Sanskrit နှင့် ပါဠိ
Sanskrit နှင့် ပါဠိ-ဆိုတာ အိန္ဒိယနိုင်ငံရဲ့ ယှဉ်တွဲပြီးပေါ်လာတဲ့ ဘာသာစကားနှစ်ခု ဖြစ်တယ်။ ထိုဘာသာစကား နှစ်ခုအနက် Sanskrit ဆိုတဲ့ ဘာသာစကားက ဝေဒကျမ်းကို တတ်ကျွမ်းကြတဲ့ brahman တွေ ဝေဒကျမ်းကို ရွတ်ဖတ်သရာဇ္ဈာယ်တဲ့အခါသုံးတဲ့ ဘာသာစကားမျိုးလို့ အကြမ်းဖျင်းအားဖြင့် မှတ်ပါ။
ပါဠိဘာသာကတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကို မှတ်တမ်းတင်တဲ့ အချိန်ကျမှ ပါဠိဆိုတဲ့ စကားလုံးနှင့် ဝေါဟာရပြုပြီး ပေါ်လာတာ။ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကို မှတ်တမ်းမတင်ခင်က ဒီဘာသာစကားကို မာဂဓီဘာသာ-လို့ ခေါ်ပါတယ်။ မဂဓတိုင်းက လူမျိုးတွေ သုံးစွဲတဲ့ ဘာသာစကားလို့ ဆိုလိုတာပေါ့။
ဗုဒ္ဓမြတ်စွာက သူ့ရဲ့တရားဓမ္မတွေ လူတိုင်းကို သိစေချင်တဲ့အတွက် ဟိုအဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ဇာတ်မြင့်တွေသုံးတဲ့ Sanskrit ကို မသုံးဘဲနဲ့ လူတိုင်းနားလည်တဲ့ မာဂဓီဘာသာကို အသုံးပြုပြီး တရားဟောတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ မဟာကရုဏာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စဉ်းစားကြည့်ပါ။
အားလုံးသိကြတဲ့အတိုင်း မြတ်စွာဘုရားဟာ အဆင့်အတန်းမြင့်တဲ့ ခတ္တိယမျိုးကနေပြီးတော့ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်၊ သို့သော်-ခတ္တိယမျိုးဆိုပြီးတော့ လူနားမလည်တဲ့ ထီးသုံးနန်းသုံး ဇာတ်မြင့်တွေသုံးတဲ့ ဘာသာစကားကို အသုံးပြုပြီးတော့ တရားကိုမဟောပါဘူး။ လူတိုင်းလူတိုင်း ဘာသာမရွေး ဇာတ်မရွေး အားလုံးနားလည်နိုင်တဲ့ common language လို့ခေါ်တဲ့ အများသုံး ဘာသာစကားနဲ့ပဲ မြတ်စွာဘုရားဟာ တရားတွေကို ဟောခဲ့ပါတယ်။ လူတိုင်း ကျင့်သုံးနိုင်တဲ့တရားကို ဇာတ်ဝါဒတွေနဲ့ တားဆီးခွဲခြားထားတာမျိုး မဖြစ်စေချင်ပါဘူး။
အိန္ဒိယနိုင်ငံမှာဆိုရင် ဇာတ်ခွဲခြားမှုစနစ်ဟာ အင်မတန်ကြီးမားတယ်။ မျိုးရိုးကိုလိုက်ပြီးတော့ ဇာတ်မြင့်တဲ့ မိဘက မွေးလာတဲ့ပုဂ္ဂိုလ်ဟာ တသက်လုံး အထက်တန်းမှာ နေရပါတယ်။ ဇာတ်နိမ့်က မွေးလာတဲ့ သားသမီးဟာ တသက်လုံး အောက်တန်းကျတယ်။ ဘယ်လောက်ပဲ ပညာတော်တော်၊ ဘယ်လောက်ပဲ အကျင့်စာရိတ္တ ကောင်းကောင်း၊ ဒီပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အထက်တန်းမရောက်ဘူး။ ဇာတ်နိမ့်တဲ့ မိဘက မွေးလို့ရှိရင် နိမ့်ကျတယ်။ ဇာတ်မြင့်တဲ့ မိဘက မွေးမှမြင့်တယ်။ ဇာတ်မြင့်က မွေးလို့ရှိရင် ဘယ်လောက်ပဲ ဆိုးဆိုး လူကောင်းပဲ၊ ဒါကို
မြတ်စွာဘုရားက အေး-လူရဲ့ အဆင့်အတန်း၊ လူဆိုး, လူကောင်း၊ လူမိုက်, လူလိမ္မာ ခွဲခြားတဲ့နေရာမှာ မိဘမျိုးရိုး ဇာတ်နှင့် မဆိုင်ပါဘူး။ သူ လုပ်တဲ့အလုပ်ကိုကြည့်ပြီး ခွဲရမယ်-တဲ့။
န ဇစ္စာ ၀သလော ဟောတိ၊
န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
လူယုတ်မာဆိုတာ ဇာတ်နဲ့ မဆိုင်ဘူး၊ မျိုးရိုးနဲ့မဆိုင်ဘူး၊ လူတော် လူကောင်းဆိုတာလည်း မျိုးရိုးနှင့် မဆိုင်ဘူး။
ကမ္မုနာ ၀သလော ဟောတိ၊
ကမ္မုနာ ဟောတိ ဗြဟ္မဏော။
သူလုပ်တဲ့အလုပ်ကို ကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်ဟာ လူကောင်းလား လူဆိုးလားဆိုတာ သတ်မှတ်ရတယ်။
ဟော ဘယ်လောက် ယထာဘူတ ကျသလဲ။
မြတ်စွာဘုရားက ကောင်းတဲ့အလုပ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်သာ လူကောင်း၊
ဘယ်လိုမိဘမျိုးက မွေးလာတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်ကို လုပ်မှ လူတော်လူကောင်း ဖြစ်တယ်။
မကောင်းတဲ့အလုပ်ကို လုပ်တဲ့ ပုဂ္ဂိုလ်ဟာ လူယုတ်မာပဲ။
မြတ်စွာဘုရားရှင်က ရှင်းရှင်းလေး နားလည်အောင် ၀ါသေဋ္ဌသုတ္တန်မှာ-ဒီလိုဟောထားခဲ့တယ်။
အေး-လူတယောက်ဟာ သူတပါးပစ္စည်းကို တိတ်တဆိတ် ခိုးဝှက်ယူငင်ပြီးတော့ အသုံးပြုတယ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ သူခိုးပဲတဲ့။ သူများပစ္စည်းကို တိုက်ခိုက်လုယက်ပြီး သုံးတဲ့ပုဂ္ဂိုလ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ ဓားပြပဲတဲ့။
လုပ်ငန်းကိုကြည့်ပြီးတော့ ပြောတာ၊ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးလို့ရှိရင် လယ်သမား၊ အရောင်းအ၀ယ်နဲ့ အသက်မွေးလို့ရှိရင် ကုန်သည်၊ ဒါတွေဟာ ဘယ်လိုမှ ငြင်းလို့မရပါဘူးတဲ့။ အလုပ်ကိုကြည့်ပြီးတော့ ပြောရတယ်။
အဲဒီတော့ လူတယောက်ဟာ ကောင်းတဲ့အလုပ်ကို လုပ်နေတာလား၊ မကောင်းတဲ့အလုပ်ကို လုပ်နေတာလား၊ အလုပ်ကို ကြည့်ပြီးတော့ ထိုပုဂ္ဂိုလ်ရဲ့ social status လူ့အဆင့်အတန်းကို မှတ်သားရမယ်တဲ့။
ခုနတုန်းက ပြောခဲ့သလို မိဘမျိုးရိုး ဂုဏ်ဒြပ်တွေနဲ့ သတ်မှတ်စရာ မလိုပါဘူးတဲ့။ ဘယ်လောက် လက်တွေ့ကျသလဲ၊ မြတ်စွာဘုရားက ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ကောင်းတဲ့အလုပ် လုပ်လို့ရှိရင် လူတော်လူကောင်း။ မကောင်းတဲ့ အလုပ်ကို လုပ်လို့ရှိရင် လူယုတ်မာ။ ထိုမကောင်းတဲ့အလုပ်က သူ့ကို လူယုတ်မာလို့ နာမည်တပ်ပေးတာပဲ။
ကဲ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိသတ် ဘာလုပ်မလဲ၊ လူ့ဘ၀ရလာတဲ့အခါမှာ ဘာလုပ်သင့်လဲ။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

0 comments:
Post a Comment