ဘုန်းကြီး၊ မိန်းမနှင့် Chatting ... ပြန်ကြားချက် (၂)
။ မိန်းကလေးများကို စိတ်ဒုက္ခရောက်အောင် ဒေါသဖြစ်အောင် လုပ်ပေးသူ ဘုန်းကြီးကရော ပိုအပြစ်မဖြစ်ဘူးလားဘုရား။ ငရဲ ခံရရင် သူတို့ပိုခံရသင့်တာပေါ့။ ဥပမာ အရက်ရောင်းသူလိုပေါ့ဘုရား
သူရောင်းလို့ သောက်သုံးသူပေါများလာတဲ့အတွက် ပိုမိုအပြစ်ခံရသလိုပေါ့ဘုရား။
အပြစ်ပိုဖြစ်တယ် မဖြစ်ဘူးဆိုတာ စေတနာအပေါ်မှာ မူတည်ပါတယ်။ ဥပမာ မေးခွန်းတစ်ခု မေးကြည့်မယ်။ ခုခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ခေတ်မီလှပါတယ်လို့ ယူဆထားကြတဲ့ မိန်းကလေး အများစုက အ၀တ်စားကို မလုံတလုံ ၀တ်တတ်ကြပါတယ်။ သူတို့ရဲ့ ၀တ်စားဆင်ယင်မှုဟာ မြန်မာယဉ်ကျေးမှုနဲ့ ကြည့်ရင် သူတို့အတွက် အရှက်ကင်းမဲ့ခြင်းဆိုတဲ့ ဂုဏ်မရှိတာကလွဲရင် ဘာမှမဖြစ်ပေမယ့် ယောက်ျားလေးတွေအတွက် ကိလေသာအာရုံ တိုးပွားအောင် လှုံ့ဆော်ပေးနေသလို ဖြစ်လို့ သူတို့မှာလည်း အပြစ်ရှိတယ်..လို့ ယူဆရင်ရော.. လက်ခံနိုင်ပါသလား။ သူတို့ရဲ့ မဆင်မခြင် ၀တ်ဆင်မှုကြောင့် ယောက်ျားလေးတွေမှာ စိတ်ကသိကအောက်ဖြစ်ပြီး မိန်းကလေးတွေနဲ့ မတော်တရော် ဖြစ်ခဲ့ရင်ရော... မိန်းကလေးတွေက ပိုပြီး အပြစ်မခံသင့်ဘူးလား။
ဒကာတော်ရဲ့ ဥပမာမှာ အရက်ရောင်းသူက ပိုပြီး အပြစ်ခံရတယ်လို့ ယူဆထားတယ်။ တကယ်တော့ ရောင်းသူပဲဖြစ်ဖြစ်၊ သောက်သူပဲ ဖြစ်ဖြစ် ထားရှိတဲ့ စိတ်ထားအပေါ်မှာ မူတည်ပြီး အပြစ်ခံရတာပါ။
တောထဲမှာ အမဲလိုက်သွားမယ့် မုဆိုးကြီးကို (သောတာပန်ဖြစ်သူ) သူ့ရဲ့ဇနီးချောလေးက သတ္တ၀ါတွေကို သေစေမည့် လေးတွေ၊ မျှားတွေကို ယူပေးတယ်။ ဇနီးဖြစ်သူ ယူပေးတဲ့ လက်နက်တွေကြောင့် သားကောင်တွေ သေရလို့ ဇနီးဖြစ်သူက ပိုပြီး အပြစ်ခံရမယ်လို့ ယူဆထားပါသလား။ တကယ်တော့ ယောနိသောမနသိကာရ..သာလျှင် အဓိက ဖြစ်တယ်ဆိုတာ နားလည်စေချင်ပါတယ်။
၃။ နိုင်ငံခြားပညာသင်၊ သာသနာပြုထွက်တယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါသလဲဘုရား။
ဒီနေရာမှာ ကဏ္ဍနှစ်ခု ခွဲရပါလိမ့်မယ်။
(၁) ပညာသင်ထွက်တဲ့ ရဟန်းအုပ်စု။
(၂) သာသနာပြုထွက်တဲ့ အုပ်စု။
အဲဒီအုပ်စု နှစ်ခုထဲမှာ နံပါတ်(၂) အချက်ကတော့ ဦးဇင်းက လက်တွေ့မကြုံဖူးတော့ကောင်းကောင်း မဖြေဆိုတတ်ပါဘူး။ နံပါတ်(၁)ဖြစ်တဲ့ ပညာသင်ထွက်တယ်ဆိုတာကတော့ လက်တွေ့ မိမိကိုယ်တိုင် ပညာသင် စာသင်သား ရဟန်းတစ်ပါးဖြစ်နေလို့ နည်းနည်းပါးပါး ပြောပြနိုင်ပါတယ်။ ဒီအဖြေကိုတော့
၅။ နိုင်ငံခြားပညာသင်လို့ထွက်လာပြီး အဲဒီလို အွန်လိုင်းပေါ်ထိုင်ရင်းမဟုတ်တာ လုပ်နေတာဟာ တကာ တကာမများရဲ့ ငွေကိုဖြုန်းတီးရုံမက သဒ္ဓါတရားကိုပါ ဖျက်ဆီးသလို မဖြစ်ဘူးလားဘုရား။
ဆိုတဲ့ အမှတ်စဉ်(၅) ပုစ္ဆာနဲ့ တွဲဖြေမှ သင့်မယ်ထင်ပါတယ်။
၃။ နိုင်ငံခြားပညာသင်၊ သာသနာပြုထွက်တယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါသလဲဘုရား။
၅။ နိုင်ငံခြားပညာသင်လို့ထွက်လာပြီး အဲဒီလို အွန်လိုင်းပေါ်ထိုင်ရင်းမဟုတ်တာ လုပ်နေတာဟာ တကာ တကာမများရဲ့ ငွေကိုဖြုန်းတီးရုံမက သဒ္ဓါတရားကိုပါဖျက်ဆီးသလိုမဖြစ်ဘူးလားဘုရား။
အဲဒီမေးခွန်းနဲ့ ပတ်သတ်ပြီး သီတဂူဆရာတော်ရဲ့ သြ၀ါဒနဲ့ ဒေါက်တာနန္ဒမာလာဘိဝံသ တို့ရဲ့ သြ၀ါဒကို ကိုးကားပြီး တင်ပြပါမယ်။ မေးမြန်းသူ နဲ့ စာရှုသူ ရဟန်းတော်များအတွက်ပါ သတိထားဖို့ပါ။
လုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် ဖြစ်ဖို့အတွက် သည်းခံခြင်းဟာ အဓိကပဲ။ ပညာရေးမှာလည်းပဲ အောင်အောင်မြင်မြင် ဖြစ်ဖို့ရန်အတွက် သည်းခံခြင်းဟာ အဓိကပဲ။ Patient is the foundation of successfulness- သည်းခံခြင်းဟာ အရာရာအောင်မြင်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား ပညာသင် ရဟန်းတော်များဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ပင်ပန်းဆင်းရဲစွာနဲ့ သာသနာတော်အတွက် ပညာသင်ကြားနေကြရတာပါ။ စားဝတ်နေရေးကအစ မြန်မာနိုင်ငံမှာလို ဆွမ်းခံစားလို့မရပါဘူး။ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံစားရင်း ပညာသင်ကြား နေကြရတာပါ။ အဲဒါဟာ သာသနာတော်အတွက် အဓိကဖြစ်ပါတယ်။
အပ္ပသန္နာနံ ပသာဒါယ၊ ပသန္နာနံ ဘိယျောဘာဝါယ ဆိုသလို ကြည်ညိုပြီးသား ပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါတရားကိုလည်း ထိမ်းထားနိုင်အောင်၊ မကြည်ညိုသေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကိုလည်း စည်းရိုးနိုင်အောင် သာသနာပြု လုပ်ငန်းမှာ…
Preservation = မပျက်စီးအောင် ထိန်းသိမ်းထားခြင်း၊
Promotion = တိုးတက် ကောင်းမွန်အောင်ပြုလုပ်ခြင်း၊
Protection = ပျောက်ပျက်မသွားအောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊
Restoration = အသစ်တဖန်ပြန်လည် အစားထိုး တည်ထောင်ခြင်း။
အဲဒီလေးချက်ဟာ သာသနာပြုလုပ်ငန်းမှာ တကယ်အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ Preservation ထိမ်းနိုင်အောင်ထိမ်းကြ ရပါတယ်။ သန့်ရှင်းတဲ့ သာသနာတော်ကို တခြားက အနှောက်ယှက်တစ်ခုခု ပြုလာရင်လည်း Protection လုပ်နိုင်ရမယ်။ Promotion တိုးတက်အောင်လည်း လုပ်ကြရမယ်။ တိုးတက်လုပ်ကြဆိုရာမှာ အခုလို ပြည်ပထွက်ပြီး တက္ကသိုလ်တွေမှာ ပညာသင်နေကြတာဟာလည်းပဲ Promotion လုပ်တာပါပဲ။ ရှေးတုန်းက မြန်မာနိုင်ငံမှာ အလွတ်ပညာသင်ကျောင်း သွားဖို့တောင် မလွယ်ပါဘူး။ မြန်မာနိုင်ငံရဲ့ စာသင်တိုက်တွေမှာ အင်္ဂလိပ်စာသင်ခွင့်ဆိုတာ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ အခု နောက်ပိုင်းမှ တစ်ချို့တိုက်တွေက နည်းနည်းခွင့်ပြုကုန်ကြပါပြီ။ ဒါလည်း တကယ်ကို နည်းနည်းလေးပါပဲ။ ပထမပြန်နဲ့ ဓမ္မာစရိယတန်းတွေမှာ အင်္ဂလိပ်စာပြဋ္ဌာန်းခွင့် ခုထိ မရသေးပါဘူး။
ပထမပြန်နဲ့ ဓမ္မာစရိယတန်းတွေမှာ အင်္ဂလိပ်စာပြဋ္ဌာန်းဖို့ ခေတ်အဆက်ဆက်က တောင်းဆိုလာခဲ့ပေမယ့် ဒီနေ့ထိ မရသေးပါဘူး။ ဆရာတော်ကြီးတွေက ထိန်းထားပါတယ်။ အရိုးကို အရွက်မဖုံးစေနဲ့လို့ မိန့်ကြားပါတယ်။ ပိဋကတ်ကို နှစ်နှစ်ကာကာ သင်ယူပြီးမှ အနည်းဆုံး ဓမ္မာစရိယကို အောင်ပြီးမှ သီးခြား လောကီပညာကို သင်ယူတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆကို သဘောတူသွားကြတာက များပါတယ်။ ရှေးတုန်းက တက္ကသိုလ်တွေမှာ ကျောင်းတက်ခြင်း၊ အင်္ဂလိပ်စာနဲ့ ပိဋကကိုတွဲသင်ခြင်း ဆိုတာတွေ မြန်မာပြည်မှာ မရှိခဲ့ပါဘူး။ အရင်ကမရှိခဲ့တာတွေ ခုရှိလာပါပြီ။ ပြည်ပတက္ကသိုလ်တွေ ကျောင်းတက်ကြတာ ရှေးကမရှိခဲ့ ပေမယ့် အခုရှိနေပါပြီ။ အဲဒါ Promotion ပါပဲ။ Promotion များလာပြီဆိုရင် ဟိုဘက်က Protection သိပ်အရေးပါလာပါပြီ။ Promotion ကို Protection မလုပ်နိုင်ရင်တော့ ပျက်စီးတဲ့လမ်းကို ရောက်သွားနိုင်ပါတယ်။ ဒါကတော့ ဦးဇင်းတို့ ပညာတော်သင် ရဟန်းတော်များ သတိထားဖွယ်ပါ။ အဲဒီနှစ်ချက်ကို ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ Preservation လုပ်တာနဲ့ ကိုယ့်ရဲ့ ထေရ၀ါဒမူကို မပျက်စေဘဲ ထိမ်းထားနိုင်ဖို့ အတွက်ပါ။ အင်တာနက်ချက်တင်မှာပဲ အချိန်တွေကို အလဟဿမကုန်စေဘဲ မိမိတို့ရဲ့ သာသနာတော်အတွက်လည်း တန်ဖိုးရှိအောင် လုပ်ဆောင်နိုင်ရပါမယ်။ ပညာသင်ရင်းသာသနာပြု၊ သာသနာပြုရင် ပညာသင်ရမယ်။
တစ်ဖက်ကလည်း Education နဲ့ပတ်သတ်လို့ တိုးမြှင့်နိုင်ရပါမယ်။ ပညာသင်ကြားရေးမှာပဲဖြစ်ဖြစ် သာသနာပြုရာမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အချက်လေးခုကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ဖို့ကတော့ ဦးဇင်းတို့ ရဟန်းတော်တွေမှာ တာဝန်ရှိပါတယ်။ အသောကမင်းကြီးရဲ့ ကျောက်တိုင်တွေမှာ ခြင်္သေ့ရုပ်တပ်ထားတာဟာ သတ္တိ ကိုပြောတာပါ။ လုမ္ဗိနီမှာရှိတဲ့ မြင်းရုပ်နဲ့ ကျောက်တိုင်ကတော့ မြင်းလို ဘာမဆို မြန်ဆန်သွက်လတ် ရမယ်ဆိုတာကို ဖော်ကြူးပါတယ်။ ဒေ၀ဒဟနယ်မှာရှိတဲ့ နွားရုပ်နဲ့ကျောင်တိုင်ကတော့ နွားလို သည်းခံပြီး သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပါ။ သင်္ကဿမှာရှိတဲ့ကျောက်တိုင်ကတော့ ဆင်ရုပ်ပါ။ ဆင်ဆိုတာ ခွန်အားနဲ့အလုပ်လုပ်တယ်။ ဆင်လိုလည်း ခွန်အားရှိရပါမယ်။ အဲဒါဟာ ပညာသင်၊ သာသနာပြု ရဟန်းတော်တွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ စိတ်ဓာတ်တွေပါပဲ။
ပညာသင်၊ သာသနာပြု လုပ်ငန်းတွေက တစ်ခေတ်ပြောင်းလာပါပြီ။ ရှေးခေတ်နဲ့ မတူတော့ပါဘူး။ သင်ရိုးသင်စဉ် ပိဋကတ်ကို မြန်မာနိုင်ငံမှာ စနစ်တကျသင်ပြီးတဲ့အခါ ပိဋကတ်ကို ခေတ်ပညာနဲ့တွဲပြီးတော့ Promotion လုပ်ဖို့ နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှာ ပညာသင် နေကြရပါပြီ။ ဒကာ/ဒကာမတွေရဲ့စိတ်ထဲမှာ ချစ်ခြင်းနဲ့ ကြည်ညိုခြင်း အဲဒီနှစ်ခုမရသေးတဲ့ ပုဂ္ဂိုလ်တွေဆီက ရလာအောင် ရပြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ချစ်ခြင်းကြည်ညိုခြင်းတွေကို ထိန်းသိမ်းထား နိုင်အောင် Preservation ကိုလည်း လုပ်ကြဖို့၊ အတွေးအခေါ် အယူအဆတွေကို သင်ကြားတဲ့ Promotion ကိုလည်း တိုးတက်အောင်လုပ်ကြဖို့၊ အနှောက်အယှက်တွေကြောင့် မူရင်းတွေ ပျောက်မသွားအောင်လည်း Protection လုပ်ကြဖို့၊ Propagation - ကိုယ်သင်ထားတဲ့ ဓမ္မကို ခေတ်နဲ့လျော်ညီအောင် ဖြန့်ချီခြင်းဆိုတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံတကာအသီးသီးမှာ အပင်ပန်းခံပြီး ပညာသင်ယူနေကြရပါတယ်။
ဘုရားအလောင်းတော်တို့ဟာ ဘုရားဖြစ်ဖို့ ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ တရားလေးပါးကို အဓိကထားပြီး ကျင့်သွားကြသလို ပညာတော်သင် ရဟန်းတော်များကလည်း မိမိတို့ရဲ့ ရည်ရွယ်ချက်တွေ မြင့်မြင့်ထားပြီး အောင်မြင်နိုင်ဖို့အတွက် ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ တရားလေးပါးကို လက်ကိုင်ထားပြီး ပညာသင်နေကြတာဖြစ်ပါတယ်။ မြန်မာရဟန်းတော်များဟာ တော်တယ်ဆိုတဲ့ (Reputation) ဂုဏ်သတင်းတွေဟာ (slowly slowly progress) ဖြေးဖြေးကနေ တက်လာမှာပါ။ (Bad news travel fast) မကောင်းသတင်းကတော့ ခဏကလေးနဲ့ ပျံ့သွားပါတယ်။
အထက်ပါမေးခွန်းနှစ်ရပ်အတွက် အနှစ်ချုပ်ပြန်ဖြေရမယ်ဆိုရင် နိုင်ငံခြားကိုပညာသင်ထွက်ကြတဲ့ ရဟန်တော်များရဲ့ အဓိကရည်ရွယ်ချက်ဟာ ဘာသန္တရစာပေတတ်ကျွမ်းပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို ခေတ်နဲ့လျော်ညီစွာ ဖြန့်ဖြူးနိုင်ဖို့ပဲဖြစ်ပါတယ်။ ပညာသင် အများစုကက အင်တာနက်ကို ဆက်သွယ်ရေးကဏ္ဍမှာ မရှိမဖြစ်လိုအပ်လို့ သုံးနေကြရတာပါ။ အွန်လိုင်းပေါ် ထိုင်ရင်းမဟုတ်တာ လုပ်နေတယ်ဆိုတာဟာ လုံးလုံးမရှိဘူးလို့တော့ မဆိုလိုပါဘူး။ အနည်းစုတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလုပ်တယ်ဆိုတာကလည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ တခါတရံပဲ ဖြစ်ပါတယ်။ အဲဒီ တခါတရံကိုပဲ နာမည်မပျက် ပျက်အောင် အမြဲတမ်းလုပ်နေသလိုလို.. ပြည်ပရောက် မြန်မာရဟန်းတော်တိုင်းဟာ အဲဒီလိုပဲ လုပ်နေကြသလိုလို ထင်ယောင်ထင်မှား ဖြစ်အောင် ၀ါဒဖြန့် နေကြတာဟာ အယောနိသောမိသိကာရ-ကြောင့်လို့ ယူဆပါတယ်။
လူတို့ရဲ့ သဘာဝအတိုင်း ချီးမွမ်းစရာကောင်းကွက်ကိုတွေ့ရင် ချီးမွမ်းဖို့အတွက် နှုတ်က ပြောမထွက်ပေမယ့် ကဲ့ရဲ့စရာ မကောင်းကွက်တွေ့ရင်တော့ ချက်ချင်းလက်ငင်း ပြောတတ်ကြပါတယ်။ ဒါ မဆန်းပါဘူး။ အခုလည်း ပြည်ပရောက် မြန်မာရဟန်းတော် (၈၀) ရာခိုင်းနှုန်းရဲ့ ကောင်းကွက်တွေကို မပြောကြပေမယ့် အနည်းငယ်သော (၂၀) ရာခိုင်နှုန်းလောက်ရဲ့ မကောင်းကွက်ကိုတော့ ရဟန်းတိုင်းလိုလိုပဲ ငွေကိုဖြုန်းတီးရုံမက သဒ္ဓါတရားကိုပါဖျက်ဆီးသလို ဖြစ်နေနေသယောင်ယောင် ပြောဆိုနေကြတာဟာ အမြင့်မပျံလို့ အမြင်မကျယ်တာလား။ အမြင်ကျယ်တယ်ထင်ပြီးတော့ပဲ အမြင့်ကိုမပျံဘဲနေတာလား။ ဒါမှမဟုတ်.....
တကယ့်တကယ်တော့ နာမည်ထွက်သလောက်ထိလည်း ဆိုးတဲ့ရဟန်းငယ်တွေက ဆိုးနေကြတာမဟုတ်ပါဘူး။ အဆိုးနဲ့အကောင်း ဒွန်တွဲနေတယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။ တစ်ချို့တစ်ချို့ ရဟန်းတော်တွေဟာ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတဲ့စိတ်နဲ့ အားကြိုးမာန်တက် သာသနာ့တာဝန်ကို ထမ်းဆောင်နေကြပါတယ်။ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ တစ်ချို့ ကျတော့လည်း လူမြင်ကောင်းအောင် သာသနာအကျိုးထမ်းဆောင်သလိုလိုနဲ့ မိမိဘ၀ကောင်းစားရေးကိုပဲ ဦးစားပေးနေကြတာ ရှိပါတယ်။ အဲဒီလိုဟန်ရေးပြလုပ်နေတဲ့ သံဃာအတုအယောင်တွေကိုတော့ လူအများစုက ရဟန္တာလို့ ထင်နေတတ်ကြပါတယ်။ သာသနာတော်မှာ အံ့ဖွယ်ရှစ်ဖြာ ရှိပါတယ်။ တကယ် စိတ်ဓာတ်အောက်တန်းကျတဲ့ အတုအယောင်တွေဟာ ရေရှည်မှာ တည်မြဲမှာမဟုတ်ပါဘူး။ သာသနာတော်ကတော့ သန့်ရှင်းနေမှာပါ။ သံဃာအတုအယောင်တွေကသာ ညစ်ကြေးမှုတွေနဲ့ ပြည့်သိပ်ပြီး တဖြေးဖြေး သဒ္ဓါအတုရှိတဲ့ လူသားတွေနဲ့ သီးခြားဖြစ်သွားပါလိမ့်မယ်။ စစ်မှန်တဲ့ ရဟန်းသံဃာတော်တွေကတော့ သဒ္ဓါစစ်ရှိတဲ့ ဒကာ ဒကာမတွေနဲ့အတူ သာသနာ့အကျိုးကို ဆထက်ထမ်းပိုးကာ သယ်ဆောင်ကြပါလိမ့်မယ်လို့ ဦးဇင်းယူဆမိပါတယ်။
အရှင်သာသန (မုံရွာ)

0 comments:
Post a Comment