* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 12, 2011

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။

နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။

ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။

ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။

နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။

ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။

သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။

နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေစက်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။
ကောင်းကင်ကြီး က အပ်နဖါး ပေါက် လောက်သာရှိသတဲ့။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။

ချစ်သောမေမေ
သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP