* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 12, 2011

ဘာသာရေး အမေးအဖြေများ

အရှင်ဘုရား.....တပည့် တော် ရှိခိုးကန်တော့ လိုက်ပါတယ်ဘုရား ။ တပည့်တော် မသိတာလေးတွေ မေးစရာရှိလို့ ပါဘုရား။
၁။ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာတွေက ဘယ်အာရုံနဲ့ ဘယ်ဒွါရတိုက်တာလဲဘုရား ။


၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇော မျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့  ရောက်ခြင်းကို အဘိဓမ္မာသဘောနှင့် ရှင်းပြပေးပါ။ တပည့်တော်သဂြိုလ် ၉ ပိုင်းမှာ ဘုံပိုင်း အထိတော့ လေ့လာဘူးပါတယ် အဲဒီကိစ္စကို မစဉ်းစားတက်လို့ပါ။


၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသလားဘုရား။


၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်ပါသလားဘုရား။

၅။ ဆေးလိပ်သောက်ခြင်း၊ ဘီယာသောက်ခြင်းသည် သူရာမေရကံ ထိုက်ပါသလား။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်းမထိခိုက်) အရိယာများ စကားပရိယာယ် သုံးကြပါသလား အရှင်ဘုရား။ ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက် ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကို မြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုတာကိုလဲ ဖြေ ကြားပေးပါ အရှင်ဘုရား။

အဖြေ။ ။၁ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာများသည်၊ အဘိဓမ္မာသဘောအရ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံတို့ ထိခိုက်သည်ဟုမှတ်ပါ။

၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇောမျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့ ရောက်ခြင်းတို့သည်၊ အဘိဓမ္မာသဘောအရ၊ ဘဝင်စိတ်ကျနေခြင်းကိုခေါ်သည်၊ မှတ်သားရန်မှာ= မနောဒွါရဝီထိ၌ အာရုံကို အတိအကျဖမ်းယူ မှတ်သားနိုင်ခြင်းမရှိသော၊ ပရိတ္တာရုံဝီထိကိုဆိုလိုသည်။

၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသည်။ မိခင်များကိုယ်ဝန်နေစဉ်၊ ကလလရေကြည်မှ စ၍ ဇိဝိတခေါ် အသက်ဝိညာဉ် ရှိနေသောကြောင့်ဖြစ်ပါသည်။ ရဟန်းတော်များ အမျိုးသမီးများအား ကိုယ်ကျဆေး တိုက်ပါက၊ လူသတ်မှုမြောက်၍၊ ပါရာဇိက အာပတ်သင့်ပါသည်။

၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပါ၊ ၄င်းသိက္ခာပုဒ်အရ ကာယကံမြှောက်ကြူးလွန်မှသာ ကံထိုက်သည်ဟုမှတ်ပါ။ သို့သော်- စိတ်နှင့်ပြစ်မှားမိသောကြောင့်၊ မနောကံဒုစရိုက်ဖြစ်သည်ဟုမှတ်ပါ။

၅။ ဘီယာသောက်ခြင်းသည်၊ သုရာမေရယကံ ထိုက်ပါသည်။ ဘီယားဆိုသည်မှာ၊ အရက်၏အမည် တစ်မျိုးသားဖြစ်သည်၊ ထို့ကြောင့် ဘီယာကို အရက်မဟုတ်ဟု မသတ်မှတ်သင့်ပါ။

ဆေးလိပ်သောက်ခြင်းသည် သုရာမေရယကံမထိုက်ပါ။ အခြားသောမူးယစ်ဆေးများကို ဆေးလိပ်၌ ထဲ့၍သုံးစွဲလျှင် ကံထိုက်ပါသည်။ သုရာ- ဟူသည်မှာ၊ သေရည် အရက်ဟု အဓိပ္ပါယ်ရပါသည်။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား ဆိုရာ၌၊ မည်ကဲ့သို့ လက်ထပ်သည်ကို ဆိုလိုသနည်းဟု ရှေးဦးစွာသိဖို့ လိုအပ်ပေသည်။ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့လျှင် ကံမထိုက်ဟုမှတ်သားရပါမည်။ လက်ထပ်ခြင်းသည် ပွဲလမ်းသဘင် လုပ်သည် မလုပ်သည်နှင့်မဆိုင်၊ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုသည် မပြုသည်နှင့်သာ ဆိုင်လေသည်။

လက်မထပ်ပဲ အတူနေထိုင်ခြင်းဆိုရာ၌= အဂမနီယ၀တ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့် မည်သည့်ယောက်ျားနှင့် ဆက်ဆံသည်ဖြစ်စေ ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။


စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူ ရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမပိုင် ယောက်ျားမှ တစ်ပါး အခြားယောက်ျားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။

ယောက်ျားဖက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။ သတိပြုပါ။) ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိနေပါက နောက်ယောက်ျား ကံထိုက်၏။
ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး ထိုယောက်ျားနှင့် မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံလျှင် ကံထိုက်၏။

အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံလျှင် (မိဘ သဘောတူသည်ဖြစ်စေ, မတူသည်ဖြစ်စေ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာမြောက်၍ ယောက်ျား ကံ မထိုက်။
အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်ဟု မှတ်ပါ။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်း မထိခိုက်) အရိယာများ စကားပရိယာယ်သုံးကြပါသည်။ ဥပမာအားဖြင့်- မြတ်စွာဘုရားသည် ညီတော်နန္ဒမင်းသားအား တရားထူးကို ရရှိစေရန်အတွက်၊ ဥပါယ်တမျည် ဟုခေါ်သော နည်းပရိယာယ်ဖြင့်၊ စည်းရုံးဖူးသည်ကို ဖတ်ရှု့ရပါသည်။

ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက်ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။ ဟူသော မေးခွန်းကို (နံပါတ် ၆ အဖြေတွင်၊ ပြန်လည်ဖတ်ရှု့ပါ။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကိုမြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုရာတွင်၊ အော်ကောင်းပါသည်ဟု ဖြေဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုကဲ့သို့သတိပေးခြင်းအားဖြင့်၊ သူခိုးလည်း အဒိန္နာဒါနာ သိက္ခာပုဒ်မှ ကင်းလွတ်ပြီး၊ ပိုင်ရှင်မှာလည်း မိမိ၏ကိုယ်ပိုင် ပစ္စည်းဆုံးရှုံးခြင်းမှ ကင်းလွတ်ပါလိမ့်မည်။

သို့သော် မိမိဖက်မှ စိတ်ထားတတ်ဖို့ တော့လိုအပ်ပေသည်။ ထိုကဲ့သို အသိပေးခြင်းဖြင့်၊ သူခိုးလည်း အဒိန္နာဒါန- ခိုးခြင်းအကုသိုလ်မှ ကင်းဝေးပါစေ၊ အိမ်ရှင်မှာလည်း ဘောဂဗျာသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်းမှ ကင်းဝေးပါစေဟု ထားဖို့လိုအပ်လှပေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP