* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 24, 2011

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၀)၊ Social Diamension မှ ဆပွါးလာသော အတွေးများ

Monday, 24 January 2011 08:57

Social Diamension ဆရာ ဦးဆောင်ဆွေးနွေးပြခဲ့သော မေတ္တာတရားများအကြောင်းသည် အတွေးနယ်ကိုကျယ်စေခဲ့၏။ သူချပြခဲ့သော ခြင်ဥပမာ နေရာတွင် ကျားဥပမာကိုအစားသွင်း၍လည်း စဉ်းစားမိ၏။ တကယ်စင်စစ် ဤအကြောင်းအရာများကို စဉ်းစားရာ၌ ကျန်းဂန်အဆိုအမိန့်များကို အသာထား၍ လက်တွေ့အနေတွင် တကယ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကိုသာ အခြေအတင် ဆွေးနွေးကြရမည်ဖြစ်ရာ သူက ဥပမာတစ်ခုပြလျှင် သူ့ဥပမာနေရာတွင်ပင် အခြားဖြစ်သင့်သည်များကိုပါ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်၏။

ခြင်တစ်ကောင်က မိမိကိုလာကိုက်ရာ၌ ထိုခြင်ကိုမရိုက်သတ်ပဲလွှတ်လိုက်ရုံမျှဖြင့် မေတ္တာတရားအစစ်ဟုခေါ်နိုင်မည် မခေါ်နိုင်မည်၊ သူအလိုရှိသော သွေးကို ပေးမသောက်စေပဲ မောင်းထုတ်လိုက်သဖြင့် သူ့အစာအာဟာရကို ဖြတ်တောက်ရာ ရောက်သဖြင့် မေတ္တာတရားခေါင်းပါးသူ စာရင်းသို့ သွင်းသင့်သည်-မသွင်းသင့်သည် ဟူသော မေးခွန်းများကို ဖြေကြားရန်အတွက် ခြင်ဥပမာမျှဖြင့်လုံလောက်နိုင်မည် မဟုတ်ချေ။ အကယ်၍များ ခြင်အစား ကျားတစ်ကောင်ကောင်ကသာ မိမိထံချည်းကပ်လာမည်ဆိုလျှင် မည်သို့ပြုရမည်နည်း။ ထိုကျား၏အလိုဆန္ဒအတိုင်းပင် အစားခံလိုက်ရတော့မည်လော? စဉ်းစားစရာပင်။

နောက်တစ်နည်းစဉ်းစားရန်မှာ လောကသည်ကျယ်ပြန့်လှသလောက် အလိုမပြည့်၍ ဆင်းရဲဒုက္ခရောက်နေသူများနှင့်အမြဲပင် ပြည့်နှက်လျှက်ရှိပေရာ တကယ်စင်စင်တွင် တစ်လောကလုံးသည် သနားစရာအတိ၊ မေတ္တာထားချင်စရာအတိပင် ဖြစ်လေသည်။ မိမိနှင့်အလှမ်းကွာဝေးသော နေရာ၌ ရှိနေသူများကို အသာထား၊ မိမိ၏လက်တစ်ကမ်းအကွာအဝေး၌ပင် ဆင်းရဲဒုက္ခရောက်နေကြရှာသောသတ္တဝါကြီးငယ်များမှာ မရေတွက်နိုင်အောင်ပင် ရှိလေသည်။ ထိုသူများအပေါ် အမှန်တကယ်မကူညီနိုင်ပဲ ချမ်းသာစေလိုပါသည်ဆိုသော စိတ်ထားကလေးထားရုံမျှဖြင့် တကယ်မေတ္တာစစ်မဟုတ်သေးပါ ဟုစွပ်စွဲနိုင်ကောင်းပါမည်လော၊ သတ္တဝါတိုင်း၏ အလိုဆန္ဒတိုင်းကို ပြည့်ဝအောင်ဖြည့်ဆည်းနိုင်သူဟူ၍ကော လောက၌ ရှိနိုင်ပါမည်လော။ ထိုသို့မရှိနိုင်ပါမူ လောက၌ တကယ့်မေတ္တာစစ်ရှိသူဟူ၍ ရှိနိုင်ပါတော့မည်လော၊ စဉ်းစားစရာပင်။

နောက်တစ်နည်းစဉ်းစားဖွယ်ရာလည်း ရှိနေပေသေးသည်။ သူတစ်ပါး၏အလိုဆန္ဒကို ပြည့်ဝအောင်ဖြည့်ဆည်းပေးနိုင်မှသာ မေတ္တာစစ်ဟု သတ်မှတ်နိုင် မည်ဆိုပါလျှင် မိမိထံမှ တစ်စုံတစ်ခုကို အလိုရှိသူတို့၏ သဘောဆန္ဒကို တစ်ထပ်တည်းကျစေရန် (ထပ်တူညီစေရန်) ပထမဆုံး ကြိုးစားကြရမည်သာ ဖြစ်လေသည်။ သို့ရာတွင် သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့ကို ထပ်တူညီစေရန် စွမ်းဆောင်နိုင်သူဟူ၍ကား ရှေးကလည်းမရှိခဲ့ဖူး၊ ယခုလည်းရှိမည်မထင်၊ နောင်လည်းရှိလိမ့်မည် မဟုတ်ပေ။

ဥပမာအားဖြင့် ဘုရားလောင်းဝေဿန္တရာ ဇာတ်တော်ကို ကိုးကားကြည့်ကြပါစို့။ မင်းကြီးသည် မိုးခေါင်၍ ဒုက္ခရောက်နေကြရှာသော ကလိင်္ဂတိုင်းသား တို့အား နာဂပစ္စယာဆင်ဖြူတော်ကို လှူလိုက်၏။ သို့ရာတွင် သူ့တိုင်းသူပြည်သားတို့၏အမြင်တွင် မင်းကြီးဝေဿန္တရာသည် ကိုယ့်တိုင်းသူပြည်သား တို့အပေါ် မေတ္တာတရားခေါင်းပါးသူအဖြစ် ရှုမြင်ခံခဲ့ရ၏။ထို၏အကျိုးဆက်အဖြစ် လူသူအရောက်အပေါက် နည်းလှစွာသော ဝင်္ကဘာတောင်သို့ ပြည်နှင်ဒဏ်အပေးခံခဲ့ရ၏။ မင်းကြီးဝေဿန္တရာသည် သူ့တိုင်းသူပြည်သားတို့ရှုမြင်ခဲ့ကြသကဲ့သို့ မေတ္တာတရား ခေါင်းပါးသူ ဖြစ်ခဲ့ပါသလော။ ဆိုလိုသည်မှာ သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့သည် ဘယ်သောအခါမှ ထပ်တူညီနိုင်ကြမည်မဟုတ်ကားမဟုတ်ချေ။ သို့ဆိုလျှင် မေတ္တာစစ်စစ် ရှိသူဖြစ်ရန် မည်သူ၏အလိုကို မည်သို့ဖြည့်ဆည်းပေးကြမည်နည်း။

ထို့အပြင် ဘုရားရှင်အဖြစ်ကိုရောက်တော်မူ သောအခါမှာလည်း အလားတူ အဖြစ်မျိုး မကြာခဏ ကြုံခဲ့ရ၏။ ဥပမာအားဖြင့် မာဂဏ္ဍီမိသားစုတို့အား တရားဟောတော်မူခဲ့ရမှုကိုကြည့်ကြပါစို့။ အမိမာဂဏ္ဍီ၊ အဖမာဂဏ္ဍီ တို့အား ဤတရားကိုဟောပါမှ အနာဂါမိဖိုလ်ကို ရောက်မည်ဟုမြင်တော်မူ၏။ တစ်ဖက်ကကြည့်လျှင် ဤတရားကိုဟောလိုက်ပါက သမီးဖြစ်သူမာဂဏ္ဍီ၏ သူ့အလှကို ချိုးချိုးဖဲ့ဖဲ့ ပြောရက် လေခြင်းဟူသောအမြင်ဖြင့် ရန်ငြိုးဖွဲ့ခံရမည့်အဖြစ်၊ ထိုသို့ရန်ငြိုးမဖွဲ့ထိုက် မဖွဲ့အပ်သော ဘုရားရှင်ကို ရန်ငြိုးဖွဲ့တိုက်ခိုက်သဖြင့် ပစ္စုပ္ပန် သံသရာကြီးစွာသော ဆိုးကျိုးတို့ကို ခံရမည့်အဖြစ်တို့ကိုလည်း မြင်တော်မူ၏။ မည်သို့ရှိစေ ဘုရားရှင်သည် ထိုတရားကိုဟောတော်မူခဲ့သည်သာဖြစ်၏။ ထိုသို့ဟောခဲ့ ခြင်းကြောင့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီတို့ သစ္စတရားကိုသိဖြင်ခွင့်ရခဲ့ကြသကဲ့သို့ သမီးဖြစ်သူမာဂဏ္ဍီသည်လည်း ဘုရားရှင်ကို ရန်ငြိုးထားတိုက်ခိုက်ခဲ့မှု ကြောင့် ပစ္စုပ္ပန်သံသရာ ကြီးစွာသော ဆိုးကျိုးကို ရင်ဆိုင်ခဲ့ရ၏။ သမီးမာဂဏ္ဍီ ဘက်မှကြည့်၍ ဘုရားရှင်ကို မေတ္တာတရား ခေါင်းပါးသူအဖြစ် စွပ်စွဲရမည်လော၊ စဉ်းစားကြပါဦးစို့။

ထိုအရာမျိုး၌ ဘုရားရှင်၏သဘောထားမှာ ဤသို့ပင်ရှိလိမ့်မည်ဟု စာရေးသူ၏ ဉာဏ်တစ်ထွာတစ်မိုက်ခန့်မျှဖြင့် မှန်းဆကြည်ညိုမိပါသည်။ ဘုရားရှင်တို့မည်သည် သိနိုင်မြင်နိုင်သောဉာဏ်ရှိ၍ ကျွတ်ထိုက်သသူနှင့် သိနိုင်မြင်နိုင်သောဉာဏ်မရှိ၍ မကျွတ်ထိုက်သူတို့ယှဉ်လာလျှင် (မကျွတ်ထိုက် သေးသူများကို မသနား၍ကားမဟုတ်) ကျွတ်ထိုက်သသူများကိုသာ အလေးဂရုပြုတော်မူကြရိုးဖြစ်လိမ့်မည်ဟု ယူဆကြည်ညိုမိပါသည်။ အကြောင်းကား၊ သံသရာ၌ကျင်လည်ကြရဦးမည့်သူများအတွက် သံသရာဝဋ်ဆင်းရဲဆိုသည်မှာ အဆန်းမဟုတ်၊ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးသည်သာ အဆန်း ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် သံသရာ၌လည်ရဦးမည့် သမီးမာဂဏ္ဍီအပေါ်မေတ္တာတရား ကင်းမဲ့သည် မဟုတ်သော်ငြားလည်း ကျွတ်တမ်းဝင်မည့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီတို့ကို အလေးဂရုပြု၍သာ ထိုတရားတော်ကို ဟောတော်မူခဲ့ရခြင်း ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ (သင့်/မသင့်၊ ရာ/မရာကို စာရှုသူပညာ့ရှင်များ စဉ်းစားတော်မူကြပါကုန်။)


ထိုပြင်တစ်ကြောင်းမှာလည်း မေတ္တာတရားနှင့်ပတ်သက်၍ စာရေးသူ၏ အတွေးနယ်သည် ပရိတ်ရွတ်ခြင်းအမှု၊ ကမ္မဝါရွတ်ခြင်းအမှုတို့အထိ ဖြန့်ကျက်ခဲ့မိလေသည်။ ဆွေးနွေးပါဦးမည်။ ဗုဒ္ဓဘာသာဝင် ဒကာ/မတို့သည် မိမိတို့နေရာအိမ်၌ စိတ်မသိုးမသန့်တွေ့လာသောအခါမျိုးတွင် ရဟန်းသံဃာတော်များကိုပင့်ဖိတ်၍ ပရိတ်တရားတော်ကိုဟောကြားစေခြင်း၊ ကမ္မဝါစာရွတ်ဖတ်စေခြင်းတို့ကို ပြုစေတတ်ကြ, နာယူတတ်ကြလေသည်။ ရဟန်းသံဃာတော်များကလည်း ပရိတ်တော်များဟောကြားပေးခြင်း၊ ကမ္မဝါစာ (ပဗ္ဗာဇနိယ/အနန္တရာယိက) ရွတ်ဖတ်ခြင်းတို့ကို ပြုပေးတတ်ကြ လေသည်။ ဤ၌ ပရိတ်တော်များ ရွတ်ဖတ်နာယူခြင်းကို အထူးတလည်မဆွေးနွေးလိုပါ။ ကမ္မဝါစာရွတ်ဖတ်ခြင်းအမှုကိုသာ ဆွေးနွေးလိုပါသည်။

ဤအရာမျိုး၌ကမ္မဝါစာရွတ်ဖတ်ခြင်းဟူသည် စင်စစ် လူကိုမူးအောင်ဝေအောင် စိတ်နှလုံးထိတ်လန့်တုန်လှုပ်အောင် ပြုတတ်သော အစိမ်းသရဲ ပြိတ္တာများ ကို ထိုနေရာမှ နှင်ထုတ်ခြင်းအမှုကို ပြုကြခြင်းပင်ဖြစ်ပါသည်။ သို့ကြောင့် ကမ္မဝါရွတ်ဖတ်ခြင်းအမှုကို ပြုကြသောရဟန်း သံဃာတော်များသည် ထိုသတ္တဝါ တို့အပေါ်၌ မေတ္တာတရားကင်းမဲ့သည်ဟု စွပ်စွဲခံရရာသောအခွင့် ဆိုက်ရောက်လျက်ရှိလေသည်။ ဤနေရာ၌ စာရေးသူ၏ သဘောထား အမြင်များကို ဆွေးနွေးတင်ပြလိုပါသည်။

နခသီခသုတ္တန်ဒေသနာတော်အလိုအရ လောက၌ မကောင်းမှုပြုလိုသူမရှားသကဲ့သို့ မကောင်းမှုကိုပြုသည့်အတွက် အပါယ်သို့သွားကြရသည့် သတ္တဝါများလည်းမရှားလှပါချေ။ သို့ရာတွင် ဆန့်ကျင်ဘက်အနေအားဖြင့်မူ ကောင်းမှုပြုလိုသူရှားလှသကဲ့သို့ သုဂတိဘုံသို့ သွားကြရသည့် သတ္တဝါ တို့ကားရှားပါးလှချေသည်။ အစိမ်းသရဲ စသည်တို့ကား မူလကပင် ကြမ်းကြုတ်တတ်ကြသူများဖြစ်သကဲ့သို့ သူတို့၏ကမ္မဇိဒ္ဓိတန်ခိုးကလေးဖြင့် တစ်ဖက်သားအပေါ် ညှင်းဆဲနှိပ်စက်တတ်ကြသူများပင် ဖြစ်လေသည်။ထိုသူတို့နှိပ်စက်သဖြင့် ကောင်းမှုပြုရန်အရေး၌ အနှောင့်အယှက်ဖြစ်ကြရသော သူများလည်း ရှိတတ်ကြလေသည်။

ထို့ကြောင့် ဆရာမြတ်တို့ အလိုအားဖြင့် ပထမတွင် ထိုသူမျိုးတို့ ရှိသည်ဟု တတ်အပ်မြင်ခြင်း၊ တစ်ဆင့်ကြားသိရခြင်း (သို့မဟုတ်) ယုံမှားသံသယ ရှိခြင်းများ ရှိပါက မေတ္တာသုတ်ပရိတ်တော်၊ ရတနသုတ်ပရိတ်တော်၊ ဓဇဂ္ဂသုတ်ပရိတ်တော်၊ အာဋာနာဋိယသုတ် ပရိတ်တော်များကို ဦးစွာရွတ်ဖတ် ကြရလေသည်။ ထိုပရိတ်တော်များကို ရွတ်ဖတ်ခြင်းဖြင့် ထိုသူတို့ စိတ်နှလုံးနူးညံ့သိမ်မွေ့သွားသော်ကောင်း၏၊ မရခဲ့သော် ပဗ္ဗာဇနိယ ကမ္မဝါစာစသည်ကို ရွတ်ဖတ်၍ နှင်ထုတ်ခြင်းအမှုကို မလွဲမရှောင်သာ ပြုကြရလေသည်။ ထိုသို့ပြုရာ၌လည်း လက်လွတ်စပယ် ပြုကြရသည်ကားမဟုတ်သေး၊ ဆိုင်ရာဆိုင်ရာ အစိုးပိုင်သူတို့ထံ သင့်လျော်ရာ နေရာကို တောင်းခံနေထိုင်နိုင်ကြစေဖို့ အမိန့်တော်ပြန်ကြရပေသေးလေသည်။

တကယ်စင်စစ်တွင် ဤအရာမျိုး၌လည်း အပေါ်၌ဆိုခဲ့ပြီးသော မာဂဏ္ဍီမိသားစု ဥပမာကဲ့သို့ပင် မှတ်ယူသင့်ကြပေသည်။ မကောင်းမှုပြုမည့်သူများနှင့် ကောင်းမှုပြုမည့်သူများယှဉ်လာလျှင် ကောင်းမှုပြုကြမည့်သူများကို စွမ်းနိုင်ရာက ကူညီစောင့်ရှောက်ပေးကြခြင်းသည် သူတော်ကောင်းတို့၏ ဝတ္တရားတစ်ရပ်ပင်ဖြစ်သင့်လေသည်။ (ရှေးကံအကျိုးပေး အားကြီးသောကြောင့် ကူညီကယ်ဆယ်၍ မရနိုင်သူများလည်းရှိနိုင်ပါသေးသည်။) ဤမျှဖြင့်ပင် ပရိတ် ကမ္မဝါအမှုပြုကြသော ရဟန်းသံဃာတော်များ၏ အစိမ်းသရဲများ အပေါ် မေတ္တာကင်းမဲ့ယောင် ပြောဆိုကြသောအရာမျိုးအထိ ဖြန့်ကျက် တွေးမိခဲ့သော အတွေးစတို့ကို အနားသပ်သင့်ပေပြီ။ သို့ရာတွင် အာဟာရဖြတ်တောက်မှုကြောင့် မေတ္တာစစ်မဟုတ်နိုင် ဟူသောစွပ်စွဲချက်နှင့် ပတ်သက်၍မူ ဆွေးနွေးစရာများကျန်ရှိနေပေသေးသည်။

မိမိတို့၏ အသက်သွေးတို့ကို ကာကွယ်စောင့်ရှောက်ကြရန်မှာ သတ္တဝါတိုင်း၏ တာဝန်ပင်ဖြစ်၏။ ကိုယ့်အသွေးအသားကိုရပါမှ အသက်ရှင်မည့် သတ္တဝါတို့အပေါ် ကိုယ့်အသက်သွေးကို တည်ခင်းပေးနိုင်သည်လောက်သည်အထိ စွမ်းရည်ကြီးမားလျှင် ထိုမေတ္တာမျိုးကို မေတ္တာစစ်ဟု မခေါ်ဆိုနိုင်စရာ အကြောင်းမရှိတော့ပေ။ သို့ရာတွင် ထိုမျှလောက်အထိ မစွမ်းနိုင်သေးစေကာမူ မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်သည်မှတစ်ပါး မိမိကိုလာရောက် တိုက်ခိုက်သူတို့၏ အသက်အန္တရာယ်ကို ခွင့်လွှတ်ပေးနိုင်စွမ်းလောက်သော စွမ်းအားမျိုးကိုလည်း မေတ္တာစစ်ဟုပင် ခေါ်ဆိုနိုင်ကြမည်ဖြစ်လေသည်။

တစ်ကြောင်းမှာလည်း ကိုယ့်သွေးသားကို ပေးနိုင်ခြင်းသည် ဒါနအရာသာဖြစ်၍ တဖက်သားအပေါ်ချမ်းသာစေလိုခြင်းသည် မေတ္တာအရာဖြစ်လေသည်။ ဒါနအရာနှင့် မေတ္တာအရာတို့သည် တစ်ခုကိုတစ်ခု အမှီပြုနေကြသည်မှန်သော်လည်း သူ့သဘောလက္ခဏာနှင့်သူတစ်သီးတစ်ခြားစီ ရှိကြသော တရားတို့ ဖြစ်ကြသည်ကို သတိပြုသင့်ကြပေသည်။ ရံခါ အလှူခံပုဂ္ဂိုလ်အပေါ် မေတ္တာမထားနိုင်သော်လည်း ဒါနမှုပြုကြသောအရာမျိုးရှိသကဲ့သို့ အတိုင်းအတာအရ ဒါနမှုပင်မပြုနိုင်စေကာမူ မေတ္တာထားနိုင်ကြသောအရာမျိုးလည်းများစွာပင်ရှိလေသည်။ စင်စစ်တွင် မေတ္တာဟူသည် ဘာဝနာစာရင်းဝင် တရားမျိုးသာဖြစ်၍ ဒါန စသောအခြားအကူအညီပင် မရှိစေကာမူ မေတ္တာပွါးပို့မည့် အာရုံအပြုခံ သက်ရှိသတ္တဝါတစ်စုံတစ်ယောက်ကို အာရုံပြု၍ ထိုသတ္တဝါ ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ စသည်ဖြင့် မိမိ၏စိတ်၌ ပွါးပို့နေရုံမျှဖြင့်ပင် မေတ္တာလုပ်ငန်းအောင်မြင်ပြီဟု ခေါ်ဆိုသတ်မှတ်နိုင်လေသည်။

Social Diamension ဆရာ ဦးဆောင်ဆွေးနွေးပြခဲ့သည်ကို ပြန်လည်သုံးသပ်ကြည့်လျှင် လာကိုက်သောခြင်၏ အသက်ကို မသတ်ပဲ လွှတ်လိုက်ခြင်းသည် သီလအရာသာဖြစ်၍ မေတ္တာအရာမဟုတ်ဟု ဆိုလိုရာရောက်၏။ တကယ်လည်း ထိုသဘောကိုပင် သူကဆွေးနွေးပြောပြခဲ့ပါသည်။ သို့ရာတွင် ထိုသဘောကို အစဉ်လျှောက်၍လည်းကောင်း၊ ပြန်လှန်၍လည်းကောင်း စဉ်းစားကြသောအခါ စဉ်းစားစရာအချက်များစွာပေါ်ထွက်လာပြန်ပေသည်။ သီလအရာနှင့် မေတ္တာအရာကို မနုသတ္တ ဒုလ္လဘအရာသို့တင်ကာ စဉ်းစားလိုက်ကြသောအခါ၌ကား ပို၍ပင် ကြောက်စရာကောင်းလာလေတော့သည်။ မည်သို့စဉ်းစား မိကြသည်ကို ဆွေးနွေးပြပါမည်။

မနုသတ္တဘာဝေါ ဒုလ္လဘောဟူသော ဘုရားဟောအရ လူ့ဘဝသည်ရခဲလှ၏။ လူ့အဖြစ်ဟူသည် အတိတ်ကံပင်ရှိသော်လည်း မှီခိုစရာ မိဘတို့သာမရှိခဲ့ပါမူ ရလာနိုင်ရန်အရေးမှာ လွန်စွာပင်ခက်လှချေသေးသည်။ ထိုသို့အတိတ်ကံပင်ရှိသော်ငြားလည်း မှီခိုစရာမိဘ ရှာမရ၍ လူ့ဘဝကိုမရနိုင်ကြရှာသေးသော (တနည်း-လူ့ဘဝသို့ အဝင်တံခါးဝ၌ တန်းစီစောင့်ဆိုင်း နေကြရရှာသော) ပရလောကသားများမရှိဟုဆိုနိုင်ပါမည်လော။ သို့ဆိုလျှင် အပျိုကြီး၊ လူပျိုကြီးဘဝဖြင့် အရိုးထုတ်မည် မျှော်ရည်မှန်းထားကြသူများသည်လည်းကောင်း၊ သံသရာဝဋ်ဆင်းမှ လွတ်မြောက်ရန်ဟူသော အကြောင်းပြချက်ဖြင့် အိမ်ယာမထောင် ရဟန်းဘောင်၌ နေကြသူများသည်လည်းကောင်း လူ့ဘဝ၏ အညွန့်အညှောက်များကို ဖျက်ဆီးရာရောက်သဖြင့် လူဖြစ်လာကြမည့် သူများအပေါ် မေတ္တာကင်းမဲ့ရာ မရောက်လေသလော ဟူသော မေးခွန်းများသည် တသီတတန်းကြီးပေါ်ပေါက်လာခဲ့လေတော့သည်။

တကယ်စင်စစ်တွင် ဤစဉ်းစားပုံများ၊ ဤမေးခွန်းများတို့သည် သူ့သဘောနှင့်သူ ရှိနေကြသော ဒါနလုပ်ငန်းသဘာဝ၊ သီလလုပ်ငန်းသဘာဝ၊ မေတ္တာစသော ဘာဝနာလုပ်ငန်း သဘာဝတို့ကို အတင်းအဓမ္မပေါင်းစပ် ဆွေးနွေးရာမှ ပေါ်ထွက်လာကြခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့်ပင် ဆရာမြတ်များက စွမ်းအားသန်သည့် ဗလငါးတန်တို့တွင် သဒ္ဓါနှင့် ပညာ တို့ကို၊ သမာဓိနှင့် ဝီရိယတို့ကို အချိုးကျကျ ထိန်းသိမ်းပဲ့ပြင်နိုင်ကြစေဖို့ အခါခါ အထပ်ထပ် ဆုံးမတော်မူခဲ့ကြခြင်း ဖြစ်ရာပါသည်။ သတိသည်သာ ပိုသည်မရှိ၊ ဆိုခဲ့ပြီးသော သဒ္ဓါစသော တရားလေးပါးတို့ကား အပိုအလွန် အယုတ်အလျော့ ရှိတတ်ကြလေသည်။ မပိုသင့်သည်ကို ပိုလွန်စေခြင်းသည်လည်းကောင်း၊ မယုတ်လျော့သည်ကို ယုတ်လျော့စေခြင်းသည် လည်းကောင်း ဆုတ်ယုတ်ရန်အကြောင်းသာဖြစ်လေသည်။ ထို့ကြောင့်ပင် မာန်လည်ဆရာတော်ဘုရားက သူ၏နာမည်ကျော် မဃဒေဝလင်္ကာ၌-

ပညာမဖက်၊ သဒ္ဓါထက်က

နက်၏ဆင်းရဲ၊ အမြဲမှန်စွာ

သဒ္ဓါနုံ့ဆွံ့၊ တွန့်၍ဉာဏ်ကွန်

ပညာလွန်မူ၊ ဝင်္ကံကောက်ကျစ်

ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီ့

သမာဓိများ၊ ပျင်းရိပွါး၏

အားထုတ်လွန်က၊ ပျံ့တတ်စွရှင့်

ဝိရိယဆိုး၊ ညဉ့်ကိုနိုးမူ

သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏

မပြတ်စိတ်က၊ သတိမ,လော့

ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့

သေချာမှတ်သိ၊ မလွန်ဘိနှင့်....။ ဟူ၍ ရေးစပ်ဆုံးမတော်မူခဲ့ခြင်းဖြစ်ရာပါသည်။

မည်သို့ဆိုစေ Social Diamension ဘာသာရပ်ကိုလေ့လာ မြည်းစမ်းရသဖြင့် ကိုယ်မထင်မှတ်ထားသော အမြင်များ၊ ကိုယ်မကြားဖူးသော အတွေးများတို့ များစွာပင် ရှိနေသေးကြောင်း ကောင်းကောင်းကြီးသိရှိခွင့်ရခဲ့ပါလေသည်။ ထိုသို့သော အမြင်တစ်ဖက်မှ တင်စီးကာဆိုလာသည့် မေးခွန်းများကို ဖြေကြားနိုင်ရန်အတွက် မိမိသိရှိထားသမျှသော ဘာသာရေးသုတ၊ လူမှုရေးသုတ သုညမျှလောက်ဖြင့် မလုံလောက်သေးကြောင်းကိုလည်း ကောင်းစွာသဘောပေါက်ခဲ့ရပါ၏။ လေ့လာရန်များစွာလိုသေးကြောင်း၊ မိမိသုတသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန်မလုံလောက်သေးကြောင်း သံဝေဂ ကောင်းကောင်းရခဲ့ရပါ၏။ တစ်ချိန်တည်းမှာပင် ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာကို ထိုးနှက်တိုက်ခိုက်ခဲ့ကြသော ပရဝါဒီ (အမြင်မတူသူ)တို့၏ ခဲရာခဲဆစ် မေးခွန်းအမျိုးမျိုးတို့ကို ကောင်းမွန်ကျနစွာရှင်းလင်း ဖြေကြားခြင်းဖြင့် ဗုဒ္ဓဘာသာ၏ဂုဏ်ရောင်ကို ထွန်းပြောင်သထက် ထွန်းပြောင်တော်မူစေခဲ့ကြသော ရဟန်းပညာရှိ လူပညာရှိတို့၏ ဂုဏ်ကျေးဇူးတော်များကိုလည်း လေးစားဦးညွတ်မိခဲ့ပါတော့သတည်း။

အပိုင်း (၁၁)ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ( ရမ္မာဝတီ)
Last Updated on Monday, 24 January 2011 10:06

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP