* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 25, 2011

အံ့သြဖွယ်ရာ မြတ်စွာဘုရား ဖွားမြင်တော်မူရာအခါ၌ ရှေ့ပြေးနိမိတ်ကြီးများ(၂)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။

(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ

ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။

(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။

(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော ချိုမြိန်သော အရသာတစ်ခုတည်းကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၀။ကြမ်းတမ်းသော လေပြင်းများမတိုက်ခတ်ဘဲ၊ဖြည်းညှင်းသာယာ အေးချမ်းစွာသောလေသာလျှင် တိုက်ခတ်၏။

(ထိုသို့ လေပြင်းလေကြမ်းများ မတိုက်ခတ်ခြင်းသည် ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒဆိုး

တို့ ပပျောက်ပြိုကွဲဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၁။မိုးရပ် ကောင်းကင် သစ်ပင် တောင်ထိပ် စသည်တို့၌ ရောက်ရှိကြကုန်သော ငှက်တို့သည် မြေပြင်သို့သက်ဆင်းကြကုန်၏။

(ထိုသို့သက်ဆင်းကြခြင်းသည် ကိုယ်တော်မြတ်၏ အဆုံးအမသြဝါဒကို နာယူရ၍ လူများအပေါင်းတို့ အသက်ထက်ဆုံး သရဏဂုံခံယူကြရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၂။လမင်းသည် ရှေးရှေးအခါများကထက် ထွန်းလင်းသာယာတင့်တယ်၏။

(ထိုသို့တင့်တယ်ခြင်းသည် လူအများအပေါင်းတို့နှင့် နှစ်သက်ခြင်းရှိကြမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၃။နေမင်းသည် မပူမအေး၊အညစ်အကြေးကင်းဝေးသန့်ရှင်းသဖြင့် ကောင်းသော ဥတုနှင့် ပြည့်စုံ၏။

(ထိုသို့ပြည့်စုံခြင်းသည် ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ဖြစ်ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)


၂၄။နတ်တို့သည် မိမိ မိမိတို့၏ ဗိမာန်ရှေ့မှောက် တံခါးပေါက်အဝ၌ ရပ်တည်ကြကုန်လျက် လက်ပန်း ပေါက်ဖတ်ခြင်း(လက်ခမောင်း ခတ်ခြင်း)၊လေချွန်ခြင်း၊ပုဆိုးအဝတ်တို့ကို ပစ်မြှောက်ခြင်း စသည်တို့ ဖြင့် ကြီးစွာသော ကစားပျော်မြူးကြခြင်းသည် ဘုရားဖြစ်တော်မူ၍ ဥဒါန်းရင့်ကျူးတော်မူဖို့ရန်၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၅။လေးကျွန်းအလုံးနှံ့စပ်သော မိုးကြီးသည်းထန်စွာရွာသွန်း၏။

(ထိုသို့ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်းသည် ကြီးမြတ်သော ဥာဏ်တော်အဟုန်ဖြင့် တရားတည်း ဟူသော အမြိုက်မိုးကို ရွာသွန်းဖြိုးချဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၆။လူများအပေါင်းတို့ ဆာလောင်ခြင်း ကင်းကြ၏။

(ထိုသို့ဆာလောင်မှုကင်းကြခြင်းသည် ကာယဂတာသတိတည်းဟူသော အမြိုက်တရားကိုရဖို့ရန်၊ တနည်းအားဖြင့် ကာယဂတာသတိတည်းဟူသော အမြိုက်ခဲဖွယ်ကို သုံးဆောင်ရ၍ ကိလေသာ ဆာလောင်ခြင်းကင်းဖို့ရန် ၊ ရှေ့ပြေးအကြောင်း နိမိတ် ဖြစ်ပေ၏။)


၂၇။လူအပေါင်းတို့ ရေငတ်ခြင်းကင်းကြကုန်၏။

(ထိုသို့ ရေသိပ်မှုကင်းကြခြင်းသည် (ရေငတ်ခြင်းကင်းကြခြင်းသည်) လူများအပေါင်းတို့ အရဟတ္တ ဖိုလ်ချမ်းသာဖြင့် ချမ်းသာကြဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၈။အပွင့်မျိုးသစ်ပင်၊အသီးမျိုးသစ်ပင်တို့သည် အပွင့်ရော အသီးပါ ပွင့်ကြ၊သီးကြကုန်၏။။

(ထိုသို့ ပွင့်ကြ သီးကြခြင်းသည် ဝိမုတ္တိတရားတည်းဟူသော ပန်းပွင့်တို့ဖြင့် လူအပေါင်းတို့ ပွင့်ကြဖို့ရန် လည်းကောင်း၊အရိယဖိုလ်လေးပါးတည်းဟူသော အသီးတို့ဖြင့် သီးကြဖို့ရန်လည်းကောင်း၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


၂၉။ပိတ်ကွယ် ဖုံးကာလျက်ရှိသော တံခါးရွတ်တို့သည် အလိုအလျှောက် ပွင့်ကြ လပ်ကြ ကုန်၏။

(ထိုသို့ တံခါးရွတ်တို့ အလိုအလျှောက် ပွင့်လပ်ကြခြင်းသည် မဂ္ဂင် ရှစ်ပါးတည်းဟူသော နိဗ္ဗာန် တံခါးကြီး ပွင့်လပ်ဖို့ရန်၊ပုဗ္ဗနိမိတ်ကြီး ဖြစ်ပေ၏။)


၃၀။လောကဓာတ်၊စကြာဝဠာ တိုက်တစ်သောင်းလုံး၊ တံခွန်တည်းဟူသော တစ်ခုတည်းသော ပန်းဖြင့် ဖုံလျက်ရှိ၏။လောကဓာတ်စကြဝဠာတိုက်တစ်သောင်းလုံး တံခွန် အောင်လံအပြည့်ဖုံးလျက်ရှိ၏။

(ထိုသို့ တံခွန်တည်းဟူသော ပန်းဖြင့် ဖုံးလွှမ်းခြင်းသည် အရိယမဂ်တည်းဟူသော အောင်လံတံခွန်ပန်း အပြည့်ဖုံးလွှမ်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)


ထိုမှတစ်ပါးလည်းဆန်းကြယ်သော ပန်းမိုး၊ အလွန်ရနံ့ကောင်းသည့် ပန်းမိုးတို့ရွာသွန်းခြင်း၊နေမင်း လင်းလျက်ရှိစဉ်ပင် နက္ခတ်ကြယ်တာရာတို့တောက်ပခြင်း၊မြေအပြင်မှ အလွန်ကြည်လင်သော ရေစိမ့် ၍ထွက်ခြင်း၊တွင်းအောင်းတိရိစ္ဆာန်တို့ မိမိနေရာမှ ထွက်ကြခြင်း၊လောဘ၊မောဟ၊ဒေါသ တို့ မဖြစ်ခြင်း မြေအပြင်၌ မြူမထခြင်း၊မကောင်းသော အနံ့တို့ကင်းခြင်း၊၊နတ်၌ဖြစ်သော နံ့သာနံ့ ကြိုင်လှိုင်ခြင်း၊ ရူပ ဗြဟ္မာတို့ကို လူတို့ပကတိမျက်စိဖြင့် လင်းလင်းထင်ထင်မြင်ရခြင်း၊သတ္တဝါတို့၏ စုတေမှု ပဋိသန္ဓေ တည်နေမှုတို့မရှိခြင်း၊ အစရှိသည့် ပုဗ္ဗနိမိတ်တို့လည်း ထင်ရှားဖြစ်ကုန်၏။

ထိုပုဗ္ဗနိမိတ်တို့ဖြစ်ခြင်းသည် လိုအင်ပြီးသည်မှ ကြွင်းသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်တို့ဖြစ်ကုန်၏။


အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP