* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 25, 2011

စွန့်လွတ်စွန့်စား



အမေး

ဆရာတော်ဘုရား၊ ဘုရားရှင် ဘုရားမဖြစ်ခင်
သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ ယသောဓရာကို လက်ထပ်ခဲ့ပြီး
ရာဟုလာလို့ခေါ်တဲ့သားတစ်ယောက်ထွန်းကားပြီးခါမှ
ဇနီးမယားကိုရော သားကိုပါ စွန့်ခွါပြီး တောထွက်သွားတာ တရားသလားဘုရား။
သူများကို ၀မ်းနည်းကြေကွဲအောင်
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရာမရောက်ဘူးလားဘုရား။
“သူက ဘုရားအလောင်းဖြစ်နေတာကိုး” လို့ပဲ ပြောရတော့မှာလားဘုရား။
ဘာပြုလို့ သူ့မိသားစုကို ၀မ်းနည်းကြေကွဲအောင်
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရတာပါလိမ့်ဘုရား။

အဖြေ

ဘုရားအလောင်းဆိုတာ
အလုံးစုံပြီးပြည့်စုံသူတစ်ဦးမဟုတ်သေးဘူးဆိုတာကိုတော့ နားလည်ထားရပါမယ်။
သူ့မှာ ကာမဂုဏ်အာရုံခံစားလိုတဲ့ဆန္ဒတွေ ရှိနေပါသေးတယ်။
သဗ္ဗညုတဥာဏ်မရခင် နောက်ဆုံးအချိန် (စိတ္တက္ခဏ)လေးရောက်မှ
ဒီလိုမျိုးဆန္ဒတွေကနေ ကင်းလွတ်သွားတာပါ။

သူ့ဖခမည်းတော်နဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ကျေနပ်စေဖို့
ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားအိမ်ထောင်ပြုပေးခဲ့ရပါတယ်။
ရှင်ဘုရင်ဆိုတာ ထီးမွေနန်းမွေဆက်ခံဘို့ မျိုးဆက်လိုအပ်တယ်မဟုတ်ပါလား။
ဒါပေမဲ့ အချိန်ကျလာတော့ သူ့ဇနီးမယားနဲ့ သားကို စွန့်ခွါထားရစ်ခဲ့ပါတယ်။

ဒီလိုစွန့်ခွါထားရစ်ခဲ့ရတာဟာ လွယ်ကူတဲ့အလုပ်လို့တော့ မထင်လိုက်ပါနဲ့။
လုံးဝ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။

သိဒ္ဓတ္ထလည်း လူသားပဲလေ၊
သူ့ဇနီးမယားနဲ့ သူ့သားကို ဘယ်မချစ်ပဲနေပါ့မလဲ။
သိပ်ချစ်တာပေါ့။ သူ ဒီလိုမျိုး ဘယ်စွန့်ခွါထားရစ်ခဲ့ချင်မှာလဲ။

ဒါပေမဲ့
လူသားတွေအတွက် တကယ့်ချမ်းသာစစ် ချမ်းသာမှန်ကို
ရှာဖွေရအုံးမယ်ဆိုတာကို သိနေခဲ့လို့
သူ့ကိုယ်ကျိုးနဲ့ သူ့မိသားစုအကျိုးကို မကြည့်ပဲ အများအကျိုးအတွက်
စွန့်လွတ်စွန့်စား အနစ်နာခံခဲ့ပါတယ်။

ဒါဟာ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင်
မိဘတွေကို စွန့်ခွါပြီး မိဘတွေနဲ့ဝေးရာဖြစ်တဲ့ ဆေးတက္ကသိုလ်ရှိရာနေရာကို
သွားပြီး ဆရာဝန်ဖြစ်ဖို့ ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားနဲ့တူပါတယ်။
ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားအနေနဲ့ မိဘကို ခွဲခွါပြီး သွားရတာဟာ
မိဘတွေကို မချစ်လို့မှ မဟုတ်တာ။
ဆေးပညာတွေ သင်ကြားနေချိန်မှာ မိဘနဲ့ ခွဲခွါပြီးနေရတာလောက်တော့ အနစ်နာခံရမှာပေါ့။

ဘွဲ့ရလို့ ဆရာဝန်ဖြစ်လာရင်တော့ သူ့အောင်မြင်မှုအတွက်
မိသားစုအားလုံး ၀မ်းမြောက်ကြမှာပါ။
တချိန်တည်းမှာပဲ သူ့ရလာတဲ့ဘွဲ့နဲ့ပညာက
သူ့ပတ်ဝန်းကျင်လူတွေအတွက်လည်း အကျိုးပြုအုံးမှာမို့လား။

ဒီသဘောပါပဲ။
သိဒ္ဓတ္ထမင်းသားလည်း ဘုရားဖြစ်ပြီးတဲ့နောက်
ထီးနန်းစည်းစိမ်ချမ်းသာထက် အဆရာထောင်မကတဲ့ အမြိုက်ချမ်းသာလို့ခေါ်တဲ့
နိဗ္ဗာန်ချမ်းသာသုံးဆောင်ခံစားနိုင်အောင် သူ့မိသားစုကို ဟောပြ ပြောပြပေးခဲ့ပါတယ်။

ခဏလောက် မိသားစုဘ၀ကို ငြင်းပယ်ခဲ့လို့
ဒီကနေ့ သန်းပေါင်းများစွာသောလူတွေ သူ့နောက်လိုက်တွေဖြစ်ကြတယ်ဆိုတာကို
ဒီဘုရားဖြစ်တော်စဉ်မှာ တွေ့မြင်နိုင်ပါတယ်။

သူသာ တောမထွက်ပဲ ထီးနန်းစည်းစိမ် ခံစားစံစားပြီး
ရှင်ဘုရင်လုပ်နေခဲ့မယ်ဆိုရင် ဒါမျိုးဖြစ်လာနိုင်ပါ့မလား။

ကြီးမားတဲ့အောင်မြင်မှုမျိုးရမယ်ဆိုရင်
စွန့်လွတ်အနစ်နာခံမှုမျိုး လုပ်ကို လုပ်ရပါမယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP