* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 19, 2011

အလောင်းတော်ဘ၀ဖြစ်တော်စဉ် လင်္ကာများ


လင်္ကာ
အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကား ခို၊
ကျေးညို သုံးခါ၊ သံသာ ကြူးကျိပ်၊ ကရ၀ိက် ငါး၊ လေးကား ကိန္နရီ၊
စာမရီ တစ်ဆယ့်ငါး၊ မျောက်ကား တစ်ဆယ်၊ ဆင်ဝယ် ဆယ့်တစ်၊
နွားဖြစ် တစ်ဆယ့်လေး၊ ဧစ်ကေး သိန္ဓ၀၊ ကျွဲ အဋ္ဌနှင့်၊
သံမြ သံညောင်း ဥဒေါင်းနှစ်ခါ၊ သာလိကာသတ္တ၊
ဒွါဒသ ကြက်၊ ၀က်တစ်ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊
တစ်ရာ့သုံးဆယ်၊ ခြောက်ဖြစ်ဝယ်တွင်၊ အန္တရာယ်စွန်းငြိ၊ ဘေးမရှိသည့်၊
မုနိလျောင်းလျာ၊ စောသတ္ထာကို၊
အဟံ- အကျွနုပ်သည်၊
ဝန္ဒေ ၀န္ဒာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား ……


ဤလင်္ကာများတွင် ပါရှိသော တိရိစ္ဆာန်အရေအတွက်များသည် ဘုရားအလောင်းတော် နုစဉ်အခါက ပါရမီဖြည့်ဆည်းရင်း ကျင်လည်ခဲ့ရသော ဘ၀များတွင် အန္တရာယ်မရှိ၊ ဘေးမထိပဲ အခက်အခဲမှန်သမျှကို ကျော်လွှားကာ ဖြည့်ဆည်းခဲ့ရသော ဘ၀များကို သီကုံးထားခြင်းဖြစ်သည်။ တနည်းအားဖြင့် ပါဠိတော် အဋ္ဌကထာ ဋီကာ ဇာတ်တော်တို့၌ လာသော ဘုရားအလောင်းတော်၏ ဘ၀ဖြစ်စဉ်များကို စုပေါင်းကာ ဂါထာ သီကုံးထားသည်ကို တဆင့်မှတ်လွယ်အောင် လင်္ကာစပ်ဆိုထားခြင်းပင် ဖြစ်၏။

ယင်းဂါထာတို့ ဖြစ်ပေါ်လာရာကား အတိတ်တစ်ချိန်က သီဟိုဠ်ကျွန်းခေါ် ယနေ့ခေတ် သီရိလင်္ကာနိုင်ငံဝယ် ဒုဋ္ဌဂါမဏိမင်းကြီး အုပ်ချုပ်နေတော်မူစဉ် ရဟန္တာအရှင်မြတ်များက ဤဂါထာများကို သီကုံးကာ ဘုရားအလောင်းတော်၏ ပါရမီတော်တို့ကို အာရုံပြုကာ အမြဲတမ်း ရှိခိုးရန် မင်းကြီးအား ပေးခဲ့သည် ဟူ၏။

ထိုဂါထာတို့ကို ရွတ်ဖတ်သောကြောင့် ဒုဋ္ဌဂါမဏိမင်းကြီးသည် တော်လှန်ပုန်ကန်သူ သူပုန်များကို အောင်မြင်ပြီး ထီးနန်းစည်းစိမ်ကို ပြန်လည် ရရှိခဲ့သည် ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။


သက်ရှိ / သက်မဲ့ အရာဝတ္ထု ပုံသဏ္ဍာန်များ စက်လက္ခဏာခြေတော်ရာအတွင်း ပေါ်လွင်နေကြောင်း လင်္ကာ

သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍ ၊
ဖွယ်ရာ ခြံရံ၊ လှူဒါနံကြောင့်၊ ၀န်းရံပတ်လျက်၊ ရာရှစ်ကွက်ဖြင့်၊
မြချက်ပုံတောင်း၊ အကွက်ဆောင်း၍၊ ထောင်ပေါင်း အကန့်၊
ရှင်းသန့်ပြန့်သား၊ ခြေတော်ဖ၀ါး၌၊
ကြီးမားတေဇော်၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်၊
မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ
ရှိတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား ……

တဆက်တည်းတွင် စက်လက္ခဏာတော်များကို မြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဘ၀များဟု မှတ်ထင်နေကြ သည်။ မြတ်စွာဘုရားရှင်၏ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့တွင် ဆင် မြင်း ခြင်္သေ့ ကျား ဟင်္သာ ဥဒေါင်း စသော ဘ၀ဖြစ်စဉ်များသည် အလောင်းတော်၏ ဖြစ်ခဲ့ရာဘ၀များကား မှန်ပါ၏။

သံလျက်၊ လှံ၊ ယပ်တောင်၊ ရေအိုင် ၊ သမုဒ္ဒရာ စသော သက်မဲ့ဝတ္ထုများက ဘယ်လို အဓိပ္ပါယ်မျိုးဖြင့် ဖြစ်တော်ပေါင်း ထဲ ပါဝင်နေပါသနည်း ဟု ဗုဒ္ဓဘာသာ ရှင် လူ ရဟန်းအားလုံးက မှတ်ထင်ကာ မေးမြန်းတတ်ကြပါသည်။
အမှန်ကား စက်လက္ခဏာတော်များသည် ဖြစ်တော်စဉ် သက်သက်မဟုတ်ပဲ ဘုရားအလောင်းတော် ပါရမီဖြည့်တော်မူစဉ်ဘ၀များက --
၁။ သတ္တ၀ါများ ချမ်းသာအောင် ဆောင်ရွက်ခဲ့ခြင်း၊
၂။ ကြောက်ရွံ့ထိတ်လန့်နေသူများအား ကြောက်ရွံ့ မှု ကင်းအောင် ကူညီဆောင်ရွက်ပေးခဲ့ခြင်း၊
၃။ အခြံအရံနှင့် တကွဖြစ်သော လှူဖွယ်ပစ္စည်းများကို ပြည့်ပြည့်စုံစုံ လှူဒါန်းထောက်ပံ့ခဲ့သည်၊ ( အခြံအရံနှင့်တကွ ဟူသည် သင်္ကန်းလှူလျင် ဖိနပ် ထီး ယပ်တောင် မျက်နှာ သုတ်ပ၀ါ စသော ထပ်ပေါင်းး အသေးစားလှူဖွယ်များကိုလည်း လှူဒါန်းခဲ့ဖူးသည် )

ထိုသို့သော ပါရမီကောင်းမှုတို့၏ သင်္ကေတများကို ဖော်ပြလိုသောကြောင့် စကြ၀တေးမင်းနှင့်တကွ ၄င်း ၏ အသုံးအဆောင်များ၊ အခြွေအရံတို့၏ သင်္ကေတများ၊ စကြာဝဠာ၏ ပဓာနကျသော အရာဝတ္ထုများသည် မြတ်ဘုရား၏ ခြေတော်ရာတွင် အလိုအလျောက် ထင်ရှားဖြစ်ပေါ်လာကြသည် ဟု ကျမ်းဂန်တို့၌ ဖော်ပြထားကြ၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP