* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 28, 2011

ဘဝနီတိ (၁)

သေးငယ်သော အကျင့်ဆိုး
သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။

ကျေးဇူးမဲ့သူ
အသင်က ကျေးဇူးပြုထားသူ တစ်ဦးသည် အသင်၏ ကျေးဇူးမဲ့ကို ပြုငြားအံ့။ အဘယ်သို့ သဘောထားမည်နည်း။ ကျေးဇူးမဲ့သူမှာ သူ့အပြစ် သူခံလိမ့်မည်ဖြစ်၍ စိတ်မကွက်ဘဲ ဥပေက္ခာပြုခြင်းသည် သူတော်ကောင်းစိတ်ဖြစ်သည်ကို သတိပြုပါ။

အရှက်နှင့်အကြောက်
မကောင်းမှုကို မကောင်းမှုမှန်း သိသဖြင့် ရှက်ကြောက်ရှောင်ကြဉ်ခြင်းထက် လူသိမည်ကို ရှက်သဖြင့် ရှောင်ကြဉ်ခြင်းသာ များ၏။ လောက၌ လူမသိအောင် ပြုလုပ်နိုင်သော မကောင်းမှုတို့သည် မကောင်းမှုသာ ဖြစ်သည်ဟု မျက်ကွယ်မျက်မှောက် ရှောင်ကြဉ်နိုင်မှသာလျှင် အထွတ်အထိပ် မြင့်မြတ်သော ရှက်ကြောက်ခြင်း (ဟိရိသြတ္တပ္ပ) ဖြစ်သည်ကို သိရာ၏။

အကျင့်သိက္ခာ
လိမ်လည်ကောက်ကျစ်ခြင်း၊ ခိုးခြင်း၊ လာဘ်စားခြင်း၊ ချောက်တွန်းခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကို ပြစ်မှားကျူးလွန်ခြင်း စသော အမှုဆိုး၊ ဒုစရိုက်တို့ကို အားလုံးဖြစ်စေ၊ အနည်းဆုံး တစ်ပါးမျှဖြစ်စေ ဤတစ်သက်တွင် အသက်သေစေကာမူ မဖောက်ပြန်၊ မကျူးလွန်ပါဟု အဓိဋ္ဌာန်ပြုနိုင်က သင်၏အကျင့်သိက္ခာ၊ အနိမ့်အမြင့် အဆင့်အတန်းမှန်ကို ဧကန်သိနိုင်မည့်အပြင် အကျိုးထူးတရားကိုလည်း ဒိဋ္ဌခံစားရမည်ဖြစ်၏။

အဆင်းတွန်းမချသင့်
ဒုက္ခရောက်နေသူကိုတွေ့လျှင် ကူညီနိုင်က ကူညီပါ။ မကူညီနိုင်လျှင် လျစ်လျူရှုပါ။ ရေနစ်နေသည့်သူကို ဝါးကူ၍နှစ်သလို တိုး၍ဒုက္ခရောက်အောင် မလုပ်ပါနှင့်။

အမှန်မပြောလို
လူတို့သည် သူတစ်ပါးတို့ မှန်ကန်စွာ ပြောဆိုခြင်းကို စင်စစ် နှစ်သက်ကြ၏။ သို့သော် မိမိတို့ကိုယ်တိုင်မူ အခါခပ်သိမ်း မှန်ကန်စွာ ပြောဆိုခြင်းကို မပြုတတ်ကြကုန်။

မတိုင်ပင်ကောင်း
အကြင်သူသည် မိန်းမလိုက်စား၊ လောင်းကစားနှင့် သောက်စားမူးယဇ် အပျော်ကြူးလေ့ရှိအံ့။ ထိုသူအား ရေးကြီးခွင်ကျယ် တိုင်ပင်ဖွယ်တို့ကို မတိုင်ပင် မဆွေးနွေး မပြောကြားရာ။

(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP