* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 7, 2011

Cakkavattisutta (Part 3, The End) - စက္က၀တ္တိသုတ် (အပိုင်း ၃၊ နိဂုံး)

ဆယ်နှစ် သက်တမ်း အချိန်

အသက်အဆင်း အဆင့်ဆင့် ယုတ်လျော့ယုတ်လျော့၍ သွားလေရာ ဆယ်နှစ်သာ အသက်ရှည်အံ့သော အခါမျိုးသည် ဖြစ်လတ္တံ့။

လူတို့သည် ဆယ်နှစ်သာ အသက်ရှည်ကုန်လတ်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးတို့သည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတ္တံ့။ ဆယ်နှစ်အသက်ရှည်သော လူတို့၌ “ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ ဆား”ဟူသော မြတ်သောအရသာတို့သည် ကွယ်ပျောက်ကုန်လတ္တံ့။ ယခုအခါ စားဖွယ်တို့တွင် အသားရောသော သလေးထမင်းသည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ဆယ်နှစ်သာ အသက်ရှည်သော လူတို့၌ လူးထမင်းသည် စားဖွယ်တို့တွင် အမြတ်ဆုံးဖြစ်လတ္တံ့။ ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အကြွင်းမဲ့ ကွယ်ပျောက်ကုန်လတ္တံ့။ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အလွန်လျှင် ထွန်းပကုန်လတ္တံ့။ ကောင်းမှုဟူသော အမည်မျှသည်လည်း မရှိလတ္တံ့။ ကောင်းမှုကို ပြုသူကား အဘယ်မှာ ရှိအံ့နည်း။ အမိ၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုသူ၊ အဖ၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုသူ၊ သမဏတို့၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုသူ၊ ဗြာဟ္မဏတို့၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုသူ၊ အမျိုးတို့၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုသူ။ ဤသူတို့ကို ပူဇော်ရလတ္တံ့၊ ချီးမွမ်းရလတ္တံ့။ အမိဟူ၍လည်းကောင်း၊ မိကြီးမိထွေး ဟူ၍လည်းကောင်း၊ အရီးကြီး အရီးလေးဟူ၍လည်းကောင်း၊ ဆရာ့မယားဟူ၍လည်းကောင်း၊ အလေးအမြတ်ပြုထိုက်သူ ဘကြီး ဘထွေးစသည်တို့၏ မယားဟူ၍လည်းကောင်း ရိုသေလေးမြတ်သောစိတ် မဖြစ်လတ္တံ့။ ဆိတ် သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ လောကသည် ရောယှက်ရှုပ်ထွေး စည်းကမ်းပျက်ခြင်းသို့ ရောက်လတ္တံ့။ အချင်းချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ် ရှိခြင်းသည် ထင်ရှားဖြစ်လတ္တံ့။ အမိကလည်း သား၌ သားကလည်း အမိ၌၊ အဖကလည်း သား၌ သားကလည်း အဖ၌၊ မောင်ကလည်း နှစ်မ၌ နှစ်မကလည်း မောင်၌ ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတ္တံ့။ သားသမင်ကို တွေ့မြင်သော် သားမုဆိုးအား ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်း ဖြစ်ပေါ်သကဲ့သို့ ဤအတူ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ထိုသတ္တဝါတို့ အချင်းချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတ္တံ့။ ခုနစ်ရက်ပတ်လုံး သတ္ထန္တရကပ် ဆိုက်လတ္တံ့။ ထိုသူတို့ အချင်းချင်း သားကောင်ဟု မှတ်ကြကုန်လတ္တံ့။ ပြင်းထန်သော လက်နက်တို့သည် ထိုသူတို့၏ လက်တို့၌ ထင်ရှားဖြစ်ကုန်လတ္တံ့။ ထိုသူတို့သည် ပြင်းထန်သော လက်နက်ဖြင့် “ဤသည်ကား သားကောင်တည်း၊ ဤသည်ကား သားကောင်တည်း”ဟု အချင်းချင်း သတ်ဖြတ်ကုန်လတ္တံ့။

ထိုအခါ ထိုသတ္တဝါတို့တွင် အချို့ကား ဤသို့ အကြံဖြစ်လတ္တံ့။
“ငါတို့သည် တစ်စုံတစ်ယောက်ကိုမျှ မသတ်ကုန်အံ့။ ငါတို့ကိုလည်း တစ်စုံတစ်ယောက်သည် မသတ်စေသတည်း။ ငါတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့လည်းကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့လည်းကောင်း ဝင်၍ တောသစ်မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတနေရပါကုန်မူကား ကောင်းလေစွ။”

ထိုသူတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့ လည်းကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့ လည်းကောင်း ဝင်၍ ခုနစ်ရက်ပတ်လုံး တောသစ်မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတ နေကုန် လတ္တံ့။ ထိုသူတို့ သည် ခုနစ်ရက်လွန်သဖြင့် မြက်တော ချုံနွယ်တော သစ်ပင်တော ရောက်နိုင်ခဲသော မြစ်လယ်ကျွန်း တောင်ချောက်ကြားမှ ထွက်ကုန်၍ အချင်းချင်း ပွေ့ဖက်ကုန်လျက် “အချင်းတို့ သတ္တဝါတို့ကို မြင်ရကုန်သေး၏၊ ငါ အသက်ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏။ သတ္တဝါတို့ကို မြင်ရကုန်သေး၏။ ငါ အသက် ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏”ဟု မိမိနှင့် သဘောတူသည်ကို ပြုကုန်လတ္တံ့။ သက်သာရာ ရကုန်လတ္တံ့။

------

အသက် အဆင်း စသည် တိုးပွါးခြင်း အကြောင်း

ထိုအခါ သတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့။
“ငါတို့သည် အကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် ဤသို့ သဘောရှိသော များစွာသော အဆွေအမျိုးတို့၏ ဆုံးရှုံးခြင်းသို့ ရောက်ကုန်၏။ ငါတို့သည် ကုသိုလ်ကို ပြုကြရမူ ကောင်းလေစွ။ အဘယ်ကုသိုလ်ကို ပြုကြရပါမည်နည်း။ ငါတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြရမူ ကောင်းလေစွ။ ဤကုသိုလ်တရားကို ကျင့်ကြံရမူ ကောင်းလေစွ။”

ထိုသူတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ် ကုန်လတ္တံ့။ ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့။ ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အသက်အားဖြင့်လည်း တိုးပွားကုန်သော အဆင်းအားဖြင့်လည်း တိုးပွားကုန်သောဆယ်နှစ် အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အသက်နှစ်ဆယ် ရှည်ကုန်လတ္တံ့။

ထိုအခါ ထိုသတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့။
“ငါတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွားကုန်၏။ အဆင်းအားဖြင့်လည်း တိုးပွားကုန်၏။ ငါတို့သည် ကုသိုလ်ကို တိုးတက်ပိုမို၍ ပြုကြရမူ ကောင်းလေစွ အဘယ်ကုသိုလ်ကို ပြုကြရပါကုန်အံ့နည်း။ ငါတို့သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြရမူ၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ သူတစ်ပါးစည်းစိမ်၌ ရှေးရှုကြံခြင်းကို စွန့်ကြရမူ၊ ပျက်စီးစေလိုခြင်းကို စွန့်ကြရမူ၊ မှားသောအယူကို စွန့်ကြရမူ၊ မတရားသော တပ်မက်ခြင်း အမိ အဒေါ် စသည်၌ တပ်မက်ခြင်း အဓမ္မရာဂ၊ အလွန်အကြူးတပ်မက်ခြင်း လောကထုံးတမ်းအားဖြင့် သုံးဆောင်မှီဝဲသင့်သော သူတို့၌ အလွန်အကြူးလိုက်စားခြင်း ဝိသမလောဘ၊ မှားသောအကျင့်တရား ယောက်ျားချင်း မိန်းမချင်း တပ်မက်မှု မိစ္ဆာဓမ္မ တရားသုံးမျိုးတို့ကို စွန့်ကြရမူ ကောင်းလေစွ။ ငါတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အမျိုး၌ကြီးသော သူတို့ကို ရိုသေတုပ်ဝပ်မှု ပြုကြရမူ၊ ဤသို့ ဆိုခဲ့သော ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်ကြရမူ ကောင်းလေစွ။”

ထိုသူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့။ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့။ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့။ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့။ အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု ပြုသူတို့ ဖြစ်ကုန်လတ္တံ့။ ဤဆိုခဲ့သော ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့။

ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အဆင့်အဆင့်အားဖြင့် အသက်အဆင်း တိုးပွားကုန်သည်ဖြစ်၍ အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးဆယ် အသက်ရှည်ကုန်လတ္တံ့။ အနှစ်လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့။ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ့ခြောက်ဆယ် အသက်ရှည်ကုန်လတ္တံ့။ အနှစ် တစ်ရာ့ခြောက်ဆယ် အသက် ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်သုံးရာနှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့။ အနှစ် သုံးရာ့နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ် ခြောက်ရာ့လေးဆယ် အသက်ရှည်ကုန်လတ္တံ့။ အနှစ်ခြောက်ရာ့လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ် နှစ်ထောင် အသက်ရှည်ကုန်လတ္တံ့။ အနှစ်နှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးထောင် အသက်ရှည်ကုန်လတ္တံ့။ အနှစ်လေးထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သား သမီးတို့သည် အနှစ်ရှစ်ထောင် အသက်ရှည်ကုန်လတ္တံ့။ အနှစ်ရှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်လတ္တံ့။ အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း အသက်ရှည်ကုန်လတ္တံ့။ အနှစ်လေးသောင်း အသက် ရှည်ကုန်သော လူတို့၏ သားသမီးတို့သည် အနှစ်ရှစ်သောင်း အသက်ရှည်ကုန်လတ္တံ့။ အနှစ် ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ အနှစ်ငါးရာ အသက်ရှိသော သတို့သမီးတို့သည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတ္တံ့။

သင်္ခစကြဝတေးမင်း

အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ တပ်မက်ခြင်း၊ ဆာလောင်ခြင်း၊ အိုခြင်း ဟူသော အနာသုံးမျိုးတို့သာ ဖြစ်ကုန်လတ္တံ့။ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ ဤဇမ္ဗူဒီပါကျွန်းသည် ပြည့်စုံကြွယ်ဝလတ္တံ့။ စည်ပင်ဝပြောလတ္တံ့။ ရွာ နိဂုံး ဇနပုဒ် မင်းနေပြည်တို့သည် ကြက်ပျံမကျ ဖြစ်ကုန်လတ္တံ့။ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ်ကျွန်းသည် ကျူတောမြက်တောကဲ့သို့ လူတို့ဖြင့် အကြားမလပ် ပြည့်နှက်စည်ကားနေလတ္တံ့။

အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဗာရာဏသီပြည်သည် ပြည့်စုံကြွယ်ဝသည်လည်းဖြစ်သော စည်ပင်ဝပြောသည်လည်းဖြစ်သော များသော လူရှိသည်လည်းဖြစ်သော လူမျိုးစုံတို့ဖြင့် ပြွမ်းသည်လည်းဖြစ်သော အစားအစာ ပေါများသည် လည်းဖြစ်သော ကေတုမတီမည်သော မင်းနေပြည် ဖြစ်လတ္တံ့။

အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ် ကျွန်းဝယ် ကေတုမတီမင်းနေပြည်လျှင် အချုပ်အခြာရှိသော ရှစ်သောင်းလေးထောင်သော မြို့တို့သည် ဖြစ်ကုန်လတ္တံ့။
အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ကေတုမတီ မင်းနေပြည်ဝယ် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကိုအောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော သင်္ခမည်သော စကြဝတေးမင်း ဖြစ်လတ္တံ့။ ထို စကြဝတေးမင်းအား “စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ သားကြီးရတနာ”ဟူသော ရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်လတ္တံ့။ ထိုမင်း၏ အထောင်မကသော သားတော်တို့သည် ရဲရင့်ကြကုန်လတ္တံ့။ သူရဲကောင်း အင်္ဂါရုပ်ရှိကြကုန်လတ္တံ့။ တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကြကုန်လတ္တံ့။ ဘုန်းတန်ခိုး ကြီးမြတ်သော ထိုမင်းသည် တုတ်ဓားလက်နက် မဆောင်မူ၍သာလျှင် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တရားသဖြင့် အောင်မြင်လျက် အုပ်စိုးလတ္တံ့။

------

မေတ္တေယျဘုရား ပွင့်တော်မူခြင်း

အနှစ် ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော “မေတ္တေယျ”မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့။

ထိုမေတ္တေယျ မြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူလတ္တံ့။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူလတ္တံ့။ ထောင်ပေါင်းများစွာသော ရဟန်းသံဃာပရိသတ်ကို ဆောင်လျက် ဒေသစာရီ ကြွတော်မူလတ္တံ့။

သင်္ခစကြဝတေးမင်းသည် ရဟန်းပုဏ္ဏား အထီးကျန်သူ ခရီးသွား ဧည့်သည် ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလျက် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ မြတ်စွာဘုရား အထံတော်၌ ဆံမုတ်ဆိတ်ကို ပယ်ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လတ္တံ့။ ဤသို့ ဝင်ရောက်ပြီးသော် ထို ရဟန်းသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ပြီးလျှင် မမေ့မလျော့သော သတိ၊ ပြင်းစွာ အားထုတ်သော ဝီရိယ၊ တည်ကြည်သော သမာဓိ ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးကောင်းသားများ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့။

ရဟန်းတို့ . . . သင်တို့သည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ တရားမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ ပြင်းစွာအားထုတ်လျက်၊ ဆင်ခြင်လျက်၊ သတိရှိလျက်၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက်၊ ဝေဒနာ၌ ဝေဒနာဟု အဖန်ဖန်ရှုလျက်၊ သညာ၌ သညာဟု အဖန်ဖန်ရှုလျက်၊ သင်္ခါရ၌ သင်္ခါရဟု အဖန်ဖန်ရှုလျက်၊ လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍နေသော ရဟန်းသည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။ တရားမှ တစ်ပါးအခြား ကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။

------

ရဟန်း၏ အသက် အဆင်းစသည် တိုးပွါးခြင်း အကြောင်း

သင်ချစ်သားတို့သည် အဖဘုရားမှ လာသော မိမိတို့၏ ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ သင်ချစ်သားတို့အား အသက်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ ချမ်းသာအားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ စည်းစိမ်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့။ အားခွန်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့။

ဤ သာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွားများ၏။ ဝီရိယကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွားများ၏။ စိတ်ကြီးမှူးသော သမာဓိနှင့် လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွားများ၏။ ပညာကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများ၏။ ထိုရဟန်းသည် ဤ ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများခြင်းကြောင့် အဖန်ဖန် အလေ့အလာ ပြုခြင်းကြောင့် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံး လည်းကောင်း၊ အာယုကပ် အကြွင်းပတ်လုံးလည်းကောင်း တည်နေရာ၏။ ဤကား အသက် တိုးပွါးခြင်း၏ အကြောင်းတည်း။

ဤ သာသနာတော်၌ ရဟန်းသည် သီလရှိ၏။ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏။ အကျင့် အာစာရ၊ ကျက်စားရာ ဂေါစရနှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုသည်ဖြစ်၍ နေ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ဤကား အဆင်း တိုးပွါးခြင်း၏ အကြောင်းတည်း။

ဤ သာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ပဌမဈာန်သို့ ရောက်၍ နေ၏။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ တတိယ ဈာန်သို့ ရောက်၍ နေ၏။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ဤကား ချမ်းသာ တိုးပွါးခြင်း၏ အကြောင်းတည်း။

ဤ သာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ သုံးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ သနားခြင်း ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ဝမ်းမြောက်ခြင်း မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ဤကား စည်းစိမ် တိုးပွားခြင်း၏ အကြောင်းတည်း။

ဤ သာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ် ပညာကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ဤကား ကိုယ်အား ဉာဏ်အား တိုးပွါးခြင်း၏ အကြောင်းတည်း။

နှိပ်ကွပ်အောင်မြင်နိုင်ခဲသော ဤဒေဝပုတ္တစသော မာရ်၏ ခွန်အားနှင့်တူသော အခြားသော တစ်ခုသော ခွန်အားကိုမျှလည်း ငါ မြင်တော်မမူ။ အရဟတ္တဖိုလ်ခွန်အားသည်သာလျှင် ဒေဝပုတ္တစသော မာရ်၏ ခွန်အားကို နှိပ်ကွပ်အောင်မြင်နိုင်၏။ ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် ကုသိုလ်၏ အကျိုးသည် တိုးပွါး၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

စက္က၀တ္တိသုတ် (မြန်မာပြန်အကျဉ်း) ပြီး၏

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP