လွမ်းမောမိသည့်နေရက်လေးများ(၆)
Thursday, 09 December 2010 21:17 |
Written by Administrator | PDF | | Print | | E-mail
သာဝတ္ထိမြို့ရောက်စဉ်
ဒီလိုနဲ့ ဆက်လာ လိုက်တာ သာဝတ္ထိကို နှစ်နာရီ လောက်မှာ ရောက်ပါတယ်။ မြန်မာ ကျောင်းမှာ တည်းခို ကြပါတယ်၊
မြန်မာကျောင်း ဆရာတော် ဦးသြဘာသ ကတော့ ဘုံဘေမြို့ ဘုရားထီးတော် တင်လှူပွဲ သွားတဲ့အတွက် မကန်တော့ ခဲ့ရဘူး၊ ခေတ္တ နားကြပြီး ဘုရားဖူး ပတ်ကြတယ်။
ပိုမိုပြည့်စုံအောင် နားလည် စေချင်တာကြောင့် မြန်မာကျောင်းမှာ သီတင်းသုံးတဲ့ ဦးဝါယမိန္ဒက လိုက်ပါ ပို့ဆောင်ကာ ကုသိုလ်ယူ ပါတယ်။ ဦးစွာ ကောသလမင်းကြီး နန်းတော်ရာ နေရာနှင့် မြို့ရိုးတို့ကို လေ့လာကြတယ်။ ကောသလတိုင်း သာဝတ္ထိပြည့်ရှင် ပသေနဒီ ကောသလ မင်းကြီးနှင့် ဥာဏ်ပညာကြီးမား ထက်မြက်လှတဲ့ မိဖုရားကြီး မလ္လိကာတို့ စံမြန်းခဲ့တဲ့ နေရာဖြစ်ပါတယ်။ မိမိတို့ ရောက်ချိန်မှာ ထိုင်းနိုင်ငံက ဘုရားဖူး အဖွဲ့တွေလည်း ရောက်နေတဲ့အတွက် နန်းတော်ရာ တစ်ခုလုံး အဖြူရောင်ဝတ်ရုံ တွေနှင့် ဖုံးလွှမ်းနေပါတယ်။
နန်းတော်ရာကနေ ခပ်ရေးရေးမြင်ရတဲ့ အစိရ၀တီမြစ်နှင့် သာဝတ္ထိ မြို့တော်ဟောင်း တို့ကို လှမ်းမျှော်ကာ ကြည့်ရှုကြတယ်၊ ဘုရားရှင် (၂၅)၀ါတိုင်တိုင် ၀ါဆိုသီတင်း သုံးတော်မူ ခဲ့တဲ့မြို့ ဖြစ်ပါတယ်။ ကျောင်းအမကြီး ၀ိသာခါ လှူဒါန်းတဲ့ မြို့ရဲ့ အရှေ့ရပ်က ပုဗ္ဗာရုံ ကျောင်းတော် နှင့် အနာထပိဏ် သူဌေးကြီး လှူဒါန်းတဲ့ မြို့ရဲ့ တောင်အရပ်က ဇေတ၀န် ကျောင်းတော်တို့ဟာ သိပ်ကို ထင်ရှားတာပါ။ သာဝတ္ထိမှာ လူဦးရေ သန်း(၇၀)ရှိပါတယ်၊ သန်း (၅၀) ဟာ အရိယာဝင်တွေ ဖြစ်ကြပြီး သန်း(၂၀) ကတော့ ကလျာဏ ပုထုဇဉ်တွေ ဖြစ်ကြပါတယ်။ သမိုင်း သုတေသီ တစ်ချို့ကတော့ ကောသလတိုင်းနှင့် ကာသိတိုင်းမှာရှိတဲ့ လူဦးရေ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုကြတယ်။ နန်းတော်အနီးမှာ ရှိတဲ့ သုဒတ္ထ စေတီ(ကာကျစ်ကုဋိ)၊ အင်္ဂုလိမာလစေတီ(ပါကစ်ကုဋိ) တို့ကိုလည်း ဖူးမျှော်ခဲ့ကြတယ်။
ပိဋကတ်လာ သုတ်တော်တွေမှာ သာဝတ္ထိမြို့တွင်းမှာ (၄)သုတ်၊ ပုဗ္ဗာရုံ ကျောင်းမှာ(၂၃)သုတ်၊ ဇေတ၀န်ကျောင်းမှာ (၈၄၄)သုတ်တို့ ဟောကြား ထားခဲ့တာကို တွေ့ရပါတယ်။ အစိရ၀တီမြစ်ရေ တိုက်စားထား တာကြောင့် ပုဗ္ဗာရုံ ကျောင်းတော်ရာ ကတော့ မရှိတော့ပါဘူး၊ နေရာလောက်ကိုပဲ မှန်းဆပြီး ကြည်ညိုကာ ပြသကြပါတယ်။ အစိရ၀တီမြစ်ဟာ ဘုရားရှင် လက်ထက်က ပဋာစာရီ သူဌေးသမီး သားကြီးရေမျှောပြီး သားငယ် စွန်ချီ ခံခဲ့ရတဲ့မြစ် ဖြစ်တယ်၊ ဒါ့အပြင် သာကီဝင် တစ်မျိုးလုံးကို သတ်ဖြတ်ပြီး ပြန်လာတဲ့ ၀ိဋဋူဘမင်းနှင့် စစ်တပ်ကြီးတို့ကို ညဥ့်အခါ စခန်းချ အိပ်စက် နားနေတုံး ရေလွှမ်းမိုး နစ်မြုပ် သုတ်သင်ခဲ့တဲ့ မြစ်လည်း ဖြစ်ပါတယ်။ ပိဋကတ် စာပေတွေမှာ သာဝတ္ထိမြို့က ဖြစ်ရပ် ပေါင်းစုံတို့ကို များစွာ တွေ့ရပါတယ်။
ရှေ့ဆက်ပြီး ဇေတ၀န် ကျောင်းတော်ရာကို သွားရောက် ဖူးမျှော်ကြတယ်။ ငယ်စဉ် ကလေးဘ၀ မင်္ဂလသုတ် သင်စဉ်ကတဲက ရင်နှီးခဲ့ရတဲ့ ကျောင်းတော်ကြီးပါ၊ အနာထပိဏ် သူဌေးကြီးက (၅၄)ကုဋေသော ဥစ္စာတွေကို စွန့်ကြဲပြီး လှူဒါန်းခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဇေတမင်းသားရဲ့ ဥယျာဉ်မှာ ဆောက်လုပ် ခဲ့တဲ့ ကျောင်းဖြစ်တာကြောင့် ဇေတ၀န်ကျောင်းလို့ ခေါ်ဆို ကြခြင်းပါ၊ ကျောင်းတော်ကြီးဟာ အလွန်ကျယ်ဝန်းပြီး ကျောင်းတော်ရာ ဟောင်းတွေ စေတီတွေ သစ်ပင်ကြီးတွေ ဝေေ၀ဆာဆာမို့ တကယ့်ကို သာယာ လှပလှပါတယ်။
မြတ်ဗုဒ္ဓကိုယ်စား ပရိဘောဂ စေတီထိုက်တဲ့ အာနန္ဒာ ဗောဓိပင်ကြီးကို ဦးစွာ ဖူးမျှော်ကြတယ်၊ အရွက်ပင်စည်တွေ ကြီးကြီးမားမားနဲ့ ဖူးမျှော် ကြသူတိုင်း ဖူးမျှော်မ၀ ဖြစ်ကြရတဲ့ ဗောဓိပင်ကြီးလည်း ဖြစ်ပါတယ်။ ဒီဗောဓိပင်ကြီး ဖြစ်လာပုံက- သာဝတ္ထိမြို့သူ မြို့သားတွေနှင့် ဘုရားဖူးတွေဟာ ဘုရားရှင်ကို ဖူးမျှော်ဖို့ လာကြပါတယ်၊ ဘုရားရှင် ဒေသစာရီ ကြွချိန်တွေမှာ မဖူးတွေ့နိုင် တာကြောင့် ပူဇော်ရန် ယူဆောင် လာကြတဲ့ ပန်း နံ့သာတွေကို ကျောင်းတော် အ၀မှာ စွန့်ပစ်ကြပါတယ်၊ အရှင်အာနန္ဒာက ဒီအကြောင်းကို ဘုရားရှင်အား လျှောက်ကြားတဲ့ အတွက် ဘုရားရှင် ကိုယ်စား ဗောဓိပင်ကို ပူဇော်ရန် ခွင့်ပြုခဲ့တယ်၊ အရှင်မဟာ မောဂ္ဂလာန်က ဗုဒ္ဓဂါယာ မဟာဗောဓိပင်မှ ဗောဓိမျိုးစေ့ကို ယူဆောင်ကာ အရှင်အာနန္ဒာကို ပေးပါတယ်။ ဘုရင်မျိုးနွယ် အရှည် တည်တံ့ရန် ခက်ခဲတာကို သိတဲ့အတွက် ကောသလ မင်းကြီးဟာ ဗောဓိမျိုးစေ့ကို ကိုယ်တိုင် မစိုက်ပျိုးဘဲ အနာထပိဏ် သူဌေးကြီးကို စိုက်ပျိုး စေခဲ့ပါတယ်၊ သူဌေးကြီးလည်း ဇေတ၀န် ကျောင်းပေါက်ဝမှာ စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့ တာကြောင့် အာနန္ဒာ ဗောဓိလို့ ခေါ်ကြပါတယ်။
ဘုရားရှင်(၁၉)၀ါတိုင်တိုင် သီတင်းသုံးခဲ့တဲ့ ဂန္ဓကုဋိ (ပန်းနံ့သာ မွှေးကျောင်း)ကိုလည်း ဖူးမျှော်ကြတယ်၊ ပွင့်တော်မူပြီး ပွင့်တော်မူမည့် ဘုရားရှင်တိုင်း ဒီဂန္ဓကုဋိမှာ စွဲစွဲမြဲမြဲ သီတင်း သုံးတော်မူ တာကြောင့် အ၀ိဇဟိတ ဌာန နေရာ မြတ်လည်း ဖြစ်ပါတယ်၊ မိမိတို့ ရောက်သွားတဲ့ အချိန်မှာ မိမိတို့လိုပဲ ဖူးမျှော် လာရောက်ကြသူ နိုင်ငံတကာ ဘုရားဖူး တွေနဲ့ ပြည့်လျှံနေပြီး ဂုဏ်တော်သံတွေ ပဲ့တင်ထပ် နေပါတယ်။ ရွက်ဖတ် ပူဇော်ကြ တရားထိုင်ကြနဲ့ ဤဂန္ဓကုဋိ ကျောင်းတော်မှာ အချိန်ပေးပြီး ကုသိုလ်တွေ လုပ်ဖြစ်ကြတယ်။ ဂန္ဓကုဋိ ကျောင်းရှေ့ရှိ မြတ်စွာဘုရား ခြေဆေးတော်မူရာ ရေတွင်း တရားဟောတော်မူရာ ပလ္လင်တော်နှင့် အရှင်သီဝလိ ကျောင်းဆောင်တို့ကို ဖူးမျှော်ကြတယ်၊ ဒါအပြင် ကရေရိကုဋိ (ရေခံတက်ပင်ရှိသော ကျောင်းတော်)၊ ကောသမ္ဘကကုဋိ (ကြို့ပင်ရှိသော ကျောင်းတော်)၊ သလလာဂါရကုဋိ (သလကုဋိ ကျောင်းတော်)တို့နှင့် ပူတိဂတ္တ တိဿစေတီ စတဲ့ စေတီဟောင်း များစွာ ကျောင်းတော်ရာ များစွာတို့ကို ဖူးမြင်ခဲ့ကြတယ်။
ဇေတ၀န် ကျောင်းတော်ရာကနေ မြတ်စွာဘုရား တန်ခိုးပြဋိဟာပြရာ ကဏ္ဍမ္ဗ သရက်ဖြူကုန်းကို သွားရောက်ကြတယ်၊ စေတီပျက်ကြီး နေရာမှာ တောင်ကုန်းလေး တစ်ခုဖြစ်ပြီး မို့မောက်နေတယ်။ အသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်ကြီး နေရာပါ၊ ဘုရားရှင်ဟာ ဒီနေရာမှာပဲ ရေမီးအစုံစုံသော တန်ခိုးပြဋိဟာကို ပြတော်မူပြီး တာဝတိံသာနတ်ပြည်ကို (၂-လှမ်း ၃-ဖ၀ါးဖြင့်) ကြွသွားခဲ့ပါတယ်။ ပင်လယ် ကသစ်ပင်ရင်း ခင်းထားအပ်တဲ့ ပဏ္ဍူကမ္ဗလာ မြကျောက်ဖျာ ထက်မှာထိုင်တော်မူကာ မယ်တော်ဖြစ်ဖူးခဲ့တဲ့ သန္တုဿိတ နတ်သားကို အမှုးထားပြီး စကြာဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့အား ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာ တရားတော်ကို အကျယ်တ၀င့် ဟောကြားခဲ့တာပါ။ လူ့ပြည်သို့ ကြွပြီး ဆွမ်းခံချိန် ဆွမ်းစားချိန်တို့မှာ နိမ္မိတ ရုပ်ပွားတော်မြတ်ကို ဖန်ဆင်းထားပြီး ဟောကြား စေခဲ့ပါတယ်။ လူ့ပြည်မှာ ခေတ္တသီတင်း သုံးခိုက် အရှင်သာရိပုတ္တရာကို အကျဉ်း နည်းဖြင့် ဟောကြားပါတယ်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဘူးတဲ့ ရဟန်း ငါးရာတို့ကို မကျဉ်းမကျယ် အလယ် အလတ်နည်းဖြင့် ဟောကြားပါတယ်။ ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာ တရားဟောကြားပြီး သီတင်းကျွတ်လ ပြည့်နေ့မှာ နတ်ဗြဟ္မာ အပေါင်းခြံရံကာ လူ့ပြည် သင်္ကဿနဂိုရ် ပြည်သို့ ကြွဆင်းတော်မူခဲ့တာပါ။
အဘိဓမ္မာ တရားတော်ဟာ အမေ့ကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောကြားခြင်း၊ ပကတိ ဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်း ဆိုတဲ့ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါတယ်။ ဒီမျှမက အဘိဓမ္မာ တရားတော်ဟာ ပါဠိ၏နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း ဆိုတဲ့ နက်နဲခြင်း တို့နှင့်လည်း ပြည့်စုံပါတယ်။
အရှင်ဒေ၀ဒတ်နှင့် စိဉ္စမာဏတို့ကို မြေမျိုခဲ့တဲ့နေရာလို့ ယူဆရတဲ့ ရေကန်တို့ကိုတော့ ကားပေါ်ကနေပဲ ကြည့်ဖြစ်ကြတယ်၊ ဒီရေကန် အနီးနားမှာ မြေမျိုခံခဲ့ရတယ်လို့ မှန်းဆကြတာပါ။ အချိန်မရ တော့တာကြောင့် မဟာမွန်ဂို ထိုင်းကျောင်းကို သွားရောက် မလေ့လာ နိုင်ခဲ့ကြဘူး၊ သိပ်ကြီးကျယ်တဲ့ နေရာအဖြစ် နာမည်ကြီး လှပါတယ်။ မြန်မာကျောင်းကို မိမိတို့ပြန် ရောက်တော့ တော်တော်ကို မှောင်နေပါပြီ၊ မြန်မာနိုင်ငံက ဘုရားဖူး လာရောက်ကြတဲ့ အဖွဲ့တွေနှင့်လည်း ဆုံခဲ့ကြတယ်။
အရှင်နိပုဏာလင်္ကာရ MA(ဗာရာဏသီ)
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
၂၀၁၀-ခု၊ ဒီဇင်ဘာလ(၉)ရက်၊ကြာသပတေးနေ့၊ ည ၉နာရီ ၃၉မိနစ်။

0 comments:
Post a Comment