* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 18, 2010

အနာဂတ်သာသနာရေး

Friday, December 17, 2010

ဖော်ပြပါစာအုပ်အား ကလစ်ထောက်၍ ဒေါင်းလုပ်ယူနိုင်ပါသည်။

အနာဂတ်သာသနာရေးဆိုတဲ့ ခေါင်းစဉ်တတ်လိုက်တာဟာ အင်မတန်ကြီးကျယ်သွားမယ်ထင်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေးစာအုပ်ကို ဦးခိုက်ရိုသေတဲ့အနေနဲ့ ဒီခေါင်းစဉ်လေးတပ်ပြီး ဆရာတော်ဘုရားကြီးကို အမှတ်တရ ကြည်ညိဦးခိုက်လိုက်တာပါ။ ဆရာတော်ဘုရားကြီးရဲ့ သာသနာ့အပေါ်မှာထားရှိတဲ့ မျှော်လင့်ချက်တွေ၊ သာသနာတော်ကို ထွန်းတောက်စေချင်တဲ့ ဆန္ဒတွေဟာ ဖော်ပြပါစာအုပ်က ရည်ညွှန်းနေပါတယ်။ ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေကို ဘယ်လောက်ထိ တန်ဖိုးထားသင့်တယ်၊ ဘယ်လောက်ထိ အသိဥာဏ်နဲ့ထိုးထွင်းပြီးလုပ်ဆောင်သင့်တယ် ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ညွှန်းနေတာပါပဲ။ တကယ်တော့ ဒီလိုစာအုပ်မျိုးဟာ ဗုဒ္ဓဘာသာဝင် အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ်ဦးခန်းမှာ မရှိမဖြစ်ရှိသင့်တဲ့စာအုပ်ဖြစ်ပြီး စာအုပ်ထဲမှာပါရှိတဲ့အကြောင်းရာတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် အလေးဂရုပြုလိုက်နာပြီး ထိန်းသိမ်းစောင့်ရှောက်သင့်လှပါတယ်။ အနာဂတ်သာသနာရေးစာအုပ်မှာ ပါရှိတဲ့အချက်တွေဟာ.. သာသနာတော် ရေရှည်တည်တံ့ရေး၊ ဗုဒ္ဓရဲ့အဆုံးမအစစ်မှန်တွေ မကွယ်ပျောက်ဖို့အရေးတွေကို အမျှော်အမြင်ကြီးစွာဖြင့် မေတ္တာရှေ့ထားပြီး ဖော်ပြထားတဲ့အချက်တွေပါပဲ။

ယခုလိုအချိန်ခါမျိုးမှာ ဒီလိုမျိုး အသိပေး သတိပေး ပညာပေးစာအုပ်တွေကို ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် သေချာမှတ်သားပြီး ကျင့်ကြံလိုက်နာဖို့ လိုအပ်လှပါတယ်။ လူအများစုက သာသနာ့အရေးဆိုတာကို ရဟန်းသံဃာအများစုနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေကြတာပါ။ သာသနာအရေးဆိုတာ လူတွေနဲ့မပတ်သက်ရသလိုတောင် ဖြစ်နေပါပြီ။ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝမတူကွဲပြားတယ်ဆိုတာ ရှေ့အရင်ပိုစ့်တွေမှာလည်း ဖော်ပြပြီးခဲ့ပါပြီ။ ဘာလို့လည်းဆိုတော့ ဗုဒ္ဓရဲ့သာသနာကို ၀င်ရောက်ခိုလှုံတဲ့ ဘုရားတပည့်သား သံဃာတွေအနေဖြင့် လူပုဂ္ဂိုလ်တွေလို စီးပွားရှာလို့မရ၊ လူတွေနဲ့ရောရောနောနောနေလို့ မရသလို.. ၀ိနည်းဆိုတာကိုလည်း အသက်နဲ့ထပ်တူ ထိန်းသိမ်းနေကြရတဲ့ အတွက်ကြောင့်ပါပဲ။ အခြားဘာသာတွေနဲ့မတူတဲ့ အဓိကအချက်က အဲ့ဒါပါပဲ။ ဗုဒ္ဓဘာသာဟာ ဆရာနဲ့ဒကာညီမျှမှသာ သာသနာတော်ရေရှည်တည်တံ့နိုင်ဖို့ ကောင်းစွာဖြစ်နိုင်သလို.. ဗုဒ္ဓရဲ့အဆုံးမ အစစ်မှန်တွေဟာလည်း အရှည်တည်တံ့အောင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဆရာနဲ့ဒကာညီမျှဖို့အတွက် ရဟန်းသံဃာတွေဘက်မှလည်း ဘုရားအဆုံးမအတိုင်း ကျင့်ကြံနေထိုင်ကြဖို့လိုသလို.. လူပုဂ္ဂိုလ်တွေဘက်မှလည်း သာသနာတော်ကို သဒ္ဓါ၊ပညာညီမျှစွာဖြင့် ဆည်းကပ်ကိုးကွယ်တတ်ဖို့ဟာ အဓိကကျလှပါတယ်။


ဆရာတော်တစ်ပါး ဟောပြဆုံးမသလိုပါပဲ.. လူတွေဝိနည်းနားမလည်တော့ ၀ိနည်းကိုမလေးစားတဲ့ ရဟန်းသံဃာတွေ များလာရတယ်ဆိုတာပါပဲ။ ဒီစကားဟာ အင်မတန် ဂရုပြုသင့်ပါတယ်။ ဒီလိုပြောလိုက်တာဟာလည်း ရဟန်းသံဃာတွေကို စော်ကားလိုတဲ့ စိတ်မျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး။ လူတွေဝိနည်းမသိတာဟာ ရဟန်းသံဃာတွေအတွက် အင်မတန် ဒုက္ခရောက်စေတဲ့ဆိုတဲ့အချက်ကို သိစေချင်လို့ပါပဲ။ ၀ိနည်းဆိုတာသာသနာရဲ့အသက်ပါ.. ဗုဒ္ဓရဲ့သာသနာကို နှစ်ပေါင်း(၂၅၀၀)ကျော်ထိ ရှည်ကြာလာအောင် ထိန်းသိမ်းစောင့်ရှောက်လာနိုင်ခဲ့တာဟာ ၀ိနည်းဆိုတဲ့ ဘုရားရှင်ရဲ့အဆုံးမတွေကို အသက်နဲ့ထပ်တူကျင့်သုံးလိုက်နာခဲ့တဲ့ ရဟန်းသံဃာတော်တွေရှိခဲ့တဲ့ အတွက်ကြောင့်ပါပဲ။ ဒါ့ကြောင့် ဆရာနဲ့ဒကာညီမျှရေးဟာ အဓိကကျတယ်ဆိုတဲ့အချက်ကို ဖော်ညွှန်းပြပေးတာပါပဲ။ အနာဂတ်သာသနာရေးစာအုပ်ထဲမှာလည်း မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဟာ ၀ိနည်းကိုဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတဲ့ အချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ဆရာတော်ဘုရားကြီးဟာ ၀ိနည်းကို တန်ဖိုးထားတဲ့အတွက်ကြောင့်လည်း သာသနာတော် အောက်တန်းမကျခဲ့ပုံကို ဖော်ပြထားပါတယ်။ ဒီတော့ သာသနာတော် ရေရှည်တည်တံ့ဖို့အတွက် ဆရာကောင်းနဲ့ ဒကာကောင်းတွေများဖို့လိုသလို.. သာသနာတော်ရဲ့ အဓိကအသက်ဖြစ်တဲ့ ၀ိနည်းစည်းကမ်းကို ရဟန်းသံဃာတွေရော၊ လူပုဂ္ဂိုလ်တွေအနေနဲ့ပါ အမြတ်တနိုးတန်ဖိုးထားပြီး ကိုးကွယ်တတ်မှသာ အနာဂတ်ရဲ့သာသနာရေးဟာ ဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ်။


ဒီလိုမှမဟုတ်ရင်ဖြင့်.. လူတွေဝိနည်းနားမလည်တော့ တကယ့်ဝိနည်းနဲ့ညီတဲ့ရဟန်းသံဃာတွေကို ကြည်ညိုတတ်ရမှန်း မသိတဲ့အတွက်.. တကယ့်သာသာနာ့အကျိုး ပရိယတ် ပဋိပတ်ကို ဘုရားအဆုံးမနဲ့အညီကျင့်ကြံတဲ့ ရဟန်းသံဃာတွေကျတော့ ကြည်ညိုတတ်ရမှန်း မသိတော့ပါဘူး။ ဘုန်းကြီးဆိုရင် ကိုယ့်အပေါ်ကောင်းမှ၊ ကိုယ့်အပေါ်အရောတ၀င်ပြုမှ င့ါဘုန်းကြီးလို့ ထင်နေတတ်ကြတော့တာပါ။ ဒီတော့ဘုရားရဲ့အဆုံးမတွေကို အသက်နဲ့ထပ်တူကျင့်သုံးနေတဲ့ ရဟန်းသံဃာတွေကျတော့ သံဃာစစ်သံဃာမှန်လို့မထင်ကြတော့ပဲ.. ရဟန်းကပဲ လူပုဂ္ဂိုလ်လာရင် ခရီးဦးကြိုပြုရမလို ဖြစ်နေပါတော့တယ်။ ဒီလိုအဖြစ်မျိုးတွေဟာ သာသနာကွယ်ကြောင်းတွေပါပဲ။ အဓိကအနေဖြင့်.. လူပုဂ္ဂိုလ်တွေ ၀ိနည်းကိုနားလည်ရင် ၀ိနည်းကိုတန်ဖိုးထားတတ်ရင်.. ၀ိနည်းတော်အတိုင်း ကျင့်ကြံနေကြတဲ့ ရဟန်းသံဃာတွေအတွက်တော့ ရွှေပါပဲ။ ကြည်ညိုအောင်မနေတာကိုက ကြည်ညိုစရာကောင်းနေပါလိမ့်မယ်..။ ဒါမှလည်း သာသနာတော် အထက်တန်းရောက်မှာဖြစ်သလို လူပုဂ္ဂိုလ်တွေအနေဖြင့်လည်း သံဃာကိုဆည်းကပ်ရတဲ့ အကျိုးတရားထူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့် ၀ိနည်းမလေးစားတဲ့ရဟန်းသံဃာတွေကြောင့် သာသနာတော်အောက်တန်းရောက်နိုင်သလို ၀ိနည်းမသိတဲ့ဒကာဒကာမတွေအတွက်လည်း ဘ၀သံသရာတစ်လျောက်လုံး အရှုံးကြီးရှုံးကြရတော့မှာပါ။ ဒါ့ကြောင့် ဆရာဒကာညီမျှဖို့အရေးဟာ ဗုဒ္ဓသာသနာအတွက် အသက်တမျှအရေးကြီးလှတဲ့ အဓိကအချက်ပါပဲ။


အနာဂတ်သာသနာတော် ရေရှည်တည်တံ့ဖို့အတွက် လူပုဂ္ဂိုလ်တွေအနေဖြင့် ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ ပါတ်သက်ပြီး ဗဟုသုတများစွာရှိဖို့လိုအပ်သလို.. သဒ္ဓါကိုပညာနဲ့ထိန်းကွပ်ပေးနိုင်ဖို့ဟာလည်း အဓိကကျပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုက သဒ္ဓါအား တအားကောင်းကြပါတယ်။ ကိုယ့်မှာစားစရာသာမရှိရင်နေရမယ် လှူဖို့တန်းဖို့ဆို ရက်ရောပြီးသားပါပဲ။ ပညာမပါတဲ့အလှူမျိုးတွေကျတော့ ဒါနသာဖြစ်ပေမယ့် သာသနာအတွက် အကျိုးမများလှပါဘူး။ တကယ် သာသနာတော်ကို ကြည်ညိုကိုးကွယ်တတ်ချင်တယ်ဆိုရင် မိမိရဲ့သဒ္ဓါတရားကို ပညာနဲ့အမြဲထိန်းကွပ်ပေးဖို့ဟာ အဓိကအကျဆုံး အချက်ပါပဲ။ ပညာမပါတဲ့အတွက် မလှူသင့်တဲ့နေရာတွေမှာကျ ပြည့်လျှံလို့၊ တကယ်လိုနေ တကယ်မရှိတဲ့နေရာတွေကျတော့ စားစရာကိုမရှိတဲ့အနေထားမျိုးတွေထိ ဖြစ်နေကြရတာပါ။ ချဲဂဏန်းပေးတဲ့ဘုန်းကြီးကျောင်းကြတော့ တိုက်တွေကားတွေနဲ့.. တကယ့်ပရိယတ် ပဋိပတ်ကိုကျင့်ကြံအားထုတ်တဲ့ စာသင်သားရဟန်းတော်တွေနေတဲ့ ကျောင်းမျိုးကျတော့ ဆွမ်းကွမ်းကိစ္စတောင် အဆင်ပြေအောင် မနည်းလုပ်ဆောင်နေကြရတာပါ။ သာသနာတော်အတွက် ၀မ်းနည်းစရာပါပဲ။ အဲ့ဒါတွေရဲ့ အဓိကအချက်ကတော့ ပညာမပါတဲ့သဒ္ဓါတရားတွေကြောင့်ပါပဲ။ မိမိလုပ်လိုက်တဲ့အလုပ် မိမိလှူလိုက်တဲ့အလှူဟာ မိမိအကျိုး အများအကျိုး သာသနာ့အကျိုးကို ဘယ်လောက်ထိ အကျိုးများစေလဲဆိုတဲ့ ပညာပါတဲ့အလှူမျိုးဖြစ်ဖို့လိုသလို.. သံဃာစစ်သံဃာမှန်ကိုလည်း ထောက်ပံ့ကြည်ညိုတတ်ဖို့ လိုအပ်လှပါတယ်။ ဒီလိုမှမဟုတ်ရင်ဖြင့် တကယ့်ဝိနည်းအတိုင်းနေထိုင်ကျင့်ကြံကြတဲ့ ရဟန်းသံဃာတွေ လာဘ်လာဘဆုတ်ယုတ်ရင်ဖြင့် သာသနာတော်မှာ မပျော်ပိုက်နိုင်တော့ပဲ သံဃာစစ်သံဃာမှန်တွေ သာသနာ့ဘောင်မှာ မရှိနိုင်တော့သလို.. သာသနာစစ် သာသနာမှန်ဟာလည်း အနှေးနဲ့အမြန် ကွယ်ပျောက်သွားမှာပါ။ ဒါ့ကြောင့် သာသနာတော်ကို ဆည်းကပ်တဲ့လူပုဂ္ဂိုလ်တွေအနေဖြင့် ပညာပါတဲ့သဒ္ဓါမျိုးတွေရှိမှသာ သာသနာတော်ဟာ ထွန်းတောက်လာမှာဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် အဓိကသိရှိဖို့ လိုအပ်လှပါတယ်။


ဒီလို သိသင့်တဲ့အချက်တွေကို လိုက်ပြောမယ်ဆိုရင် ဘက်ပေါင်းစုံကကြည့်နိုင်လေလေ ပြောစရာတွေ များလေလေပါပဲ။ အဓိကကတော့ မိမိကိုယ်တိုင်က သာသနာတော်ကို တကယ်ကြည်ညိုလိုတဲ့ ဆန္ဒရှိဖို့ဟာ အဓိကကျလှပါတယ်။ တကယ်ကြည်ညိုတတ်ချင်ရင် ဆရာတော်ဘုရားတွေ ဟောပြဆုံးမတဲ့တရားတော်တွေကို ပညာဥာဏ်နဲ့စီစစ်ပြီး သေချာနားကြားကြဖို့လိုသလို.. တခြားဘက်မှာလည်း ဘာသာရေးနဲ့ဆိုင်တဲ့ စာအုပ်မျိုးတွေ ဖတ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သာသနာတော်ရဲ့ လိုအပ်ချက်တွေ၊ ဘယ်လိုပြုပြင်သင့်လဲဆိုတဲ့အချက်တွေကို နားလည်သဘောပေါက်မှာဖြစ်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားတဲ့ အနာဂတ်သာသာနာရေးဆိုတဲ့ စာအုပ်ထဲမှာလည်း သာသနာတော်အတွက် ပြုပြင်သင့်တဲ့အချက်၊ လိုက်နာသင့်တဲ့အချက်တွေကို သေချာဖော်ပြထားပါတယ်။ ဒီအတိုင်းလိုက်နာမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာ မလွဲပါဘူး။ ဒီတော့ သာသနာတော်ကိုတကယ်ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် ဒီလိုစာအုပ်မျိုးတွေကို များစွာဖတ်ပေးဖို့လိုသလို.. မိမိကိုယ်တိုင်ကလည်း ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ပေးဖို့လိုပါတယ်။ ဒါမှဟာ နောင်လာနောင်သားတွေအတွက် အမှားပြင်ပြီး အမှန်သိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သိနားလည်တဲ့ ဗုဒ္ဓရဲ့အဆုံးမတွေကိုလည်း သူတစ်ပါးအားဖြန့်ဝေပေးခြင်းဖြင့် အနာဂတ်သာသနာရေးကို ဖြောင့်ဖြူးပေးအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဗုဒ္ဓရဲ့သာသနာတော်ကို တကယ်ကြည်ညိုသူများအတွက် အနာဂတ်သာသနာရေးစာအုပ်လေးကို လက်ဆင့်ကမ်းရင် ဓမ္မဒါနပြုလိုက်ပါတယ်။ စာအုပ်ထဲမှာပါရှိတဲ့အချက်တွေအတိုင်း လိုက်နာကျင့်ကြံခြင်းဖြင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်နိုင်ကြပါစေ..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP