* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 12, 2011

အချိန်ကိုအသုံးချတတ်ပါစေ။


ယနေ့ဖတ်ဖြစ်တဲ့ ဆောင်းပါးလေးကို ကူးယူဖော်ပြလိုက်ပါတယ်။ စာရေးသူကတော့ မင်းနန်(မော်ကျွန်း)ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ အချိန်လေးတွေ ရွေ့ဆိုင်း တုံဆိုင်းနေတဲ့ ညခင်းအတွက် ဒီ ဆောင်းပါးလေးက အလင်းဖွင့်ပေးခဲ့ပါတယ်။

အချိန်ကိုအသုံးချတတ်ပါစေ။

လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်းချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ၊ အသိုင်းအ၀န်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသော အခွင့်အရေးတစ်ခု ကိုမူပေးထားပါ၏။ ယင်းအခွင့်အရေးကား၊ လူသားတိုင်း တစ်နေ့လျှင် ၂၄နာရီဟူသော အချိန်ကို ညီတူညီမျှ ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပါသည်။ တစ်ရက်လျင် ၂၄နာရီထက်ပို၍ မည်သူမျှ မပိုင်ဆိုင်၊ လျော့၍လည်းမပိုင်ဆိုင်။

ဤသို့ တန်းတူညီမျှရရှိထားသော အချိန် အပေါ်တွင် လူတစ်ဦးနှင့် တစ်ဦး အသုံးပြုပုံပြုနည်းချင်းမတူညီကြပေ။ ယင်းသို မတူညီမှုအပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း၊ ဂုဏ်ဒြပ်အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွဲပြားခြားနား သွားခြင်းဖြစ်ပါ၏။

အချိန်နှင့်ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ သုညဖြစ်ပါသည်။ အချိန်နှင့် လုံ့လ ဥဿဟပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေဖြစ်လာပါသည်။ အချိန်ကို သုံးသလား၊ဖြုန်းသလားဟူသောအချက်က လူတစ်ယောက်၏ ဘ၀ အဆင့်အတန်းကို ပြဌာန်းပါ၏။ လူတစ်ယောက်၏ တန်ဖိုးကိုသတ်မှတ်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျင် အဖြူထည်မျှသာဖြစ်ပါ၏။ သူ့အပေါ် အသုံးချမှုအပေါ်တည်မှီပြီး တန်ဖိုးရှိလာခြင်းဖြစ်ပါသည်။ အချိန်သည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှ မရှိ။ သို့သော် လုံ့လဖြင့် ပညာရှာသူတို့လက်ထဲတွင် အချိန်သည် ပညာကို ပေးနိုင်၏။ ဥစ္စာရှာသူတို့လက်ထဲတွင် ဥစ္စာကို ပေးနိုင်၏။ ကုသိုလ်ပြုသူတို့၏ လက်ထဲတွင် ကုသိုလ်ကို ပေးနိုင်၏။ အချိန်ကို စနစ်တကျ အသုံးချတတ်သူ၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ ကျော်ကြားမှုလည်း မည်၏ ကုသိုလ်လည်း မည်၏။

အချိန်ကိုဖြုန်းတီးနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင်။ သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှသာမက သူတစ်ပါးအပေါ် အမှီပြု၍ ရပ်တည် ရှင်သန်နေရသောကြောင့် မိဘ ဆွေမျိုးများအတွက် ၀န်ထုတ်ဝန်ပိုး ပင်ဖြစ်စေ၏။ ဆိုရလျှင် ထိုသူတို့သည် လောကအတွက် လာခြင်းမကောင်းသော ဧည့်သည်များဖြစ်ပါ၏။ အချိန်ကို ဖြုန်းနေသူ၌ မည်သည့်ပညာမျှလည်းမရှိ။ မည်သည့်ဥစ္စာမျှလည်းမရှိ။ မည်သည့်အကျော်အစောမျှလည်းမရှိ။ ထိုသူမျိုးအတွက် လူအဖွဲ့အစည်းတွင် နေရာထိုင်ခင်းလည်း မရှိပေ။ အချိန်ဖြုန် သူ၏ ဘ၀နေ၀င်ချိန်သည် မလှပတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်း ကျေးဇူး စမ်းအေးမြိုင် ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။-

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေပါတယ်။

၁။ စီးပွားဥစ္စာရှာနေသူအတွက် အချိန်သည် စီးပွားဥစ္စာဖြစ်ပါတယ်။
၂။ ပညာသင်ကြားလေ့လာနေသူအတွက် အချိန်သည် ပညာဖြစ်ပါတယ်။
၃။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည် တရားဖြစ်ပါတယ်။

အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်လျှင် သူ့အကျိုး၊ ကိုယ်အကျိုးနှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။


သြ၀ါဒ အလင်းပွင့် (၁၁) မင်းနန် (မော်ကျွှန်း) အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။


ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP