* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 17, 2011

“သညာသိ” နှင့် “ခန္ဓာသိ”


“သညာသိ” နှင့် “ခန္ဓာသိ”ရယ်လို့ အသိနှစ်မျိုး ရှိကြောင်း၊ အသိနှစ်ခုအနက် (စာသိ၊ ဗဟုသုတသိ-ဆိုတဲ့) “သညာသိ”ဟာ ကိလေသာ မလျော့ပါးစေနိုင်ကြောင်း . . . ရေးထားတာတစ်ခု facebookမှာ ဖတ်မှတ်လိုက်ရပါတယ်။ [ဆရာတော် အရှင်ဇ၀န၊ မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ အဆုံးအမ သြ၀ါဒ ဖြစ်တယ်လို့ ဆိုပါတယ်။]

(ဘယ်သူ့သြ၀ါဒပဲ ဖြစ်ဖြစ်ပါ။) (စာသိ၊ ဗဟုသုတသိ) “သညာသိ”ဟာ ကိလေသာ မလျော့ပါးစေနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံဖို့ ခက်လှပါတယ်။ ဓမ္မအသိမှန်သမျှဟာ ကိလေသာကို လျှော့ပါးစေနိုင်တယ်လို့ နားလည်မိပါတယ်။ တရားစာပေ (ဒါမှမဟုတ် အထွေထွေစာပေ) ဖတ်ရှုပြီး (စာသိ၊ ဗဟုသုတသိ) “သညာသိ”နဲ့ ပြည့်စုံသူဟာ အဲ့ဒီ အသိကြောင့် လောဘ၊ ဒေါသ . . . စတဲ့ ကိလေသာတွေကို ထိန်းချုပ်ထားနိုင်တယ် မဟုတ်လား။ လူတစ်ယောက် ဗဟုသုတ ရှိတဲ့အချိန်နဲ့ ဗဟုသုတ မရှိတဲ့အချိန် ဘယ်အချိန်မှာ ကိလေသာ အဖြစ်များမလဲ။

ဗုဒ္ဓစာပေမှာ မကြာခဏ တွေ့ရတဲ့ “အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာ၊ အသုဘသညာ”ဆိုတဲ့ “သညာသိ”တွေဟာ ကိလေသာကို လျော့ပါးအောင် မလုပ်နိုင်ဘူးလား။ ဆိုပါစို့ . . . ခန္ဓာကိုယ် အလှအပကို တွယ်တာတပ်မက်ရင် လောဘဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ . . . “အပုပ်ကောင် အပုပ်ခန္ဓာကြီးပါတကား”လို့ အသုဘသညာ ပွားလိုက်နိုင်ရင် လောဘကိလေသာ လျော့မသွားပေဘူးလား။

နောက်တစ်ခု . . .
ဥပမာ ဆိုပါစို့။
ဦးသိန်းစိန်သည် ငယ်စဉ်အခါက ဘာစာမှ မဖတ်။ စာသိ မရှိ။ ဗဟုသုတသိ မရှိ။ “သညာသိ” မရှိ။ သူသည် အလွန် ဒေါသကြီး၏။ သူသည် ထိုစဉ်က တစ်နေ့လျှင် အနည်းဆုံး ဆယ်ကြိမ် စိတ်တို၏။ သို့သော် အရွယ်ရလာသောအခါ စာပေလေ့လာလိုက်စား ဖတ်ရှု၍ စာသိ၊ ဗဟုသုတသိ၊ “သညာသိ” ရရှိလာ၏။ ထို့ကြောင့် ဒေါသကို ထိန်းချုပ်လာနိုင်၏။ တစ်နေ့လျှင် အများဆုံး ငါးကြိမ်သာ စိတ်တိုတော့၏။
ဒီ ဥပမာမှာ “သညာသိ”ကြောင့် ဒေါသကိလေသာ လျော့ပါးသွားပုံ မထင်ရှားဘူးလား။ ဒေါသကြီးသူ ဘယ်သူပဲဖြစ်ဖြစ် စာပေဖတ်ရှုပြီး ဗဟုသုတရှိလာရင် ဒေါသကို ထိန်းထားလာနိုင်တယ်ဆိုတာဟာ သဘာဝ မကျဘူးလား။ မဖြစ်နိုင်ဘူးလား။

နောက်တစ်ခု . . .
မသိမိုက်မဲမှုကို အ၀ိဇ္ဇာလို့ခေါ်ပါတယ်။ မောဟလို့ ခေါ်ပါတယ်။ ဒီမောဟကို စာသိ၊ ဗဟုသုတသိ၊ “သညာသိ”နဲ့ လျှော့ချလိုက်နိုင်တယ် မဟုတ်လား။ စာမတတ်သူ၊ စာမဖတ်သူဟာ ဗဟုသုတ မရှိပါဘူး။ မောဟအိုးကြီး ဖြစ်ပါတယ်။ အမှောင်တုံးကြီး ဖြစ်ပါတယ်။ သူ့ကို စာသင်ပေးလိုက်လို့ စာတတ်လာမယ်၊ စာဖတ်လာမယ်၊ ဗဟုသုတ ရှိလာမယ်ဆိုရင် သူ့သန္တာန်မှာ မောဟတွေ လျော့မသွားပေဘူးလား။ ဒါဆိုရင် “သညာသိ”ဟာ မောဟကို လျှော့ချနိုင်တယ်လို့ မဆိုသင့်ဘူးလား။

ဘယ်လိုပဲသိသိ အသိမှန်သမျှဟာ ကိလေသာကို လျှော့ချပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။ သိတယ်ဆိုရင် ဘယ်လိုပဲသိသိ၊ ဘယ်ကပဲသိသိ (အမြီးကပဲသိသိ ချိုကပဲသိသိ၊ ဖင်ကပဲသိသိ၊ ခေါင်းကပဲသိသိ) အသိမှန်သမျှက ကိလေသာကို လျှော့ချပေးနိုင်ပါတယ်။

နောက်ဆုံးတစ်ခု . . .
“သညာ”ဆိုတာ “ခန္ဓာ” မဟုတ်ဘူးလား။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ “သညာက္ခန္ဓာ” . . . လို့ ဆိုတယ် မဟုတ်လား။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ရယ်လို့ ခန္ဓာငါးပါး ရှိတယ် မဟုတ်လား။ “သညာ”ဟာ ခန္ဓာဖြစ်တဲ့အတွက် “သညာသိ”ဆိုတာ “ခန္ဓာသိ”ပဲ မဟုတ်ဘူးလား။

:)
ရှင်အာစာရ

Picture from (16 June 2011): http://www.daydaypaint.com/abstract-c-97.html

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP