* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 12, 2011

ရဟန်းတစ်ပါးရဲ့ ခရုခွံများ

ဟိုးအဝေးမှာ မြူဝေမှိုင်းပျလို့ အရာရာကဝေဆန်အောင် လှပနေရင်တောင် ကျွန်တော်နာခံယူရမှာက ဓမ္မတေးတစ်ပိုင်းတစ်စရယ်ပါ..။

(တာရာမင်းဝေ၏ ကျွန်တော်နှင့် မြူနှင်းဝေသောညများ)

ဓမ္မနှင့်သာ မွေ့လျော်ဆိတ်ငြိမ်ရလေမည့် ရဟန်းတစ်ပါးအတွက် အထီးကျန်သွေ့ခြောက်လွန်းသော ညများရှိခဲ့သင့်ပါသလား..။ ဝေဒနာက္ခန္ဓာတပ်ဆင်ထားသော ရဟန်းတစ်ပါး၏ လက်ဝဲဘက်ရင်အုံတွင် ပုဇွန်ဆီရောင်ညနေခင်းတွေ အုံကျင်းဖွဲ့ပျံသန်းနေကြသည်။

အလှတရားဆိုတာကို ဟိမ၀န္တာနဲ့ အဲလ်ပ်တောင်တန်းတွေထိ တက်ပြီးတော့ ရှာစရာမလို..။ ပါရီမြို့ပြရဲ့ ရှောင်ဇေလီဇေလမ်းမကြီးပေါ်က ကဖေးဆိုင်ညိုညိုလေးထဲမှာ ၀င်ပြီး ထိုင်ငေးနေစရာမလို..။

နေ၀င်ချိန်ဆိုရင် ငါ့ကို သတိရပေးပါ သီရိမာ..။ ရာဇဂြိုဟ်၏ မြေသင်းနံ့လမ်းလေးပေါ်မှာ အသည်းကွဲရဟန်းတစ်ပါး ဖြတ်လျှောက်သွားတာ ရိပ်ကနဲ မြင်လိုက်ရသည်။

အို ဘုရားရေ...။

မိုးတွေက ညို့လို့..

ပြိုမှာလေးလား မိုးရဲ့ စိုအောင် ခုပင်...။ ကိုစောညိန်းရေ စကားလုံးတွေ ချမ်းသာတိုင်း နှလုံးသားတွေကို မကုတ်ခြစ်လိုက်ပါနဲ့..။

လျှပ်စစ်စာတိုက်ပုံးထဲမှာလည်း ကြယ်တွေ ကြွေနေလိုက်တာ..။ တစ်ခေါက်လောက် ကဗျာကြုံလေး လိုက်ပါရစေ..မောင်သိန်းဇော်.. ငါ့မှာ တရားနဲ့ ဖြေရတယ် လို့လေ..။

ဂန္ထဓုရတာဝန်ကို ပုခုံးနဲ့ ထမ်းပြီး အမေ့အိမ်ကိုတော့ စိတ်နှလုံးနဲ့ လွမ်းလွမ်းနေတတ်တာ တရားမရှိလို့တော့ မဟုတ်နိုင်ပါဘူးအမေ...။ အိမ်ဦးက စပယ်ဖူးတွေ ခူးချိန်ရောက်လာဦးမယ် လို့ ယုံကြည်ဆွတ်ပျံ့နေမိဆဲ..။ ၀ိပဿနာနဲ့ လေးနက်ချင်ပေမယ့် ဗြဟ္မစိုရ်ပန်းတွေလည်း ဝေစေချင်သေးသတဲ့လား..။ ဥပေက္ခာဟာ မသောက်တတ်ရင် ခါးနေဦးမှာပါပဲ..။ ဒီလိုနဲ့ တောကျီးကန်းတစ်ကောင်ရဲ့ အဘိဓါန်မှာ ဆည်းဆာတွေလည်း များခဲ့ပါပြီလေ..။

လရောင်၊လေညင်းနှင့် သီချင်းများမပါဝင်သော ရဟန်းတစ်ပါး၏ ညတို့ကို ကိုယ်တိုင်ရွေးချယ်ခဲ့လေသလား။ ကျေးဇူးပြုပြီး အဲဒီအကြည့်တွေကို ရုတ်သိမ်းပေးပါ..။ နှလုံးသားမကျူးကျော်ရေးစာချုပ်တွေ ဖျက်သိမ်းပစ်လို့ မရသေး..။ မီးများ ဟုန်းဟုန်းတောက်လောင်နေသည်..။ ရောမမြို့ကြီးမှ မဟုတ်တာလေ..။ ခပ်ကြောင်ကြောင် တယောထိုးနေလို့မရ..။

ယိုယွင်းပြာကျသွားလေသော အလှ...။ ရာဇဂြိုဟ်မြို့ပြထဲ တိတ်ဆိတ်စွာ ကြွလှမ်းလာသော အညတရရဟန်း၏ မျက်နှာရိပ်တွင် ဓမ္မအလင်းများ ပြန်လက်လာသည်။

သူကတော့ ငယ်စဉ်က ကောက်ခဲ့ဖူးသော သပြေသီးမှည့်များကိုပင် မိုးထဲ လေထဲ လိုက်ကောက်နေမိဆဲ..။ တမြေ့မြေလောင်ကျွမ်းနေသော ဖတ်လက်စ ၀ါကျများကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းနေပြီဆိုပါက သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရပေလိမ့်မည်.....။

ဓမ္မဂင်္ဂါ

(၈-၉-၂၀၁၁)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP