* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 12, 2011

Facebookက အမေးတစ်ပုဒ် (၄)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) note commentမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Kaungmyat Thu
မေး။ အရှင်ဘုရား.. တပည့်တော် တစ်ခုလောက်မေးပါရစေ။ ဗုဒ္ဓဟောတဲ့ တရားတော်တွေထဲမှာ မပြစ်မှားကောင်းတဲ့ မိန်းမ ၂၀ ဆိုတာ ရှိပါတယ်ဘုရား။ မပြစ်မှားကောင်းတဲ့မိန်းမကို ပြစ်မှားမိရင် ကံထိုက်တယ်ဆိုတာတော့ သိပါတယ်ဘုရား။ တပည့်တော် သိချင်တာက မပြစ်မှားကောင်းတဲ့ မိန်းမရှိရင် ပြစ်မှားကောင်းတဲ့ မိန်းမရော ရှိပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ဖြေ။ မပြစ်မှားကောင်းတာ ရှိရင် ပြစ်မှားကောင်းတာလဲ ရှိမှာပဲဆိုပြီး ဝေါဟာရပညတ် တစ်ခုခုကို ရှာကြံပြီး တွေးလို့တော့ မဖြစ်ပါဘူး။ အကုသိုလ်တစ်ခုဟာ မလုပ်ကောင်းတဲ့အကုသိုလ်၊ လုပ်ကောင်းတဲ့ အကုသိုလ်ဆိုတာ မရှိဘဲ အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြရမှာ ဖြစ်သလို ပြစ်မှားခြင်းဆိုတဲ့ အကုသိုလ်မှာလည်း ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာမျိုး မရှိဘဲ ပြစ်မှားမှု မှန်သမျှ မပြစ်မှားမိအောင် ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ မေးခွန်းရှင် မေးထားတဲ့ မပြစ်မှားကောင်းတဲ့ မိန်းမ(၂၀)ဆိုတာ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မသွားလာ မကျူးလွန်ကောင်းတဲ့ အဂမနီယဝတ္ထု (၂၀)ကို အသေးစိပ်ဖော်ပြပေးထားတာဖြစ်ပြီး ဒီအဂမနီယဝတ္ထု (၂၀) (ဒီမှာ ပြန်ဖတ်နိုင်)ကို ရှောင်ကြဉ်နေရင် ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာပေမှာ ဖော်ပြထားတဲ့ ဒီအယောက် (၂၀)ဟာ တစ်လင်တစ်မယား စနစ်ကို ကျော်လွန်ပြီး ကျူးလွန်နိုင်တဲ့ အရာမှန်သမျှ အကုန်ဖော်ပြထားပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာတွေလည်း မရှိနိုင်တော့ပါဘူး။ အမှန်တော့ ကာမဂုဏ်မှန်သမျှ မလုပ်ဘဲ နေနိုင်ရင်ကောင်းပေမယ့် ပုထုဇဉ်များအဖို့ အဲဒီလို မရှောင်နိုင်သေးရင်လည်း တစ်လင်တစ်မယား စနစ်ကိုကျင့်သုံးပြီး ဒီအကျင့်ကလွဲတဲ့ ကျန်တဲ့အရာတွေမှာ မသွားလာ၊ မပြစ်မှားကြဖို့ ဒီနေရာမှာ ပညတ်သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ ဆိုတော့ကား မိမိတို့ အနေနဲ့ ဒုစရိုက်အမှုကို ရှောင်ကြဉ်လိုက်ရင် သုစရိုက်အမှုကိုလည်း စောင့်ထိန်းပြီးသား ဖြစ်သလို မပြစ်မှားကောင်းတဲ့ အဂမနီယဝတ္ထုတွေကို ရှောင်ကြဉ်လိုက်ရင် ကာမေသုမိစ္ဆာစာရ သီလကိုလည်း စောင့်ထိန်းပြီးသားဖြစ်တဲ့ သဘောမျိုးလို့ နားလည်သဘောပေါက်ပြီး မကျူးလွန်သင့်တဲ့အရာတွေကိုသာ မကျူးလွန်မိအောင် ထိန်းသိမ်းနေထိုင်ဖို့ပဲ အဓိက ဖြစ်ပါတယ်။

Hohone Kyin
မေး။ ဆရာတော်ဘုရား တပည်တော် လျောက်ခွင့်ပြုပါဘုရား။ မကောင်းတဲ့အကုသိုလ် လုံးဝမလုပ်ရင် ကုသိုလ်ရ နိုင်ပါသလား ဘုရား။

Ashin Vicitta ‎>> Hohone Kyin
ဖြေ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဘုရားစကားတော်အရ ကြည့်ရင်ရှင်းပါတယ်။ အကုသိုလ်ရှောင်၊ ကုသိုလ်ကိုဆောင်၊ ပြီးတော့ စိတ်ဖြူစင်အောင်လုပ်တဲ့။ သတ္တဝါတွေ အနေနဲ့ ရှေးဦးစွာ လုပ်သင့်တာက မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒီတော့ မကောင်းမှုကို ရှောင်လိုက်ရုံနဲ့ ကုသိုလ်ရသလားဆိုတော့ ကုသိုလ်က အမျိုးမျိုးရှိပါတယ်။ ကိုယ်ရှောင်လိုက်တဲ့ မကောင်းမှုက သီလနဲ့ပတ်သက်တဲ့ သူတစ်ပါးအသက်ကို သတ်ခြင်းအလုပ်၊ သူတစ်ပါးဥစ္စာကို ခိုးခြင်းအလုပ် စသည်ဖြင့် ဖြစ်နေမယ်ဆိုရင် အဲဒီမကောင်းမှုတွေကို ရှောင်လိုက်တာနဲ့ သီလကိုထိန်းပြီးဖြစ်လို့ သီလကုသိုလ်လည်း ရသွားပါတယ်။ ဒုစရိုက်အမှုကို မလုပ်ဘဲ ရှောင်ကြဉ်တဲ့အခါ သုစရိုက်အမှု ကုသိုလ်ကလည်း အလိုလို ဖြစ်သွားတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကုသိုလ်တွေကျတော့ အကုသိုလ်ကို ရှောင်နေရုံနဲ့ မဖြစ်ဘဲ သီးသင့်လုပ်ယူမှကို ရပါတယ်။ ဥပမာ ဒါနကုသိုလ်ဆိုရင် လက်တွေ့ပေးကမ်းလှူးဒါန်နိုင်မှ ရတဲ့သဘောမျိုး၊ ဥပုသ်သီလလို ကုသိုလ်မျိုးကလည်း လက်တွေ့စောင့်ထိန်းနိုင်မှသာ ရတဲ့သဘောမျိုး၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်တွေဆိုတာကလည်း လက်တွေ့လိုက်နာကျင့်ကြံနိုင်မှသာ ရနိုင်တဲ့ သဘောမျိုးရှိပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက ဘုရားရှင် မိန့်တော်မူသလို မကောင်းမှုအကုသိုလ်ကို ရှောင်နိုင်အောင် အရင်ကြိုးစားပြီး နောက် ကုသိုလ်ကောင်းမှုကို ရယူဆောင်နိုင်အောင် ပြုလုပ်ကာ ကိုယ့်စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP