* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 18, 2010

သင်္ခတ နှင့် အသင်္ခတ

Saturday, December 18th, 2010 | Author: admin

သင်္ခါရ ဆိုသည်မှာ အကြောင်းတို့ စုပေါင်း၍ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသော တရားကို ဆိုခြင်း ဖြစ်သည်။
တိုတိုရှင်းရှင်း ဆိုရလျင် အကြောင်းကြောင့် ဖြစ်သော တရားပင် ဖြစ်၏။
ဖြစ်ပေါ်လာသော တရားဖြစ်ပေသည်။ အဖြစ်တရား ဖြစ်သောကြောင့် ပျက်တတ်ပေမည်။
အဖြစ်တရားမှန်သမျှ အပျက်ရှိသမြဲဖြစ်ပေမည်။ ထို့ကြောင့် ဆင်းရဲ ပေသည်။

ရုပ် နှင့် နာမ်တို့သည် သင်္ခါရတရားများချည်း ဖြစ်ပေသည်။
ရုပ်သည်လည်း အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော တရားဖြစ်သည်။ ရုပ်၏ မှီရာအကြောင်းတရားတို့မှာ..
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ပင်ဖြစ်လေသည်။
ကံကြောင့် ကမ္မဇရုပ်တို့ဖြစ်ရသည်။
စိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရသည်။
ဥတုကြောင့် ဥတုဇရုပ်တို့ ဖြစ်ရသည်။
အာဟာရကြောင့် အာဟာရဇရုပ်တို့ ဖြစ်ရလေသည်။

ထို့အတူ မြင်စိတ် ကြားစိတ် …စသည်တို့သည်လည်း ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်လာသော သင်္ခါရတရားများ ဖြစ်သည်။
ဥပမာ ကြားစိတ်ကလေးဖြစ်လာဖို့ရန်ျမှာ …
နား(သောတပသာဒ)၊ အသံ(သဒ္ဒါရုံ) ၊ နှလုံးသွင်းအာရုံစိုက်မှု (မနသိကာရ)၊ လေဖြတ်သန်းနိုင်သော အပေါက်အကြား (အာကာသဓာတ်) တို့ ရှိရပေမည်။
(သောတာ ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။)[စာ-၁၀၁၊ ဗုဒ္ဓအဘိဓမ္မာ-ဒေါက်တာမင်းတင်မွန်]

ထို ဆိုင်ရာ အကြောင်းတရားများကြောင့်သာ ကြားစိတ်ကလေး ဖြစ်လာရပေသည်။
ရုပ်/နာမ် အပေါင်းတို့သည် ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသောကြောင့် သင်္ခါရ တရားများဟု ခေါ်ဆိုခြင်းဖြစ်ပေသည်။
အကြောင်းကြောင့် ဖြစ်သော တရားဖြစ်သောကြောင့်လည်း အကျိုးတရားဖြစ်လေသည်။
သင်္ခါရ နှင့် သင်္ခတ တို့သည် အတူတူပင်ဖြစ်သည်။
ထိုနေရာတွင် သင်္ခါရ ဆိုသည်မှာ
ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရကို ဆိုခြင်းမဟုတ်ပေ.၊ ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရသည် အကြောင်းတရားဖြစ်ပေသည်။
ယခု ဆိုသော သင်္ခါရဆိုသည်မှာ အကျိုးတရား ဖြစ်၏။

သင်္ခါရ ၏ ပြောင်းပြန်တရားကို ၀ိသင်္ခါရဟု ခေါ်ဆိုသည်။
ဝိသင်္ခါရ နှင့် အသင်္ခတ မှာ အတူတူပင်ဖြစ်၏။
ဝိသင်္ခါရ (သို့မဟုတ်) အသင်္ခတ ဆိုသည်မှာ အရှိတရား ဖြစ်လေသည်။
မည်သည့် တစုံတရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ..ရှိနေသောတရားပင်..ဖြစ်၏။
ဖြစ်လာသော တရား မဟုတ်သောကြောင့် ပျက်ခြင်း မရှိပေ။
ထိုကြောင့် ချမ်းသာအမှန်ဖြစ်ပေသည်။ ထို အသင်္ခတသည် နိဗ္ဗာန်ပင်ဖြစ်ပေသည်။

နိဗ္ဗာန်သည် ဖြစ်ပေါ်လာသော တရားမဟုတ်ပေ။ ဖြစ်လည်းမဖြစ် ပျက်လည်းမပျက်ပါဘဲ ဆင်းရဲငြိမ်းသော သဘာဝအနေဖြင့် အမြဲ တည်ရှိနေသော အရှိတရားပင် ဖြစ်ပေသည်။

မဂ္ဂင်(၈)ပါးကျင့်ကြံ ပွားများခြင်းသည် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ပေသည်။ ထိုနေရာတွင် မဂ္ဂင်(၈)ပါးသည် နိဗ္ဗာန်၏ အကြောင်းတရားဟု ဆိုနိုင်ပါသော်လည်း
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းသည် နိဗ္ဗာန်ကို ဖြစ်စေခြင်းမျိုး မဟုတ်ပေ။
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းကြောင့် ဆင်းရဲငြိမ်းသော အရှိသဘာဝ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ခြင်း ဖြစ်၏။

ဥပမာ ဆိုရလျင်..
မန္တလေးသို့ မီးရထားဖြင့် ခရီးသွားသောအခါ…
မီးရထား စီးသွားခြင်းကြောင့် နဂိုက ရှိနေသော မန္တလေးသို့ ဆိုက်ရောက်သွားခြင်းမျိုးပင် ဖြစ်ပေသည်။

သင်္ခါရ နှင့် ၀ိသင်္ခါရ တို့ကို အတိုချုပ်နားလည်အောင် ဖော်ပြရလျင်..

သင်္ခတ (သင်္ခါရ) အသင်္ခတ (၀ိသင်္ခါရ)
ဆင်းရဲသည် ချမ်းသာသည်
အဖြစ်တရား အရှိတရား
ရုပ်/နာမ် နိဗ္ဗာန်

ထိုတရားတို့သည် မြတ်ဗုဒ္ဓ ဟောတော်မူ၍သာ ကျွန်ုပ်တို့သည် သိခွင့်ရပေသည်။ မြတ်ဗုဒ္ဓမှ မဟောကြားခဲ့လျင် အဖြစ်တရားရယ်လို့လည်း မသိရ အရှိတရားဟု၍လည်း မသိနိုင်ပေ။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကျွန်ုပ်တို့ အတွက်..အနန္တ ကျေးဇူးရှင် ဖြစ်၏။

ဗုဒ္ဓ မြတ်စွာ၊ ပွင့်ထွန်းလာ၍၊
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်၊
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ၊
မြတ်ဓမ္မကို၊ နက်လှဉာဏ်တော်၊
ဟောထုတ်ဖော်၍၊ သူတော်အများ၊
သိရငြား၊ များလှအကျိုးတွေ။ ။


အောက်ပါတရားတော်မှ ကောက်နုတ်ရေးသားထားပါသည်…
သင်္ခတ နှင့် အသင်္ခတ တရားတော် - ချမ်းမြေ့ဆရာတော်ဘုရားကြီး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP