောင်းသားတွေကို အစ်ကို ထောက်ပြတော့ ညီလေး ရှက်ရယ် ရယ်ပြန်ရော။ အစ်ကို့ ညီညီမတွေထဲမှာ ပညာရေး အားအနည်းဆုံး၊ အလုပ်အကိုင် မတိုးတက်သေးဆုံးလူကို ပြောပါဆိုလို့ အားမနာတမ်း ပြောရရင် တရားထိုင်ရင် မကြီးပွားဘဲ နေမယ်လို့ ပြောတဲ့ အငယ်ဆုံးညီလေး ဖြစ်နေတာကိုး။
မြတ်စွာဘုရားရဲ့ တရားဓမ္မဆိုတာ အစ်ကို သိလာတဲ့ အချိန်မှာ မင်းအစ်မတွေကို အစ်ကို ရိပ်သာ ပို့ပေးခဲ့တယ်။ တရားအရသာလဲ သိသွားရော ခွင့်ရတဲ့ ရုံးပိတ်ရက်တွေဆို သူတို့ကစပြီး ရိပ်သာ ဝင်ပါရစေ တောင်းဆိုလာကြပြီ။ အစ်ကို ဘာမှ မပြောရသေးခင်ကို အိမ်မှာ ဆွမ်းခံကိုယ်တော်တွေ လိုလိုချင်ချင် ပင့်လိုက်ကြပြီ။ သူတို့ဘဝတွေ ဘာမအောင်မြင်တာ ရှိလဲ ညီလေး။ မင်းအစ်မလတ်လဲ တရားနေ့စဉ်ထိုင်ရင်း သူလိုချင်တဲ့ မဟာဝိဇ္ဖာဘွဲ့ရော၊ အမ်ပီအေရော ရသွားပြီ။ မင်းအစ်မငယ်လဲ သူ့ဆိုင်ကို အစက ရှုံးပြီးရင်း ရှုံးလို့ အစ်ကို အရင်း ထပ်ထည့်ပေးရင်း ထည့်နေရတာ အခု ကြီးပွားပြီး အမြတ်တွေ တက်သထက် တက်လာပြီ။
အစက မင်းအစ်မငယ်ဟာ မင်းလိုပဲ ငယ်သူတို့ဘာဝ စိတ်အလို လိုက်ချင်တယ်၊ အပျော်အပါး မက်တယ်။ ဘဝနောင်ရေးကို အစ်ကိုနဲ့အစ်မလက်ထဲ အပ်ပြီး ကိုယ့်ရှေ့ရေးကိုယ် မစဉ်းစားဘဲ ပျော်ပျော် နေချင်တယ်။ သူ့အတွက် ထောင်ပေးတဲ့ ဆိုင်ကိုတောင် ဘွဲ့ရပြီးစ စိတ်မလေအောင် နာမည်ပြ အလုပ်တစ်ခု လုပ်နေရသလို သဘောထားတာ။ ရင့်ကျက်လာတာ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ အကျင့် ရလာတာ တရားနဲ့ တွေ့ပြီးမှပါ။ ဒါတောင် သူက အမြဲတမ်း ပုံမှန်အားထုတ်ဖြစ်သူ စာရင်းထဲ မပါသေးဘူးနော်။ ရိပ်သာသွားရင်တောင် တရားထိုင်ဖို့ထက် ဝေယျာဝစ္စ လုပ်ဖို့ပဲ ပိုအားသန်တယ်။
ဒါပေမယ့် ပိုက်ဆံရရင် အရင်လို အလှအပ ပစ္စည်းတွေ သုံးမကုန်အောင် အလျှံပယ် ဝယ်တတ်တဲ့အကျင့်ကနေ လှူချင် တန်းချင်စိတ်ကလေး အစားဝင်လာတာ၊ သူ့ဆိုင်ကို ဝန်ထမ်းနဲ့ ပစ်ပြီး ရုပ်ရှင်ရုံသွားလိုက်၊ ကာရာအိုကေသွားလိုက် လုပ်နေလို့ အစ်ကို တဟဲ့ဟဲ့ ပြောနေရရာကနေ အလုပ်ချိန်တန်အလုပ်၊ အပျော်ချိန်တန် အပျော် ကန့်သတ်နိုင်တဲ့အထိ စိတ်ကို နိုင်နင်းလာတာ သူ ကကြီးရေက လောက်ပဲ လုပ်နိုင်သေးတဲ့ တရားရဲ့ ကျေးဇူးတွေပေါ့ ညီလေး။
ညီလေးရေ။
ညီလေးကို တိုးတက်စေချင်လို့၊ ကြီးပွားစေချင်လို့ အစ်ကို တရားအားထုတ်စေချင်တာပါ။ စိတ်ကို နိုင်နင်းဆောက်တည်နိုင်စေချင်တယ်။ ဘဝရဲ့ အခက်အခဲတွေ လောကဓံတွေကို ကြုံတိုင်း လဲပြိုသွားတတ်တဲ့၊ အရက်နဲ့ ရက်တော်တော်ကြာ ထွက်ပေါက်ရှာတတ်တဲ့ ညီလေးကို လောကဓံကို ခံနိုင်တဲ့ ဆေး အစ်ကို ရစေချင်တယ်။
ညီလေးကို ချစ်လို့ ဘာလောကဓံ အဆိုးတရားမှ ငါ့ညီဆီ မလာပါစေနဲ့လို့ အစ်ကို ဆုတောင်းပေးလို့ မရပါဘူး။ လောကဓံတွေနဲ့ တွေ့ရင် ကြံ့ကြံ့ခံနိုင်မယ့် တရားဆေးကိုပဲ အစ်ကို လမ်းညွှန်ပေးနိုင်ပါတယ်။ လောကဓံဆိုတာ ဘုရားတောင် လွန်ဆန်လို့ မရတဲ့ သဘာဝတရားတွေပဲ ညီလေး။ ဒီလောကဓံတွေကြားက ကြံ့ကြံ့ခံပြီး ညီလေး ဘဝမှာ အောင်မြင်မှုတွေ ရစေချင်တယ်။ အပေါင်းအသင်းမက်တဲ့ ညီလေးကို ဘဝမှာ အမြတ်ဆုံး မိတ်ဆွေအပေါင်းအသင်း ဖြစ်တဲ့၊ ပေါင်းဖော်လို့ ဘယ်တော့မှလဲ မမှားနိုင်မယ့်၊ အရှုံးမရှိဘဲ အမြတ်ချည်း ရမယ့် ဘုရား၊ တရား၊ သံဃာဆိုတဲ့ အပေါင်းအသင်းကောင်းကို ရစေချင်တယ်။
မုသားဖြူလို့ အကြောင်းပြပြီး အသေးအဖွဲ အလိမ်အညာ စကားလေးတွေ ပြောတတ်တဲ့ ညီလေးကို ဒါ မကောင်းတဲ့အကျင့်မို့လို့ အကျင့်မလုပ်ဖို့ အစ်ကိုပြောတော့ သူများ စိတ်ချမ်းသာအောင် ပြောတာပဲ အစ်ကိုရာလို့ ညီလေး ပြောတယ်။ ညီလေး ပတ်ဝန်းကျင်မှာ ကြည့်ပါ။ အလိမ်အညာစကား ထွက်တတ်တဲ့လူနဲ့ မလိမ်မညာ အမှန်ပြောတတ်တဲ့လူ ဘယ်သူ့စကားကို လူပိုလေးစားသလဲ။ ပိုယုံကြည်သလဲ။ သူပြောတာ ဟုတ်လိမ့်မယ်၊ သူ မဟုတ်တာ မပြောဘူး --ဆိုတဲ့ (နောက်ဆက်တွဲ ထပ်ပို့ထားပါသည်)

0 comments:
Post a Comment