* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 4, 2011

ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုထဲရောက်တတ်တယ်

ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုထဲရောက်တတ်တယ်

ပျော်ဘွယ်အနောက်လက်က ကျောင်းရွာ မကျီးကုန်းဆိုတာ ရှေးက အလွန်ထင်ရှားခဲ့တဲ့ တောရွာစာသင်တိုက် ကြီး တစ်ခုပေါ့။ ဆရာတော်ကြီးက မော်လမြိုင် တောင်လေးလုံး ဆရာတော်ကြီးနဲ့ အပြန်အလှန် စာသင်ပေးခဲ့ဖူးကြတဲ့ ပါဠိနဲ့ သက္ကဋ အလွန်တော်တဲ့ ဆရာတော်ကြီး။ အဲဒီနယ်တစ်ဝိုက်မှာ အလေ့အထတစ်ခုက သာရေး နာရေး အကြောင်းကြီး ငယ်ရှိလို့ ပတ်ဝန်းကျင် ဆရာတော်တွေကို ပင့်တဲ့အခါ အလှူပွဲအကြိုနေ့ညနေ အရောက်ကြွကြတယ်။ ညမှာ ဟိုကျောင်း ဒီကျောင်းက ဆရာတော်တွေ ဆုံမိကြပြီဆိုရင်လဲ စာကြောင်း ပေကြောင်း ပြောကြတာပဲ။ အထူးသဖြင့် ကျောင်းရွာမကျီး ကုန်းကျောင်းမှာ ဆုံဖြစ်ကြပြီဆိုရင်တော့ ဆရာတော်ကြီးရဲ့ အရှိန်အ၀ါကြောင့် စာပေအကြောင်းကလွဲပြီး ရပ်ရေးရွာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းကို မပြောဝံ့ကြဘူး။

တစ်ညမှာတော့ စာပေစကားဝိုင်းမှာ “စန်းတော” ဆရာတော်ကြီးပြောနေတဲ့ အယူအဆတွေဟာ တခြားပုဂ္ဂိုလ် များရဲ့ အမြင်နဲ့ မကိုက်ညီတဲ့ အတွက် ပိဋကတ်ဘောင်ကို ကျော်လွန်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် “ရုံးကုန်း” ဆရာတော်ကြီးက...
“စန်းတောဆရာတော်... ဆည်ပေါ်ကို ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်သနော်။ ဆရာတော်ပြောနေတာတွေ ဟာ ဆည်ပေါ်ငါးကျော်နေတယ်ထင်တယ်” လို့ ၀င်ထောက်လိုက်တယ်။ အဲဒီအခါမှာ မကျီးကုန်း ဆရာတော်ကြီးက...

“ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ၊ တောင်းနဲ့ အုပ်ဖမ်းမှပေါ့” လို့ မိန့်ကြားလိုက်ပါတယ်။ ဒီစကားဝိုင်းမှာတော့ ဆရာတော်ကြီးများရဲ့ စကားက အချင်းချင်း ပညာရှင်ဆန်ကြလို့ နံဘေးက ကြးရသူတွေ လွှတ်ခနဲ နားမလည်နိုင်ကြဘူး။

ဆည်ပေါ်ငါးကျော်တယ်ဆိုတာက ပြောတဲ့စကားဟာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှာ မိန့်ဆိုထားတဲ့ ဘောင်ကို ကျော်လွန်နေတယ်လို့ ဆိုတာပါ။
ဟင်းအိုးထဲ ရောက်တတ်တယ်ဆိုတာ အပါယ်ငရဲကျရောက်တတ်တယ်လို့ ဆိုလိုတာ။

တောင်းဆိုတာ ပိဋကတ်သုံးပုံကို ပြောတာ။ ပါဠိဘာသာနဲ့ ပိဋကတ်သဒ္ဒါက တောင်းလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဓမ္မခန္ဓာတွေကို အုပ်စုတူရာ တူရာပေါင်းပြီး ၀ိနည်းအုပ်စု၊ သုတ္တန်အုပ်စု၊ အဘိဓမ္မာအုပ်စု အဖြစ်နဲ့ စုပေါင်း သင်္ဂါယနာတင်တာဟာ ပစ္စည်းဝတ္ထုတွေကို ဖရိုဖရဲ မဖြစ်အောင် တောင်းထဲမှာ စုထည့်ထားတာနဲ့ တူလို့ အဲဒီဓမ္မခန္ဓာအုပ်စု သုံးမျိုးကို ပိဋကတ်သုံးပုံလို့ ခေါ်ကြတာပါ။

ဆရာတော်ကြီး အမိန့်ရှိတဲ့ “ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ” ဆိုတာက ပိဋကတ်စာပေ အထောက်အထားမပါဘဲ ဒီအတိုင်း အလွတ်ပြောလို့ ဘောင်မ၀င်ဘူးလို့ ဆိုလိုက်တာ။ “တောင်းနဲ့ အုပ်ဖမ်းမှပေါ့” ဆိုတာ ကတော့ ပိဋကတ် အထောက်အထားနဲ့ ဘာကြောင့် ဘယ်အချက်ဟာ မှားတယ်လို့ တိတိကျကျပြောမှပေါ့လို့ ဆိုလိုပါတယ်။

ရှေးမထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကို အာရုံပြုကြည်ညိုနိုင်ဖို့ တင်ပြလိုက်ရတာပါ။

ဆည်ပေါ်ငါးမကျော်စေဖို့နဲ့။

ကျော်လာရင် တောင်းနဲ့ အုပ်ဖမ်းနိုင်ဖို့ အတုယူအားကျ စေချင်တာလဲ တစ်ကြောင်းပေါ့။

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP