* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 22, 2009

နေရာ

“ ၃၈ ဖြာ မင်္ဂလာ အလေးထား ကြသမို့ တကယ်မမေ့ကြပါ…နဲ့ အတည် …………”
အေးအေးငြိမ့်ငြိမ့်လေး စီးဝင်လာသော သီချင်းသံသည် နားစည်ဝမှတဆင့် နှလုံးသွေးထဲသို့ စီးဆင်းသွားသလားထင်ရ၏။ ဖတ်လက်စစာအုပ်ကို ခဏချကာ အတွေးတို့သည် ရှေးအတိတ်တို့ဆီသို့ ပြန်သွားလေသယောင်။

ညဦးယံခါ လသာသာနဲ့ အိမ်ရှေ့ကွက်ပစ်လေးပေါ်မှာ မေမေနဲ့ ဖွားဖွားတို့ လ္ဘက်ရည်ချမ်းတစ်အိုးနဲ့ စကားလက်ဆုံကြနေ တာကို အမှတ်ရမိပါသေးတယ်။ ဒါပေမယ့် ပုံရိပ်တွေက ၀ိုးတိုးဝါးတားပါပဲ။ မှတ်မိနေတာက ပုံပြင်ထဲက နတ်သားအ ကြောင်းပါပဲ။ တစ်ကိုယ်လုံး ကိုယ်ရောင် ကိုယ်ဝါတွေလင်းနေလိုက်တာ ကျောင်းတိုက်ကြီးတစ်ခုလုံး အရောင်းအ၀ါတွေနဲ့ ပြည့်နေတယ်ဆိုပဲ။ ဖွားဖွားက စိတ်ရှည်လက်ရှည်နဲ့ ဇာတ်ကြောင်းလေးကို ပြောပြရှာပါတယ်။ ပြည့်ပြည့်၀၀ သာနေတဲ့ လမင်းကြီးကို မော့ကြည့်လိုက်၊ ဖွားဖွားမျက်နှာကိုကြည့်လိုက်၊ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲလေးကိုက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး နဲ့ နားထောင်နေမိပါတယ်။ မဆီမဆိုင် ဒီနတ်သားလို ငါကိုယ်ကလည်း အရောင်တွေထွက်ရင် ကောင်းမှာပဲလို့ တွေးခဲ့မိပါ သေးတယ်။ မေမေက ကျွန်တော့်ကို သား .. ဖွားဖွားပြောတာတွေကို သေချာမှတ်ထားနော်။ လူမိုက်တွေ၊ လူရမ်းကားတွေ နဲ့ မပေါင်းရဘူး၊ လိမ္မာတဲ့သူတွေနဲ့ ပေါင်းရမယ်။ ဘုရားတရားသံဃာကို ဘယ်တော့မှ မမေ့ရဘူးနော် သား …တဲ့။


အဲ့ဒိတုန်းက ကျွန်တော်ဘာမှ ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ သို့သော် ခုလည်း ၀ိုးတ၀ါးပါပဲ။ တစ်ချိန်တုန်းက ဖွားဖွားပြောပြ ခဲ့တဲ့ပုံပြင်ဆိုတာ တစ်ကယ်ပုံပြင်မှ မဟုတ်ခဲ့တာ။ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်အကြောင်း ဆိုတာ ကိုတော့ စာတွေထဲမှာ ဖတ်မှတ်လာရပါပြီ။ ဖွားဖွားလည်း ခုအချိန်မှာ မရှိတော့ပါဘူး။ ဒါပေမယ့် ဖွားဖွားပြောပြခဲ့တဲ့ ပုံပြင် ဆိုတဲ့ ဒီဇာတ်ကြောင်းလေးကိုတော့ ရင်ထဲမှာ တသသနဲ့ အမြဲပဲ အမှတ်ရနေမိပါတယ်။ အဲ့သည့်တုန်းက တို့ရှင်တော် မြတ်ဘုရားက အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းတဲ့ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်ပေါ့။ ည သန်းခေါင်ယံ အချိန်မှာ အမျိုးအမည် မထင်ရှားတဲ့ နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်ထံကို ဂါထာတစ်ပုဒ်မေး လျှောက်ခဲ့ပါတယ်။


ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စားတာက နတ်သားက မြတ်စွာဘုရားရှင်ကို အမေးပြဿနာ မလျှောက်ထားမီ သင့်တော်ရာ နေရာတစ်ခုမှာ ရပ်နေတယ်ဆိုတာကိုပါ။ သင့်တော်ရာ နေရာဆိုတာ အပြစ်ခြောက်ပါးလွတ်တဲ့အရပ်ပေါ့။ တနည်းအားဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နှင့် မနီးလွန်း၊ မဝေးလွန်းခြင်း၊ လေညာအရပ်ဖြစ်မနေခြင်း၊ မြင့်သောနေရာ ဖြစ်မနေခြင်း၊ ရှေ့တည့်တည့်မှာ ဖြစ်မနေခြင်း၊ နောက်တည့်တည့်မှာမနေခြင်း စတဲ့အရာတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ဆီရောက် တာနဲ့ နေရာတန်းရွေးပြီး နေဖို့ သတိတရားဖြစ်နေတဲ့ နတ်သားရဲ့ စိတ်အမူအရာကို မလေးစားပဲ၊ စိတ်မ၀င်စားပဲ မနေနိုင်ပါ ဘူး။ လောကမှာ နေရာဟာ အလွန်တရာမှ အရေးပါပါတယ်။ ဒီအခြင်းအရာကို ဘုရားရှင်လက်ထက်က ဤနတ်သားက နေထိုင်ကျင့်သုံးခြင်းဖြင့် နေပြသွား တာကိုတွေ့မြင်ရမှာပါ။


နေရာရွေးချယ်တတ်မှုဟာ ကိုယ့်ဘ၀ရဲ့တစ်စိတ်တစ်ဒေသ (သို့မဟုတ်) ဘ၀တစ်ခုလုံးကို သရုပ်ပေါ်စေပါတယ်။ တစ်ခါတုန်းက အသောကဘုရင်ကြီးက သူ့နန်းတော်ကို တိတ္ထိဆရာကြီးတွေကိုပင့်ပြီး ဆွမ်းကျွေးတဲ့ပွဲမှာ ဘုရင်မင်းမြတ်က “ အရှင်တို့ … အရှင်တို့နှင့် သင့်တော်မယ့် နေရာမှာ ၀င်ရောက်နေထိုင်ကြပါကုန် ” လို့ဆိုတဲ့အခါမှာ တိတ္ထိဆရာကြီးတွေက တစ်ချို့က တမန်သလင်းပေါ်မှာ၊ တစ်ချို့ကဖျာပေါ်မှာ၊ တစ်ချို့က ကွက်ပစ်ပေါ်မှာ နေကြတယ်လို့ ကြားဖူးပါတယ်။ ဘာကြောင့် ဒိလိုအဆင့်နိမ့်တဲ့နေရာတွေမှာ နေရတာလဲဆိုတော့ သူတို့ကိုယ်တိုင်က အဆင့်အတန်း နိမ့်တဲ့သူတွေဖြစ်နေကြလို့ ပါပဲ။ မြင့်မြတ်တဲ့နေရာဟာ သူတို့နဲ့ မတန်ဘူးဆိုတာ သူတို့သိနေတယ်လေ။ မြတ်တဲ့နေရာတွေမှာ သူတို့မနေထိုင်ဝံ့ကြဘူး။


ဒါပေမယ့်တစ်နေ့တော့ ၇ နှစ်သားအရွယ် သာမဏေလေးတစ်ပါး ဣနြေ္ဒရစွာဖြင့် ဆွမ်းခံကြွတော်မူနေတာကို လေသာပြူ တင်းက မြင်တော်မူတဲ့ အသောကရှင်ဘုရင်ကြီးဟာ ကြည်ညိုလွန်းလို့ နန်းတော်ကို ပင့်ခိုင်းလိုက်ပါတယ်။ နန်းတော်ထဲသို့ ရောက်တယ်ဆိုရင်ပဲ မင်းကြီးက “ လျောက်ပတ်သောနေရာမှာ သီတင်းသုံးတော်မူပါဘုရား ” လို့လျှောက်တင်တဲ့အခါ သာမဏေငယ်သည် နန်းတော်တွင်းသို့ မျက်စေ့တစ်ချက်ဝေ့ကြည့်ပြီး မိမိထက်သိက္ခာအားဖြင့်လည်းကောင်း၊ ဂုဏ်အားဖြင့်လည်းကောင်း ကြီးမြတ်သူကို မတွေ့ရသည့်အခါ ထီးဖြူအုပ်မိုးသည့် ရာဇပလ္လင်ထက်သို့ တက်ရောက်၍ နေရာယူတော်မူလေသည်။ မြင့်မြတ်သူသည် မြင့်မြတ်သည့် နေရာကို အရယူသလို၊ နိမ့်ကျသူသည်လည်း နိမ့်ကျတဲ့နေရာကိုပင် အရယူနေတဲ့အဖြစ်ကို သတိထားမိပါတယ်။


အစည်းဝေးပွဲအခမ်းအနားတစ်ခုမှာ သဘာပတိအတွက် သူ့နေရာနှင့် သူရှိ၏။ အဖွဲ့ဝင်အတွက်လည်း သူ့နေရာနှင့်သူပင် ဖြစ်၏။ အဖွဲ့သားများအတွက်လည်း နေရာသည် ရှိနေတာပင်ဖြစ်၏။ အဖွဲ့သားသည် သဘာပတိနေရာ၌ မနေအပ်သလို၊ သဘာပတိသည်လည်း အဖွဲ့သားထိုင်ခုံ၌ မထိုင်အပ်ပေ။ ကိုယ့်နေရာ ကိုယ်သိဖို့တော့ လိုပေသည်။ နေရာဆိုသည့်အတိုင်း အစစအရာရာ နေရာတကျရှိမှ သင့်တော်ပေသည်။ မိမိထက်ကြီးသူကိုလည်း နေရာပေးတတ်ဖို့ လိုအပ်သလို၊ မိမိအောက် ငယ်သူကိုလည်း နေရာပေးတတ်ဖို့ လိုပါတယ်။ မိမိကိုယ်တိုင်လည်း နေရာသိပြီး ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ အနေအထိုင်မတတ်တော့ ရိုင်းသလို ဆိုတာမျိုးမဖြစ်အောင် သတိပြုသင့်ပေသည်။ မိမိအနေအထိုင်ကြောင့် တစ်ပါးသူ စိတ်အ နှောက်အယှက်အဖြစ်အောင် ဆင်ခြင်ပြီး နေထိုင်သင့်သည်။


မိမိရောက်ရှိနေသောနေရာကို သတိပြုဖို့သင့်လှပါတယ်။ ငါ အခု ဘယ်နေရာမှာလဲ။ ကောင်းတဲ့နေရာတွေလား၊ မကောင်း တဲ့နေရာတွေလား၊ ငါ ဘာတွေလုပ်နေလဲဆိုတာကို ဆင်ခြင်သင့်ပါတယ်။ မသင့်တော်တဲ့နေရာကို ရောက်နေခဲ့ရင်တောင် သင့်တော်တဲ့အကျင့်တွေကို ဖျောက်မပစ်ပါနဲ့လို့ မှာကြားဆုံးမတော်မူတဲ့ ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဆေကိန္ဒ၏ စကား နားထဲက မထွက်တော့ပါဘူး။ ရောမရောက်ရင် ရောမလိုကျင့် လို့ဆိုတဲ့စကားအတိုင်း ကောင်းတဲ့နေရာရောက်လို့ ကောင်းတာကို ကျင့်တာက ကောင်းတာပေါ့။ မကောင်းတဲ့နေရာကို ရောက်နေလို့ မကောင်းတာတွေ လိုက်ကျင့်ရမယ်ဆိုရင်တော့ ဘ၀တွေက ခါးသီးတော့မှာပါပဲ။ ဒီနေရာတွေကြောင့်ပဲ လူတွေရဲ့ဘ၀တွေ အမျိုးမျိုး ပြောင်းလဲနေခဲ့ကြ တာပါ။ နောက်ဆုံး တရားရဖို့အတွက်တောင် နေရာ၏ သင့်တင့်လျောက်ပတ်ခြင်းဆိုတာ အထူးပဲအရေးပါပါတယ်။ မေတ္တ သုတ်မှ ရဟန်း ၅၀၀ အကြောင်းတွင် နေရာသပ္ပါယဖြစ်မှုက ထင်ရှားပါတယ်။


နေရာအကြောင်းတွေးနေရင်းက ကိုယ်ရောက်တဲ့နေရာ ပြန်ကြည့်လိုက်တော့ ဘ၀ခရီးရဲ့ လေးချိုးတစ်ချိုးဖြစ်နေပါတယ်။ ဘ၀နေ၀င်ချိန်မှာ တို့တွေဘယ်နေရာတွေများ ရောက်ကြဦးမလဲလို့ မှန်းဆကြည့်မိတဲ့အခါတိုင်း တုန်လှုပ်မိတာတော့ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်တွေရဲ့ အမြဲနေအိမ်၊ အမြဲနေတဲ့နေရာက အပါယ်လေးပါးဖြစ်နေလို့ပါ။ ဒါတွေထားပါဦး ... တို့အဖိုးအဖွား အဖေအမေတို့ကတော့ သူ့နေရာနဲ့သူ့အ ချိန်တုန်းက တို့ကိုဒီအကြောင်းတွေ လေ့လာတတ်အောင် သင်ပေးခဲ့တယ်။ တို့လည်း တစ်နေ့ သူတို့နေရာများ ရောက်လာခဲ့ရင် မျိုးဆက်သစ်တွေကို ဘ၀ကောင်း ၊ နေရာကောင်းကို ရှာဖွေတတ်အောင်၊ တန်ဖိုးထား တတ်အောင်၊ မြတ်နိုးတတ်အောင် ညွှန်ပြနိုင်ဖို့ ကြိုးစားရမှာပါလားလို့ နှလုံးသွင်းနေမိပါ တော့တယ်။

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

(မင်္ဂလာအရေးမို့ ခပ်ဖြေးဖြေးလေး တွေးကြည့်၊ ရေးကြည့်တာပါ။ အကြောင်းမလျော် ချွတ်ချော်မှားယွင်းသွားအံ့။ မေတ္တာရှေ့ထားကာ အပြစ်ညွှန်ပြ ဆုံးမပေးဖို့ တောင်းပန်ပါတယ်။)





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP