* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 19, 2011

ရဟန်းနှင့် မစ္စတာဂစ်တာ

(၁)
ဥရောပနိုင်ငံတစ်နိုင်ငံသို့ ဓမ္မခရီးထွက်မည့် မိတ်ဆွေရဟန်းတော်၏ ဖိတ်ကြားချက်အရ မစ္စတာဂစ်တာသို့ သူ ရောက်ရှိခဲ့လေသည်။ ထိုနေ့က မစ္စတာဂစ်တာတွင် သူနှင့် မိတ်ဆွေရဟန်းတော်(၆)ပါးခန့်စုမိခဲ့ကြသည်။ ရဟန်းတော်များအတွက် ဝေယျာဝစ္စပြုလုပ်ပေးရန် တတ်သိနားလည်သော ကပ္ပိယကျောင်းသားတစ်ယောက်ကို မိတ်ဆွေရဟန်းတော်က အပါခေါ်လာခဲ့သည်။


အင်တာနေရှင်နယ်ကပ္ပိယကောင်းတစ်ယောက်ဖြစ်နိုင်သော အရည်အချင်းမျိုး ထိုကျောင်းသားတွင် ရှိနေခဲ့ပါသည်.။ ဘိုစာလည်း တတ်၊ ၀ိနည်းလည်း နားလည်၊ စားသောက်ဆိုင်ယဉ်ကျေးမှုနှင့် နိုင်ငံတကာအက်တီကက်များကိုပါ ကျွမ်းဝင်နေခြင်းမျိုးဖြစ်သည်။ ကပ္ပိယကျောင်းသားတစ်ယောက်သာ သူတို့နှင့် ပါမလာခဲ့လျှင် မစ္စတာဂစ်တာသည် ရဟန်းတော်များအတွက် ခပ်စိမ်းစိမ်းကြီး ရှိနေပါလိမ့်မည်..။

ရဟန်းတစ်ပါးနှင့် မစ္စတာဂစ်တာသည် ခပ်လှမ်းလှမ်းမှာ ရှိနေခဲ့သည်..။ (ခပ်လှမ်းလှမ်းမှာပဲ ရှိနေသင့်သည်ဟု ထိုနေ့က သူ သိခဲ့ပါသည်။ ) စာနယ်ဇင်းနှင့် အနုပညာစာမျက်နှာပေါ်က နေမျိုးဆေး၏ ကောက်ကြောင်း ပန်းချီများနှင့် ရင်းနှီးနေခဲ့သလို နေမျိုဆေးနှင့် တွဲ၍ မကြာခဏ နားစည်ကို ခလုပ်တိုက်လေ့ရှိသော မစ္စတာဂစ်တာကိုလည်း မှတ်မှတ်ထင်ထင်ရှိနေခဲ့သည်။


သူ ရွှေပြည်တော်သို့ ပြန်လည်ရောက်ရှိခိုက် မိတ်ဆွေရဟန်းတော်၏ သတင်းကောင်းကို ကြားရသည်..။ ဥရောပနိုင်ငံတစ်နိုင်ငံသို့ သာသနာပြုဓမ္မခရီးထွက်ခွာရန် ဗီဇာနှင့် လေယာဉ်လက်မှတ်အသင့်ရှိနေပြီ..။ မဇ္ဈိမမှ ပြန်ကြွလာသည့် မိတ်ဆွေရဟန်းတော်များကို တွေ့ဆုံနှုတ်ဆက်ကာ နေ့ဆွမ်းဆက်ကပ်ချင်သည် ဟု ဆိုလာသည်။ သို့နှင့် သူက သူမရောက်ဖူးသော မစ္စတာဂစ်တာကို ညွှန်းလိုက်ပါသည်။


ဝိပဿနာကမ္မဋ္ဌာန်းနည်းပြ မိတ်ဆွေရဟန်းတော်တစ်ပါးကို နိုင်ငံခြားသားယောဂီလူငယ်တစ်ဦးက သံသယဖြစ်စွာ မေးခွန်းတစ်ခု မေးခဲ့ဖူးသည်ကို အမှတ်ရ၏။
'' ဘန္တေ..၀ိပဿနာတရားတွေ နည်းပြနိုင်အောင် ကိုယ်တိုင်ကော အားထုတ်ဖူးရဲ့လား၊ ကိုယ်တိုင်အားမထုတ်ဖူးဘဲနဲ့ နည်းပြမယ်ဆို ထိရောက် အောင်မြင်ပါ့မလား''
မိတ်ဆွေရဟန်းတော်ကလည်း မေးခွန်းတစ်ခုကိုသာ ပြန်မေးခဲ့ပါသည်။
'' ကမ္ဘာကျော်ဘောလုံးနည်းပြ ဟိုးဆေး မော်ရင်ဟိုကို သိသလား ''
မော်ရင်ဟိုဆိုသော ခပ်စွာစွာ ငနဲကြီးက ဘောလုံးဖြစ်ဖြစ်မြောက်မြောက်ကန်ဖူးသည်ဟု မှတ်တမ်းမရှိ.. သို့သော် နည်းပြကောင်းတစ်ယောက်တော့ဖြစ်နေသည်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထ ဗုဒ္ဓအဖြစ်ကို မရမီ နည်းပြဆရာနှစ်ဦးနှင့် ဆုံခဲ့ရသေးသည်။ အာဠာရ ရသေ့ကြီးကတော့ ကိုယ်တိုင်အားထုတ်ထားသည့် ဈာန်တရားကို နည်းပြပေးခဲ့သည်။ ဖာဂူဆန်လို နည်းပြမျိုး..။ ဥဒကရသေ့ကြီးကတော့ ဖခင်ဆီက အမွေရထားသည့် ကိုယ်တိုင် အားထုတ်လို့ မအောင်မြင်သေးသော တရားကျင့်မှတ်တမ်း(Records) ကို ကိုင်ပြီး နည်းပြခဲ့သည်..။ မော်ရင်ဟိုလို နည်းပြမျိုး..။ ဘာပဲဖြစ်ဖြစ် အလောင်းတော်သိဒ္ဓတ္ထ လောကီဈာန်သမာပတ်လမ်းပေါ် အောင်မြင်စွာ လျှောက်ခဲ့ဖူးလေသည်။ (လောကုတ္တရာလမ်းကိုသာ နည်းပြမပါဘဲ လျှောက်ခဲ့ခြင်းဖြစ်သည်။)


သူလည်း မစ္စတာဂစ်တာကို ကြားဖူးနားဝဖြင့် ညွှန်းလိုက်ခြင်းဖြစ်သည်..။နိုင်ငံရပ်ခြားသာသနာပြုကြွမည့် ရဟန်းတော်တစ်ပါးအတွက် ဟိုတယ်၊ စားသောက်ဆိုင်ယဉ်ကျေးမှုနှင့် အက်တိကတ်နည်းနားများက မဖြစ်မနေ သိထားအပ်သော သုတပညာတစ်ခုဖြစ်လာပြီ ဟု ယုံကြည်စွာ မစ္စတာဂစ်တာကို ညွှန်းလိုက်ခြင်းဖြစ်ပါသည်။

(၂)
ဗုဒ္ဓအရှင်က သာဝကရဟန်းများအတွက် စားဝတ်နေရေနှင့် ပတ်သက်၍ အချိုးကျစေရန် သေခိယသိက္ခာပုဒ်များဖြင့် ပုံသွင်းခဲ့ပြီးဖြစ်ပါသည်။ စုပေါင်းဆွမ်းဘုန်းပေးသည့် ဓလေ့ကို ကျင့်သုံးလေ့ရှိသော ဗုဒ္ဓဘာသာ ကျောင်းဝိဟာများကို သွားရောက်လေ့လာလျှင် အာဟာရသုံးဆောင်နေသော ရှင်ရဟန်းများ၏ အိနြေ္ဒကြီးလှသော ကြည်ညိုဖွယ်ပုံရိပ်များကို ဖူးတွေ့ရမည်သာ ဖြစ်လေသည်..။ သို့သော် ယနေ့ ကျောင်းဝိဟာအပြင်ဘက်ကို ထွက်ခဲ့ကြရပြီ။ နိုင်ငံနယ်နိမိတ်ကို ကျော်ဖြတ်ကြရပြီ..။

ဘုရားရှင်လက်ထက်တော်က သာသနာပြုရဟန်းတော်အများစုမှာ ထိုခေတ်ထိုအခါ ထိုမျိုးဆက်၏ လူကုံထံအသိုင်းအ၀ိုင်းမှ သာသနာတွင်း ၀င်ရောက်လာသူများဖြစ်ကြသည်။ လူမှုရေးအထက်တန်းလွှာဆိုသူများနှင့် တစ်သားတည်းကျအောင် ရောနှောသာသနာပြုနိုင်စွမ်းရှိသည်။ ဗုဒ္ဓခေတ်မဇ္ဈိမလောကီကို ကျွမ်းဝင်စွာ ဖြတ်သန်းခဲ့ပြီးသည့်အပြင် ၀ိနည်းဒေသနာလာ သိက္ခာကျင့်ဝတ်တို့ဖြည့်စွက်လိုက်သောအခါ တင်းပြည့်သာသနာပြုရဟန်းတော်များအဖြစ် မျက်လုံးအားလုံးအတွက် အထင်ကြီးလောက်ဖွယ် ပုံရိပ်များကို ဖန်တီးနိုင်ကြသည်။

မည်သို့ဆိုစေ ကျောင်းကန်ဝိဟာအပြင်ဘက်ကို ကျော်လွန်၍ နိုင်ငံတကာနယ်နိမိတ်စည်းများကို ဖြတ်သန်းရသောအခါ လူမျိုး၊ယဉ်ကျေးမှုနှင့် ဘာသာစကားအလိုက် ကျင့်သုံးလိုက်နာရမည့်အရာများကို သင်ယူရပေတော့မည်။ Do and Don't ကိုမှ နားမလည်ခဲ့လျှင် အရည်အသွေးပြည့်သာသနာပြုရဟန်းကောင်းတစ်ပါးဖြစ်ဖို့ လွယ်မည်မထင်..။ စားရေးသောက်တာနှင့် နေမှုထိုင်မှုစသည် အချိုးပြေပြေဖြစ်ဖို့ ဆည်းပူးရပေတော့မည်။

သာသနာပြုရဟန်းတစ်ပါးအတွက် ပထမဆုံး လေးစားလောက်ဖွယ်အသွင်အပြင်(Impressive Image)တစ်ခုရှိရမည်မှာ အသေအချာပင်ဖြစ်သည်။ အရှင်သာရိပုတ္တရာလောင်းလျာ ကောလိတပရဗိုဇ်၏ မျက်ဝန်းတွင် အရှင်အဿဇိ၏ သိမ်မွေ့သောအမူအရာအသွင်အပြင်က စွဲထင်စေခဲ့သည်။ အသောကဧကရာဇ်၏ နန်းရင်ပြင်ထဲ ဖြတ်လျှောက်သွားသော နိဂြောဓသာမဏေငယ်လေး၏ ငြိမ်သက်တည်ကြည်သော ခြေလှမ်းများက မောရိယနိုင်ငံတော်ကို ဓမ္မအရောင်လွှမ်းစေခဲ့သည်။

ဓမ္မဒဿီဘွဲ့ခံ အရှင်အရဟံကိုယ်တော်ကြီးကို အနော်ရထာမင်းမြတ်နှင့် ပုဂံသားတို့အသည်းစွဲခဲ့ကြသည်မှာ ကြည်ညိုဖွယ်အသွင်အပြင်က အစပျိုးခဲ့ခြင်းပင်ဖြစ်လေသည်။

(၃)

မြန်မာရဟန်းတော်အများစုကတော့ များသောအားဖြင့် နိုင်ငံတကာအမြင်ဆိုသော ဝေါဟာရနှင့် ယခုမှ မိတ်ဆက်နေရဆဲဖြစ်သည်။ တစ်ပါးစနှစ်ပါးစ ထွန်းပေါက်ခဲ့ဖူးသော်လည်း လက်ချိုးရေတွက်လို့ ရနေသေးသည်ကို ပွင့်လင်းစွာ ၀န်ခံရပေမည်။ ထိုသို့ ထွန်းပေါက်ခဲ့သည်ဟု လက်မထောင်ဝင့်ကြွားရသည့် သာသနာပြုအကျော်များသည်ပင် နိုင်ငံတကာမျက်လုံးထဲတွင် ခပ်ပါးပါးမျှလေး နေရာရဖို့ လွန်မင်းစွာ အားထုတ်ခဲ့ကြရသည်ကို ဖတ်မှတ်ဖူးပါသည်။ အရှင်သေဋ္ဌိလနှင့် အရှင်ရေ၀တဓမ္မတို့၏ အတ္ထုပ္ပတ်များ..။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP