* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 17, 2011

လင်ဟူသည်

ပြီးတဲ့လပိုင်းလောက်က မယား (၇) မျိုး အကြောင်းရေးခဲ့ဖူးတယ်။ ကွန်မန့်တွေထဲ ‘‘လင်’’ အကြောင်း စိတ်ဝင်စားသူတွေလဲ များပြားတွေ့ရတယ်။ အော်--မယား အကြောင်းသိပြီး လင်အကြောင်းလေးလဲ သိချင်လို့ဖြစ်မှာပါ။ ကိုယ်ကိုတိုင်က လင် မဖြစ်ဘူးတော့ လင်ဆိုတာကို ဘယ်လိုရေးရမလဲပေါ့။ လင်ဆိုး လင်ကောင်းကို သိချင်ကြပုံပါပဲ။ မယားအမျိုးမျိုးတောင်ရှိသေးတာပဲ လင်အမျိုးမျိုးလဲ မရှိတော့ဘူးလား ဘုရားတဲ့။ လင်ယောက်ျားအကြောင်း ရေးပါဦးဘုရားတဲ့။ စာထဲက အရေးကြီးတာလေးတွေ စုစည်းပြီး တင်ပြလိုက်ပါတယ်။

လင်ကောင်း လင်မြတ်

လင်ဝတ် ၅ ပါး၊ ကျင့်ဆောင်ငြား၊ ယောက်ျားမြတ်မဟာ။ လင့်ကျင့်ဝတ် ၅ ပါး ကျင့်သုံးနေသော လင်ယောက်ျားကို ယောက်ျားမြတ်, လင်မြတ်ဟူ၍ ခေါ်ဆိုရပါမည်။ ဆန့်ကျင်ဘက်ကို ယူသော ထိုကျင့်ဝတ်များ မလိုက်နာသော လင်ယောက်ျားကား လင်ညံ့ လင်ဖျင်းဟူ၍ သတ်မှတ်သည်။

ကျင့်ဝတ် ၅ဖြာ

၁။ မိမိမယားအပေါ်၌ မလေးမစားမကျင့်ရ၊ စိမ်းစိမ်းကားကား မနေရ။

၂။ ရသမျှပိုက်ဆံကို မယားဖြစ်သူ (အိမ်သူသက်ထား) အား အပ်နှင်းရမည်။

၃။ မိမိ မယား အိမ်သူမှ တပါး အခြားမိန်းမသားများ၌ ဖောက်ပြန်သော မှားယွင်းသော အကျင့် မကျင့်ရ။

၎။ မိမိအိမ်သူ မယားအား အစားအစာများ အ၀တ်အထည်များ တံဆာများကို မြတ်မြတ်နိုးနိုး ပေးကမ်းခြင်း ဆင်မြန်းပေးရခြင်း။

၅။ မိမိအိမ်သူ မယားအား ချစ်ခင်ရခြင်း၊ မြတ်နိုးကြည်ဖြူသဒ္ဓါထားရခြင်း။

ဤ ၅-ပါးသော တာဝန်များသည် လင်သားတစ်ယောက်၏ မိမိအိမ်သူမယားအပေါ် ဆောင်ရွက်ရမည့် ဗုဒ္ဓပေးသော လူမှုရေးကျင့်ဝတ်များဖြစ်သည်။

လင်ညံ့ လင်ဖျင်း

ညံ့သောလင် ဖျင်းသော လင် မကောင်းသော လင်ဟူသော မကောင်းဂုဏ်တို့နှင့်ပြည့်စုံသော လင်သည်လည်း ရှိပါသေးသည်။ ရှောင်ရန် ဆောင်ရန်လေးတွေဖြစ်ပါတယ်။ သိလည်းသိထိုက်သည်။ စာပေမှာ လင်ညံ့လင်ဖျင်းကို အောက်ပါအတိုင်းတွေ့ရသည်။ ထို ၈-ပါးသော အင်္ဂါရပ်များကို ပြုကျင့်ခြင်း ပြည့်စုံနေသော ယောက်ျားသည် အမျိုးသမီးများ၏ အထင်သေး အမြင်သေးခံရတတ်သည်။

၁။ ဒလိဒ္ဒံ-ဆင်းရဲမွဲတေခြင်း။

၂။ အာတုရံ-အနာရောဂါစွဲကပ်နေခြင်း။

၃။ ဇိဏ္ဏ-အသက်ရွယ်အိုးမင်းနေခြင်း။

၎။ သုရာသောဏ္ဍ- အရက်သေစာ စွဲနေသော ယဇ်ထုပ်ဖြစ်နေခြင်း။

၅။ မုဒ္ဓ-နုံအ, ဖျင်းအ, ထုံထိုင်းခြင်း။

၆။ ပမတ္တာ-မယားအပေါ် ဤ နမော်နမဲ့နိုင်ခြင်း၊ မေ့လျော့နေခြင်း။

၇။သဗ္ဗကိစ္စေသု အနုဝတ္တာ-ဘယ်ကိစ္စမဆို သူများနောက် လိုက်နေခြင်း။ ဦးဆောင်လိုစိတ် မရှိခြင်း။

၈။သဗ္ဗဓနအနုပ္ပါဒါ-ရှာဖွေသမျှ ရသမျှသော ပစ္စည်းတို့ကို မယားဖြစ်သူအား မအပ်နှင်းခြင်း။ မပေးခြင်းတို့ဖြစ်သည်။

(ဇာတကပါဠိ-ဒုတိယ, ၁၂၀ နှင့် ၎င်းအဋ္ဌကထာ ပဉ္စမအုပ် စာမျက်နှာ ၄၆၇ တို့၌ တွေ့နိုင်သည်။

ကဲအမိတို့ရေ--ကောင်းကောင်းရွေးနိုင်ဖို့နဲ့ မောင်ရင်တို့လဲ သူတို့လေးတွေ စိတ်ကြိုက်ဖြစ်အောင် ကျိုးစားလိုက်ကြလေ။ စာပေအရသာ ဖော်ပြလိုက်ပါသည်၊ တကယ့်လက်တွေ့ဘ၀မှာ ဘာက ပိုအရေးကြီးတယ် မကြီးဘူးဆိုတာကိုတော့ လက်တွေ့ဘ၀သမားတွေက ပိုသိပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၁
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP