* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 17, 2011

*ကတိသစၥာ*

“ကတိ သစ္စာတည်သော အခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။”
လောကီလူ့ဘောင်တွင် ကျင်လည်နေသမျှ မိတ်ဆွေသူငယ်ချင်း တစ်ဦးနှင့်တစ်ဦး ကတိသစ္စာရှိဖို့ အလွန် အရေးကြီးပါတယ်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဘယ်အလုပ်တွေကိုပဲ လုပ်နေပါရစေ တစ်ဦးအပေါ်တစ်ဦး ကတိသစ္စာတည်သော မိတ်ဆွေသူငယ်ချင်းမျိုး မိတ်ဆွေစစ် မိတ်ဆွေမှန် ရှိထားဖို့တော့ အလွန်လိုအပ်လှပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတို့တွင် “မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး” ဆိုတဲ့ စကားပုံလေးလည်း ရှိပါတယ်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချစွာ ပေါင်းသင်းနိုင်သော မိတ်ဆွေသူငယ်ချင်းသည် မိမိ၏ ဆွေမျိုးထက်ပင် မြတ်၏ဟု ဆိုလိုခြင်းဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က သတ္တကနိပါတ်၊ ပထမမိတ္တသုတ်၌ကား မိတ်ဆွေကောင်းမည်သည်
- ပေးနိုင်ခဲသော အရာကို ပေးစွန့်၏၊
- ပြနိုင်ခဲသော အရာကို ပြုပေး၏၊
- သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
- မိမိ၏လျှို့ဝှက်အပ်သော ကိစ္စကိုပင် မိတ်ဆွေအား မလျှို့ဝှက်၊
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော ကိစ္စကို စောင့်ထိန်း လျှို့ဝှက်ထား၏၊
- ဘေးရန်ကြုံသော်လည်း မိတ်ဆွေကို မစွန့်၊
- ဥစ္စာပျက်သော မိတ်ဆွေကိုသော်လည်း မလေးမစား မဆက်ဆံဟု ဟောတော် မူပြီး
ဒုတိယမိတ္တသုတ်၌ကား မိတ်ဆွေကောင်း မည်သည်
- ချစ်လည်း ချစ်ထိုက်၏၊ မြတ်လည်း မြတ်နိုးထိုက်၏၊
- အလေးအမြတ်လည်း ပြုထိုက်၏၊
- နှလုံးကိုလည်း ပွားစေတတ်၏၊
- ဆုံးမတတ်၏၊
- ဆုံးမမှုကို ခံယူ၏၊
- လေးနက်သော တရားစကားကို ပြောဟောတတ်၏၊
- မသင့်တော်သည့် ကိစ္စ၌ မတိုက်တွန်းဟု မိန့်တော်မူခဲ့ပါတယ်။
အထက်ဖော်ပြပါ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော မိတ်ဆွေစစ် လက္ခဏာများတွင် မိမိအား ယုံကြည်စိတ်ချစွာ တိုင်ပင်လာသော အကြောင်းကိစ္စကို မပေါက်ကြားအောင် စောင့်ထိန်းသကဲ့သို့ မိမိ၏ လျှို့ဝှက်ကိစ္စကိုလည်း မိတ်ဆွေစစ်သူငယ်ချင်းကို ဖွင့်ဟ တိုင်ပင်လေ့ရှိ၏ ဆိုသော အချက်ပါဝင်ပါတယ်။
အဲဒီလို လျှို့ဝှက်အပ်သော ကိစ္စကို မလျှို့ဝှက်ဘဲ သစ္စာမရှိသည့် မိတ်ဆွေတု သူယုတ်မာကြောင့် နဂါးတို့ ပျက်စီးရပုံကို ပဏ္ဍရနာဂဇာတ်၌ ဟောကြားထားတာ ငယ်ငယ်တုန်းက အဖေတို့ အမေတို့ ပြောပြခဲ့လို့ သိခဲ့ရပေမယ့် ခုချိန်မှာ ၀ိုးတ၀ါးဝါးလေး ဖြစ်နေပါတယ်။ ဆရာတော် အရှင်အာစာရ၏ မိတ်ဆွေကောင်း စာအုပ်ကို ဖတ်လိုက်ရတော့မှ ငယ်ငယ်တုန်းက သိခဲ့ရသော ဇာတ်တော်လည်း အသစ်တဖန် ပြည်လည်ပြီး ဒီလို အသက်ဝင်လာပါတယ်။
ရှေးအခါက ပဏ္ဍရနဂါးမင်းသည် သင်္ဘောပျက်၍ ကရမ္ပိယသင်္ဘောဆိပ်သို့ ရောက်လာသော ကုန်သည် တက္ကဒွန်း တစ်ယောက်ကို ဆည်းကပ်၏။ တစ်နေ့တော့ နဂါးတို့ကို ဖမ်းယူ စားသောက်ရန် အခက်တွေ့နေသော ဂဠုန်မင်းသည် နဂါးဖမ်းနည်းကို နဂါးမင်းထံမှ စုံစမ်းပေးရန် တက္ကဒွန်း ထံမှ တောင်းပန်၏။
နဂါးမင်းကလည်း လျှို့ဝှက် ကိစ္စဖြစ်သဖြင့် မပြောပဲနေပါတယ်။ ဒါပေမယ့် တက္ကဒွန်းက အထပ်ထပ်မေးလာသောအခါ မည်သူကိုမျှ “ပြန်မပြောရ” ဟု ကတိတောင်းပြီး လျှို့ဝှက်ကိစ္စကို ပြောပြလိုက်ပါတယ်။
နဂါးတို့၏ လျှို့ဝှက်ချက်မှာ နဂါးတို့သည် ကျောက်ခဲကြီးကြီးတွေကို ငုံထားပြီး ၀န်လေးအောင် ပြုလုပ်ထားသဖြင့် ဂဠုန်တို့ ဦးခေါင်းမှ ကိုက်ချီသောအခါ မချီနိုင်ဘဲ ရေထဲပြုတ်ကျပြီး ရေနစ်သေရပါတယ်။ အဲဒီလို မဟုတ်ဘဲ နဂါးတို့ကို အမြီးမှကိုက်ချီ၍ တွဲလဲချပြီး သုက်ချီလျှင် ကျောက်ခဲများထွက်ကျသွား၍ ပေါ့ပါးစွာဖြင့် သုက်ချီနိုင်မည်ဟု လျှို့ဝှက်ချက်ကို တက္ကဒွန်းကို ယုံကြည်စိတ်ချစွာ ပြောပြလိုက်မိပါတယ်။
ဒါပေမယ့် တက္ကဒွန်းသည် ပေးထားသော ကတိကို ဖျက်ပြီး ဂဠုန်တို့အား နဂါးတို့၏ လျှို့ဝှက်ချက်ကို ဖွင့်ဟပြောလိုက်သဖြင့် ဂဠုန်မင်းသည် နဂါးတို့ကို လွယ်ကူစွာ ဖမ်းနိုင်ခဲ့ပါတယ်။
ဤဇာတ်တော်မှ ကျွန်တော်တို့အတွက် ဘ၀တက္ကသိုလ် ခရီးကြမ်းကြမ်း ခရောင်းလမ်းကို ဖြတ်သန်းရသည့်အခါ သတိပြုစရာ ဆင်ခြင်စရာ မှတ်သားစရာများကို ပေးပါတယ်။ ကျွန်တော်တို့တွေအားလုံး မိတ်ဆွေစစ် မိတ်ဆွေမှန်များကို ရှာဖွေပေါင်းသင်း ဆက်ဆံတတ်ဖို့လည်း အလွန် အရေးကြီးလှပါတယ်။ ကိုယ်ကိုတိုင်လည်း ကိုယ်ရဲ့ မိတ်ဆွေသူငယ်ချင်း ချစ်ခင်မြတ်နိုး ကြင်နာသူအပေါ် ကတိသစ္စာ စောင့်သိစွာဖြင့် သူ့အကျိုး ကိုယ့်အကျိုး ရွက်သယ်ပိုးခြင်းဖြင့် ယုံကြည်စိတ်ချရသော မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှသာ နဂါးမင်း ပျက်စီးသလို မပျက်စီးရမှာဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများလည်း ဘ၀မှာ မိတ်ဆွေစစ် မိတ်ဆွေမှန်များနှင့် တွေကြုံ ဆုံဆည်းနိုင်ကြပါစေ။
တောသားလေး
ကိုးကား- ဆရာတော် ရှင်အာစာရ၏ မိတ်ဆွေကောင်း စာအုပ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP