* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 12, 2011

Mahasarakham University ,Faculty of Pharmacy


ဒီနေ့တော့ ကျွန်မ ကို လိုက်ပါ ကူညီဆောင်ရွက်ပေး နေတဲ့ Dr.Thalisa က Faculty of Pharmacy ရဲ့ ၁၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို လိုက်ဘို့လာခေါ်ပါတယ်.. ကျွန်မတို့ ကျောင်း မှာ အဓိကရ ဌာနကြီး Faculty ၁၇ ခုရှိပါတယ်... ကျွန်မ တာဝန်ထမ်းဆောင်တာ က Faculty of Technology ဖြစ်ပါတယ်.. တက္ကသိုလ်တစ်ခုလုံးမှာ တက်ရောက်နေတဲ့ မှာ ဘွဲ့ယူ ကျောင်းသား ၃၅၀၀၀ ကျော် ခန့်ရှိပြီး ဘွဲ့လွန်ကျောင်းသား က ၇၀၀၀ ကျော်လောက်ရှိ ပါတယ်..
ပါတီ ပွဲ လားလို့ ထင်မိလို့မေးတဲ့အခါ မဟုတ်ဘူးတဲ့ ထိုင်းမှာ အသုဘ ကမ္မဋ္ဌာန်း ရှုပွားရာမှာနာမည် ကြီးတဲ့ ဘုန်းတော်ကြီး နဲ့ အတူ ဘုန်းကြီး ၁၈ပါးပင့်ဖိတ်ပြီး ပရိတ်ရွတ် မှာတဲ့.. ကျွန်မ အလွန်ပဲစိတ်ဝင်စားသွားခဲ့ပါတယ်.. လိုက်မှာပေါ့ လို့မဆိုင်းမတွဖြေလိုက်မိတာ..။ ညနေ ၆နာရီထိ အခန်းမပြန်ပဲ ကျောင်းမှာစောင့် နေလိုက်ပါတယ်..
ဌာန တိုင်း ဟာ လေးထောင့်အဆောက်အအုံဖြစ်ပြီး အလယ်မှာ ဘောလုံးကွင်းတစ်ခု စာ ချန်ပြီး ဆောက်ထား ကြပါတယ်.. ကျွန်မတို့ ဌာ နကတော့ မြက်ခင်းနဲ့ ပန်းခြံလေးလုပ်ထားပါတယ်.. Faculty of Pharmacy ကတော့ ဘုရားကျောင်းဆောင် ကိုအလယ်မှာ ထားရှိ ပါတယ်။ကွန်ကရစ် အပြည့်ခင်းထားပြီး လှေခါးထစ်များနဲ့ ကွန်ကရစ် စတိတ်ခုံ လုပ်ထားတာဟာ သံဃာတော်များအတွက် သံဃာ စင် သဖွယ် ဖြစ်လို့နေပါတယ်..။ ၆နာရီမှာတော့ Faculty of Pharmacy ကိုရောက် သွားတဲ့အချိန်မှာ သံဃာတော် ၁၈ပါး သည် ၉ပါးစီ နှစ်တန်းစီ လျက် နေရာယူကြပြီး ဖြစ်ပါတယ်..။

ထိုင်းဘုန်းတော်ကြီး တွေရဲ့ သင်္ကန်းကတော့ ပိတောက်ပန်းခြောက်ရောင် အ၀ါနှစ်နှစ်လေး ဖြစ်ပါတယ်.။မြန်မာမှာ မြင်နေကျဦးပြည်းစိမ်းစိမ်းလေး မဟုတ်ပဲ ဆံတော်မည်းမည်း တွေက ၁ စင်တီမီတာလောက် ရှည်ခွင့်ပေးထားပါတယ်..။ အဲ...... မျက်ခုံးမွှေးကို တော့ပြောင်စင်အောင်ရိတ်ထား တတ်ပါတယ်..။ အဓိပ္ပါယ်ကိုတော့မေးကြည့်ရပါအုံးမယ်..။အေးမြ ကြည်လင်တဲ့ အရိပ်ထင်ဟပ်နေတာကတော့ မြန်မာပြည်က ဘုန်းဘုန်းတွေလိုပါပဲ ကြည်ညိုဖွယ်ဖူးတွေ့ ရပါတယ်..။ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ရဲ့ ဓမ္မ တွေကိုလမ်းညွှန်ပြသနေတဲ့ ဘုရားသားတော်တွေ ပဲမဟုတ်ပါလား။

ကျွန်မ ချီးကျူးချင်တာကတော့ Faculty of Pharmacy မှာဆေးဝါး အတတ်ပညာသင်ကြားနေတဲ့ ကျောင်းသား ၊ ကျောင်းသူလေးတွေပါပဲ..။ ဆူညံ အော်ဟစ်ခြင်းမရှိ ပျပ်ဝပ်ရိုကျိုး စွာ နေရာယူ လျက်ရှိပါတယ်..။ ထိုင်းတက္ကသိုလ်တွေမှာက တူညီဝတ်စုံ ၀တ်ကြရပါတယ်..။အပေါ်က ရှပ်အဖြူနဲ့ ယောက်ျားလေး ဆို ဘောင်းဘီအနက်၊မိန်းကလေးဆို စကပ် အနက် ၀တ်ရပါတယ်..။ ဘန်ကောက် က ကျောင်းသူလေးတွေကတော့ အချယ်အသလေးတွေ နဲ့ ပိုချောပါတယ်။ မီနီစကပ်လေးတွေကလည်းတိုတို နဲ့ တမျိုးချစ်စရာကောင်းပါတယ်..။ ဒီက ကျောင်းသူလေးတွေရဲ့ စကပ် က ပိုရှည်ပြီးပို ပြီးဖားဖားလျားလျားရှိ ပြီး တည်ငြိမ်ကြ ပါတယ်..။ ဆေးဝါးအတတ်ပညာ ကို သင်ယူနေကြတာဆိုတော့ ကုတ် အဖြူလေးတွေ တူညီဝတ်ထားတာမို့ ကျောင်းတက်ရင်းမှ လာရောက်ကြတာ သိသာပါတယ်..။ လက်အုပ်လေးတစ်ချီချီနဲ့ နေရာပေးကြတာ က တော့ရင်အေးစရာပါပဲ.။

တခြား ဋ္ဌာနတခု ကနေလာရောက်ပြီးတခုတ်တရ ချီးမြှင့် တက်ရောက်တဲ့သဘောသက်ဝင်နေတာမို့ ကျွန်မတို့ ကိုရှေ့တန်းမှာ သေသေချာချာ နေရာချထားပေးပါတယ်..။မကြာခင်မှာ ဆရာတော်ဘုရားကြီးကြွလာတော်မူပါတယ်..။ စုစုပေါင်း ၁၉ပါး ဖြစ်သွား တာပေါ့နော်..။ ထိုဆရာတော်ဘုရားကြီး သည်ထိုင်းမှာ အလွန် နာမည်ကြီးကြောင်း ကိုးကွယ်ကြတဲ့ သူပေါကြောင်း။ ကျွန်မ ဖူးတွေ့ရတာ ကံကောင်းကြောင်း ကို Dr.Thalisa ကကျွန်မကိုရှင်းပြပါတယ်..။ ပရိတ်ရွတ်တာတွေက ပါဋ္ဌိသံ ကတော့အနည်းငယ်ကွဲပါတယ်..။ စနဲ့ သ ကွာတာမျိုးပေါ့..။ကျွန်မကတော့ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုရည်မှန်းပြီး အေးမြတဲ့ ဓမ္မကိုခံစားပြီး ညွတ်နူးကော်ရော် ပူဇော်ကန်တော့မိပါတယ်..။

Faculty of Pharmacy ရဲ့ Dean ကတော့ သူနဲ့ အတူ လှူဖွယ်တွေ ပေးအပ်လှူဒါန်း ပေးဘို့ လာရောက်ပါရန် ကျွန်မရဲ့ နာမည် ကိုပါထည့်သွင်း ကြေညာပေးပါတယ်..။ ကျွန်မလည်း အရှေ့ထွက်ပြီး သူတို့လုပ်သလို မသိမသာကြည့်ပြီး လိုက်လုပ်ရပါတယ်..။ ဆေးဝါးများစွာကို ပလတ်စတစ် အ၀ါရောင်နဲ့ ထုပ်ထားတဲ့အထုပ်ကလေးတွေကိုလှူတာဖြစ်ပါတယ်။ ။ သူတို့လို ပဲ ထိုင်းဘုန်းတော်ကြီးရှေ့မှာ ဒူးတုပ် ရိုကျိုးစွာ လှူဒါန်းပေးလိုက်ပါတယ်..။ ပြီးတော့ မပြန်ခိုင်းသေးပဲ သစ်ခွ ခရမ်းရောင်ကို ပန်းစည်းလေးလိုစည်းပြီး ထည့်ထားတဲ့ ပန်းကန်ပြားလေးကို ထပ်ပေးပါတယ်..။ ကျွန်မလည်းဆက်လှူပေးလိုက်ပါတယ်..။

နောက်တော့ မှာ တခြား အာဂျန်တွေ (ဆရာ-ဆရာမတွေ ကို ထိုင်းလို အာဂျန်လို့ခေါ်ကြပါတယ်)က ဆက်လှူရပါတယ် တစ်သုတ်ပြီးတစ်သုတ်ပေါ့။

နောက်အစီအစဉ်ကတော့ ပရိတ်ရေ ပက်ဖြန်ပေးတဲ့ အစီအစဉ်ပါ..။ ပရိတ်စရွတ်ကတည်း ကဆရာတော်ရှေ့မှာ ကြေး ဖလားကြီးတစ်လုံးကို ရေထည့်ပြီးချထားတာတော့သတိထားမိပါတယ်..။ အဲဒီအပေါ်မှာလည်း အုန်းတံပြက်စည်း အတိုလေးကို တင်ထားပေးပါတယ်..။ ဆရာတော်ဘုရားကြီး က အုန်းတံပြက်စည်း လေးကို ပရိတ်ရေ မှာ နှစ်ပြီး ပက်ဖြန်ေးပးတာပါ။ အဲဒီမှာလည်း ကျွန်မတို့နာမည် ပရိတ်ရေခံယူဘို့ ထပ်ကြေညာ ပြန်သေးတာမို့ ကျွန်မတို့ ထသွားရပြန်ပါသေးတယ်..။ ဒူးတုပ်ပြီး လက်အုပ်လေးချီ ဦးညွတ် ခံယူရင်းအေးကနဲ ကျရောက်လာတဲ့ ပရိတ်ရေ လေးတွေ ဖြစ်တဲ့အပြင် Faculty of Pharmacy ရဲ့မေတ္တာ ရေစင်လေးတွေပါ ရောစပ် ပါဝင်နေတယ်လို့ ကျွန်မခံစားပြီးမေတ္တာ တုံ့ပြန် ရပါတယ်..။

ကျွန်မရဲ့ ဋ္ဌာန ကဒုတိယပါမောက္ခ- Dr.Thalisa ကတော့ နောက်နေ့မနက် မှာ ဆွမ်းကပ်လှူပွဲ ရှိသေးတယ် ။တက်ရောက်ဘို့ ထပ်ဖိတ်လိုက်ပါသေးတယ်တဲ့..။ အော် လာရမှာပေါ့လေ..။ မနက်ရောက် တဲ့အခါ ကျွန်မတို့သိမ်ဆွမ်းလောင်းသလို စီစဉ်ထားတာတွေ့ရပါတယ်။ မနေ့ က နေရာ ကွက်လပ်မှာပဲ ဒီတစ်ခါတော့ ဘုရား ကျောင်းဆောင်ကို မျက်နှာ မူပြီးအလျားလိုက် အတန်းလိုက်လူလျှောက်လမ်း ချန်ပြီး ဆိတ်ဆိတ်ညိမ်ညိမ် ဒူးတုပ်စောင့်စားနေတဲ့ ဆရာဆရာမတွေကျောင်းသားတွေကိုတွေ့လိုက်ရပါတယ်..။ ကျွန်မတို့ အတွက် နေရာ ပေးရှာပါတယ်..။ကြိုတင်မသိတဲ့ကျွန်မ အတွက် လှူဖွယ်ဘာမှ မပါလာတာမို့ Dr.Thalisa က သူစီစဉ်လာတဲ့ လှူဖွယ် အထုပ်တွေတစ်ဝက်ခွဲပေးပါတယ်..။ ကျောင်းသားလေးတွေ က ခေါက်ဆွဲခြောက်ထုပ်လေးတွေ။ နို့ဆီဘူးလေးတွေ။ တခါသောက်နို့ဘူးလေးတွေ၊ ဝေဖါလေးတွေ..။ ဘီစကစ် လေးတွေ ။တစ်ချို့လည်းသစ်သီးလေးတွေ တတ်အားသမျှလောင်းလှူ ကြတာ တစ်ပျော်တစ်ပါး ကြီးပါပဲ..။

ကျွန်မလည်း လေ့လာနေဆဲကာလမို့ သူမျာပစ္စည်းတွေနဲ့ချည်း လှူနေရတော့တာပါ..။

ဆွမ်းကပ်တဲ့ အချိန်ကျတော့တစ်မျိုးပါ..။ အဲဒီတစ်မျိုးလေးတွေ ကိုတော့ တစ်ခြား တစ်ခြားသော တရားရိပ်သာများရဲ့ လှူဒါန်းပုံများ နဲ့ အတူ နှိုင်းယှဉ်လိုတာမို့ ကျွန်မဆက်လက်ရေးသား ပါအုံးမယ်..။

သူတို့လှူဒါန်းတဲ့နံနက်စာ ကိုပါစားသုံးခဲ့ ရပြီမို့ ၁၁နှစ်ပြည့်သည့်တိုင် အောင် ဆေးဝါးကျွမ်းကျင်သူ ပညာရှင်များမွေးထုတ်ပေးနေတဲ့ Faculty of Pharmacy သည် သည့်ထက်ပို၍ အောင်မြင်စွာ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်..။

ဓာတ်ပုံ တွေ မတင်နိုင်သေးတာနဲ့ ကျောင်းက ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယို ကိုသာ တွဲဖက် တင်ပြလိုက်ပါတယ်..။

သည်ပို့စ်လေး ဖြင့်....(ဘယ်ရောက်နေတာတုံး)ဟူသောမေးခွန်း များ ဖြေဆို လိုက်ပါရစေရှင့်။

မေတ္တာဖြင့်

သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP