* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 18, 2010

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့ လ, ၀က် နောက်ကျသွားရတာလား

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့
လ, ၀က် နောက်ကျသွားရတာလား

ဒကာ။ ။ ဆက်မေးခွင့်ပြုပါဦးဆရာတော်၊ ရှင်မောဂ္ဂလာန်ထေရ်မြတ်က ခုနစ်ရက်ထဲနဲ့ ရဟန္တာကြီးဖြစ်သွားပါလျက် ရှင်သာရိပုတ္တရာထေရ်ကျတော့ လ, ၀က်တိတိ ၁၅ ရက် ရှိမှ ရဟန်းကိစ္စပြီးရတာဟာ ဘ၀င်မကျစရာ ဖြစ်နေပါတယ်၊ ဘုရားပြီးရင် ရှင်သာရိပုတ် ဟာ ပညာအရာမှာ သူတဆူသာဖြစ်ပါလျက်နဲ့ ဒီလို အထက်မဂ် ရယူရေးမှာ ရှင်မောဂ္ဂလာန်အောက် ခုနစ်ရက်လောက် နောက်ကျနေရတာကို သူအချို့က မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်၊ အဲဒါလေး တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပေးပါဦး ဘုရား။
ဆရာ။ ။ အရှင်သာရိပုတ္တရာ၏ ၀ိပဿနာဉာဏ် အရှုခံတရားတွေက အရှင် မောဂ္ဂလာန် ရဲ့ ၀ိပဿနာဉာဏ် အရှုခံတရားတွေထက် အဆပေါင်းများစွာ ကြီးကျယ်ပြန့်ပွားနေသောကြောင့် နောက်ကျသွားတယ်လို့ ဆိုတယ်၊ အဲဒါဟာ အတိုအကျဉ်းဆုံး အဖြေပဲ။
ဒကာ။ ။ တပည့်တို့နားလည်ရုံမျှ အနည်းငယ်တိုးချဲ့ပြီး ပြောပြပေးပါဦး ဆရာတော်၊ တိုလွန်းတော့ ဘာမှ နားမလည်တော့ဘူး။
ဆရာ။ ။ အင်း…တိုတိုကျဉ်းကျဉ်းဆို၊ ခုတော့ နားမလည်ပြန်ဘူးတဲ့။ အရှင်သာရိပုတ္တရာက ရုပ်တရားစုအပေါ်မှာ မှတ်တဲ့အခါ ရူပ, ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဖဿကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဝေဒနာကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ရှုမှတ်တယ်။
သဒ္ဒရုပ်, သောတရုပ်, သောတ၀ိဉာဏ်၊ ဖဿ, ဝေဒနာ စသည် တို့ကိုလည်း သည်လိုပဲ လုံးစေ့ပတ်စေ့ တခုစီ, တခုစီ ခွဲခြားပြီးတော့ ကျယ်ပြန့်စွာ ရှုမှတ်ပွားများနေတော့ကာ ပရိကံဉာဏ်အရာမှာ များပြား စေ့စပ်လွန်းလျက် (ရှင်ဘုရင် တခါထွက် ပဲကြီး တလှေချက် ဆိုတာလို) တော်တော်နဲ့ ကိစ္စမပြီးဘဲ နောက်ကျ ကြန့်ကြာနေရတယ်တဲ့၊ အဲဒါဟာ အဋ္ဌကထာ ဆရာတွေရဲ့ ရှေ့နေ လိုက်ချက်ပဲ။
အရှင်မောဂ္ဂလာန်ကတော့ ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်မှုကို ဥဒယ၀ယဉာဏ်နဲ့ တပေါင်းတစု တလုံးတည်း ရှုမှတ်ပွားများလို့ မြန်မြန်ကိစ္စပြီးသွားတာတဲ့၊ ကဲ…အဲဒါ အနည်းငယ် တိုးချဲ့လိုက်တာပဲ၊ သဘောပေါက်ရဲ့လား။
ဒကာ။ ။ သဘောပေါက်ပါပြီ ဆရာတော်၊ ရှင်ဘုရင်နဲ့ ဆင်းရဲသား ခရီးသွားသလိုပေါ့ ဘုရား၊ ဆင်းရဲသားက လွယ်အိတ်ကလေး ဘေးချိတ်လိုက်ရင် ပြီးတာပဲ၊ ရှင်ဘုရင်ကတော့ ဘယ်ဝင်း ညာဝင်း ရှေ့တပ် နောက်တပ်တွေ ချဲ့နေရတာနဲ့ မပြီးနိုင်တော့ဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP