* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 10, 2009

တန်ခိုးပြာဋိဟာကို ပြရန် အလို့ငှါ ...

တန်ခိုးပြာဋိဟာကို ပြရန် အလို့ငှါ ...

ကေဝဋ္ဋသူကြွယ်သားဝတ္ထု

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိက (သူဌေး)၏ သရက်ဥယျာဉ် ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သား သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား ဤနာဠန္ဒာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူ (ဦးရေ) များပြားပါ၏၊ လူ (အသွားအလာ) ထူထပ်ပါ၏၊ မြတ်စွာဘုရား၌ အလွန် ကြည်ညိုပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန် အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤ နာဠန္ဒာမြို့သည် မြတ်စွာဘုရား၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်'' ဟု လျှောက်၏။

ဤသို့လျှောက်သော် မြတ်စွာဘုရားသည် ...
ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားအား ဤ စကားကို မိန့်တော်မူ၏ -

''ကေဝဋ္ဋ ငါသည် ရဟန်းတို့အား 'ရဟန်းတို့ လာကြလော့၊ သင်တို့သည် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို အဝတ်ဖြူ ဝတ်ကုန်သော လူတို့အား* ပြကြလော' ဟု ဤသို့ တရားကို မဟော'' ဟု မိန့်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း ။ ပ ။ တန်ခိုးပြာဋိဟာကို ပြရန်အလို့ငှါ ရဟန်းတစ်ပါးအား အမိန့် ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤနာဠန္ဒာမြို့သည် မြတ်စွာဘုရား ၌ အတိုင်း ထက်အလွန် ကြည်ညိုပါလိမ့်မည်ဟု ဤသို့ပင် လျှောက်လိုပါသေး သည်'' ဟု လျှောက်ပြန်၏။

နှစ်ကြိမ်မြောက်လည်း ...
ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားအား ဤစကားကို မိန့်တော်မူပြန်၏ -

''ကေဝဋ္ဋ ငါသည် ရဟန်းတို့အား 'ရဟန်းတို့ လာကြလော့၊ သင်တို့သည် အဝတ် ဖြူဝတ် ကုန်သော လူတို့အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကြလော့' ဟု ဤသို့ တရားကို မဟော'' ဟု မိန့်တော်မူ၏။

သုံးကြိမ်မြောက်လည်း။ ပ ။တန်ခိုးပြာဋိဟာကို ပြရန်အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤနာဠန္ဒာမြို့သည် မြတ်စွာဘုရား ၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်ဟု ဤသို့ပင် လျှောက်လိုပါသေး သည်'' ဟု လျှောက်ပြန်၏။

ကေဝဋ္ဋသူကြွယ်သားဝတ္ထု၊ ကေဝဋ္ဋသုတ်၊ သီလက္ခန္ဓ၀ဂ္ဂပါဠိတော်။

*။ ထိုခေတ် ထိုဒေသက လူများသည် အဝတ်ဖြူကို ဝတ်လေ့ရှိကြသည်၊ ယခုတိုင်အောင်ပင် အိန္ဒိယနိုင်ငံက လူများသည် အဝတ်ဖြူကို ဝတ်လေ့ရှိကြသည်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP