* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 19, 2011

*လူတစ်ယောက်၏ အနှစ်သာရတန်ဖိုး*


ကျွန်တော်တို့ လူတစ်ယောက်၏ အနှစ်သာရတန်ဖိုးကို ဘာတွေနဲ့ ဆုံးဖြတ်ကြမည်နည်း?။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်းဖြစ်လား?၊ ဘွဲ့ဒီဂရီ ပညာတွေနဲ့လား?၊ ဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးကို အခြေခံပြီး ရိုးသားကြိုးစား အကျင့်စာရိတ္တကောင်းမွန်ခြင်းများနှင့် ဆုံးဖြတ်ကြမည်လား?။ ကဲဘယ်လို ဆုံးဖြတ်ကြမလဲဗျာ။
ကျွန်တော်ကတော့ တခုချင်းစီကို ယခုလို စဉ်စားတွေးတော ကြည့်မိပါတယ်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူသည် အကျင့်စာရိတ္တ မကောင်းလျှင်လည်း ဘယ်လောက်ချမ်းသာနေပါစေ သူ့ပတ်ဝန်ကျင် စီးပွားရေးလုပ်ငန်းများ လုပ်သောအခါတွင် လူအများ၏ အယုံအကြည်ကင်းမဲ့မှုကို မလွဲမသွေ ခံရမှာ ဖြစ်ပါတယ်။ မသိခင်တုန်းကတော့ ပေါင်းကြသင်းကြမည် ဖြစ်သော်လည်း အကြောင်းသိသွားသောအခါ လက်တွဲဖြုတ်ကြမည်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ၏ အကျင့်စာရိတ္တကြောင့်ဘဲ ဖြစ်ပါတယ်။ အဲဒီလို လူမျိုးသည် ပစ္စည်းဥစ္စာ မရှိသော်လည်း လမ်းဘေးတွင် ဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး အခြေမဲ့ အနေမဲ့ဖြစ်၍ တောင်းရမ်းနေသော သူတောင်းစားလောက်မျှပင် လူအများ၏ သနားကြင်နာခြင်း ဂရုဏာဖြစ်ခြင်း ယုံကြည်ခြင်းကို ခံရမည် မဟုတ်ပါ။
ဒုတိယအချက်ဖြစ်သော ဘွဲ့ဒီဂရီ ပညာတွေနဲ့ စဉ်းစားရင်ရော ဘယ်လိုလဲ။ ပညာတွေ သင်ပြီး အဆင့်မြင့် ဘွဲ့တွေ ရထားပါသော်လည်း အဲဒီပညာကို အသိဥာဏ်ပညာနှင့်စဉ်းစား၍ ဟိရီ၊ သြတ္တပ္ပတရားဖြင့် ထိန်းကွပ်မထားနိုင်လျှင် အဲဒီသူ ဘယ်လောက်အောင်မြင်ပါစေ အကျင့်စာရိတ္တ မကောင်းလျှင် လူအများ ရှောင်ဖယ်ခြင်း ခံရမည်ဖြစ်ပါတယ်။ ကျွန်တော် သူများကို မဝေဖန်ဘူး။ ကိုယ်ကိုကိုယ် ဥပမာထားပြီး ဝေဖန်ကြည့်မယ်ဗျာ။ ကျွန်တော် အဆင့်မြင့် ပညာတွေသင် ဘွဲ့တွေရထားပြီး ကိုယ်ပတ်ဝန်းကျင် လူအများက အထင်ကြီးလေးစားနေသောချိန်တွင် ဘယ်သူမှ မသိအောင် မူးယစ်သောက်စားရမ်းကားမယ်၊ လစ်ရင်လစ်သလို သူများပစ္စည်းကို ခိုးနေမယ်၊ မကောင်းတာမှန်သမျှ အကုန်လုပ်နေမယ် ဆိုပါစို့ဗျာ။ အများမသိခင်တော့ ဘာဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် သိလာသော တစ်နေ့တွင် ပထမဆုံး ကိုယ့်ကိုကိုယ် ထိခိုက်မည်၊ ကိုယ့်မိဘဆွေမျိုး ပတ်ဝန်းကျင် ထိခိုက်မည်၊ ကိုယ့်ကို သင်ကြားမွေးထုတ်ပေးသော ဆရာသမားများကို ထိခိုက်မည်၊ ကိုယ့်ကျောင်း၊ ကိုယ့်နိုင်ငံ ထိခိုက်မည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ဆိုသလို ကျွန်တော်ကြောင့် ကျွန်တော်ထက်တော်သော ထူးချွန်သောသူများ၊ သူငယ်ချင်းများကို လူအများက အထင်သေးခြင်း ခံရလိမ့်မည်။ အဲဒါဘာလဲဆိုတော့ ပညာရှိသတိဖြစ်ခဲ ဆိုသလို သတိနှင့် မထိန်းချုပ်နိုင်လို့ ဖြစ်သွားခြင်း ဖြစ်ပါတယ်။
အဲဒီလို မကောင်းမှုကံ ပြုလုပ်ရန် မရှက်တတ်ခြင်းနှင့် မကြောက်တတ်ခြင်း အဟိရီကနှင့် အနောတ္တပ္ပ အယုတ်တရားတို့ ကိန်းဝပ်နေသောသူသည် သူတစ်ပါးပတ်ဝန်းကျင်က မသိခဲ့ရင်တောင်မှ ဘေးအန္တရာယ်ဆိုးလေးမျိုးနှင့် မလွဲ မသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို စာရေးဆရာမ မလေးငြိမ်ရေးသားသော မြင့်မြတ်ခြင်း၏ တည်ရာဓမ္မ စာအုပ်မှ ရှက်ခြင်းနှင့် ကြောက်ခြင်း ခေါင်းစဉ်အောက်မှ စာသားလေးကို နှစ်လည်းနှစ်သက် အတုယူစရာလည်း ကောင်းပါသဖြင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။
“အဟိရီကနှင့် အနောတ္တပ္ပတို့ သည် မည်သည့် မကောင်းမှုကိုမဆို ပြုရန် အရှက်အကြောက် ကင်းမဲ့စေ၏။ မစင်၌ နှစ်သက်စွာ လူး၍ မစင်ကိုပင် မွန်မြတ်သော အစာထင်သည့် ၀က်များနှင့် အလားတူ၏။
မကောင်းမှုပြုရန် အရှက်အကြောက် ကင်းမဲ့သော သူယုတ်မာတို့သည် ဘေးအန္တရာယ် ဆိုးလေးမျိုးနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်၏။
မကောင်းမှုပြုပြီးနောက် မိမိအား သူတစ်ပါးမသိအောင် ဟန်ဆောင်ပန်ဆောင် ဖုံးကွယ် လှည့်စားနိုင်စေကာမူ မိမိသည် မသူတော်သာလျှင် ဖြစ်ကြောင်း မိမိကိုယ်တိုင် အသိဆုံးဖြစ်၏။ (အတ္တာနုဝါဒဘေး)
မကောင်းမှုပြုသူတို့အား ရှေ့မှောက်၌ဖြစ်စေ၊ နောက်ကွယ်မှာ ဖြစ်စေ တစ်ပါးသူတို့ ကဲရဲ့စောင်းမြောင်း မေးငေါ့ကာ အော့နှလုံးနာကြမည်။
(ပရာနုဝါဒဘေး)
ယခုပစ္စုပ္ပန် ဘ၀မှာပင် ဥပဒေအရ အရေးယူခံရလိမ့်မည်။
(ဒဏ္ဍဘေး)
သေခါနီးတွင် မကောင်းမှုကံ၏ ဆိုးဝါးသော အာရုံနိမိတ်များ ထင်မြင်လာပြီး ကြီးစွာထိတ်လန့် ကြောက်ရွံ့ကာ နောင်တရလိမ့်မည်။ ထိုမျှမကသေးဘဲ နောက်နောက် ဘ၀များမှာလည်း အပါယ်ဘေးမှ ပြေးမလွတ်နိုင်ချေ။
(ဒုဂ္ဂတိဘေး)
အလွန်ပါးနပ်၍ အလွန်လည်ပတ်သော မကောင်းမှုကံ ကျူးလွန်သူသည် ရှေ့ ရှေ့ ဘေးသုံးမျိုးကို လွှဲရှောင်ရန် တတ်နိုင်စေကာမူဦးတော့ ဒုဂ္ဂတိဘေးကိုမူ ဧကန်အမှန် ကျခံရမည်ဖြစ်ပါ၏။
သို့ဖြစ်ရာကား ပုထုဇဉ်လူသားတို့သည် မကောင်းမှုကို မပြုမိအောင် အရှက်တရားနှင့် အကြောက်တရား မွေးမြူထားဖို့များစွာ အရေးကြီးလှ၏။
နေ့စဉ်အိပ်ရာမ၀င်မီ မိမိတို့တစ်နေ့တာအတွက် ပြုခဲ့သည့် ကောင်းမှုနှင့် မကောင်းမှုတို့ကို ပြန်လည် စဉ်းစားသုံးသပ်သင့်၏။ ကောင်းမှု ပြုမိပါက မျက်နှာပေါ်မှာ အဖြူစက်တစ်စက် ချ၍ မကောင်းမှု ပြုမိပါက အမည်းစက်တစ်စက် မှတ်သားကြည့်ပါ။ ကာလကြာမြင့်သောအခါ မိမိ၏ မျက်နှာသည် အဖြူရောင် ဖြစ်လာမည်လား။ အမည်းရောင် ဖြစ်သွားမည်လား။ ဤနည်းကို စိတ်ဖြင့် ထာဝစဉ် အလေ့အကျင့် ပြုသင့်၏။ မိမိကိုယ်တိုင်ကလည်း အဖြူရောင်ကို လိုလားနှစ်သက်ဖို့  ပဓာနကျလှ၏။”
အထက်ပါ အကြောင်းအရာများနှင့် ကျွန်တော်၏ တွေးတောချက်များကို ပေါင်းစပ်ချုံငုံကြည့်လျှင် လူတစ်ယောက်သည် ဘ၀ပေးအခြေအနေရ ဆင်းရဲမည်၊ ပညာမသင်ခဲ့ရ၍ အဆင့်မြင့် ဘွဲ့ဒဂရီတွေ မရခဲ့ခြင်းဖြစ်မည် ဖြစ်သော်လည်း အဲဒီသူတွင် ရိုးသားခြင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ခြင်း ဟူသော ဂုဏ်ပုဒ်နှစ်ခုကို ပိုင်ဆိုင်ထားလျှင် အဖိုးမဖြတ်နိုင်သော တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်မည်ဖြစ်ပါတယ်။ အဲဒီလို သူမျိုးကို ဘယ်နေရာရောက်ရောက် လူအများ၏ ယုံကြည်ခြင်း ချစ်ခင်လေးစားခြင်းကို ခံရမည်မှာ မလွဲမသွေ ဖြစ်ပါတယ်။ သူတော်ကောင်းတို့ကလည်း ချစ်မြတ်နိုးခြင်း ခံရမည် ဖြစ်ပါတယ်။ တစ်နေ့တွင်လည်း အဲဒီသူဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမည် ဖြစ်ပါတယ်။ အကယ်၍ ပစ္စည်းဥစ္စာတွေလည်း အရမ်းချမ်းသာ၊ ပညာတွေကို အများကြီးသင် ဘွဲ့ဒဂရီတွေလည်း တန်းစီနေပြီး အကျင့်စာရိတ္တကလည်း ကောင်းမွန်နေသော သူဖြစ်လျှင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား လောကတွင် အဖိုးမဖြတ်နိုင်သော လူတိုင်းယုံကြည်လေးစားခြင်းခံရသော လူတော်လူကောင်း အဖြစ် ပန်းသတင်း လေးညှင်းဆောင် ဆိုသလို အဲဒီသူ၏ မွေးပျံ့သော သတင်းသည်လည်း ပတ်ဝန်းကျင် လူတကာ့ နှုတ်ဖျားတွင် ရေပန်းစားနေမည် ဖြစ်ပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက ကလည်း-
“သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရ ရုံဘဲရှိမယ်၊ ကိုယ့်ကိုယ်ကို မကြည်ညိုရင် အပါယ်ကျတတ်တယ်၊ အကြောင်းကား သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြာင့်တည်း” ဟု ယခုလို ဆုံးမထားပါတယ်။
ထို့ကြောင့် ရခဲလှသော လူဘ၀တွင် တန်းဖိုးရှိသော အဆင့်အတန်းရှိသော လူတစ်ယောက်အဖြစ် အများအသိအမှတ်ပြုခံရရန်အတွက် အဓိကအားဖြင့် ဟိရီနှင့် သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးကို အခြေခံပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော အနိမ့်ဆုံးအဆင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ကျင့်သုံးသွားလျှင်ဖြင့် အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်း တစ်ယောက် အဖြစ် ပွဲလယ်တင့်တယ်မည် ဖြစ်ပါတယ်။ ထို့ကြောင့် လူတစ်ယောက်တွင် ရိုးသားခြင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည် အလွန်အရေးကြီးလှပါတယ်။ အများအမြင် ကိုယ့်အမြင့်နှင့်ရော အကျင့်စာရိတ္တ ကောင်းမွန်သော လူတိုင်း ယုံကြည်လေးစားရသော သူများအဖြစ် ပွဲလယ် တင့်တယ်နိုင်ကြပါစေ။
ကျွန်တော် အရေးအသားများတွင် အမှားများရှိပါကလည်း စာဖတ်သူများအနေဖြင့် နားလည် ခွင့်လွတ်ပေးရန်နှင့် စာဖတ်သူတို့ဖက်မှ ကျွန်တော့် အမြင်လေး မှားယွင်းနေလျှင်လည်း ထောက်ပြဆုံးမနိုင်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP