* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 11, 2010

လူ့ဘ၀တန်ဖိုး (၂)

ကိုယ်ကျင့်တရားနှင့်စပ်၍ လူအများ အထင်အမြင်မှားတက်ကြပုံမှာ မှန်တာကိုလုပ်၊ ဟုတ်တာကိုပြောလျှင် ကိစ္စနှောင့်နှေးရုံသာမက မပြီးစီးဘဲရှိတက်သည်။ ဈေးသည်ဖြစ်လျှင်လည်း ကုန်ရှုံးပြီး၊ အကျိုးကြီးနည်း၍ မွဲရုံသာရှိမည်ဟု ထင်မှတ်တက်ကြလေသည်။ ထိုသို့ ထင်မှတ်သည့် အတိုင်းပင် “မုသားမပါ လင်္ကာမချော” ဟူသော စကားကိုလက်ကိုင်ထားပြီး တရား၊ မတရားကို မတွေးတော၊ လောလောဆယ် အကျိုးကိုသာ မျှော်ကိုးကာ စီးပွါးရေးသောင်းကျန်း၊ အမှားလမ်းကို လိုက်ကြသဖြင့် ဒုက္ခများရုံသာမ၊ အကျင့်စာရိတ္တလည်းပျက်၊ ပေါင်းသင်းဆက်ဆံရေးဘက်၌လည်း လူအယုံအကြည်ကင်း၍ စီးပွါးရေး မရဏတွင်းသို့ ဆင်းရတက်လေသည်။ မရိုးသား၊ မဖြောင့်မတ်၊ လျှို့ဝှက်အပ်သော အမှုဖြင့် စီးပွါးရှာလျှင် ကြီးပွါးမြန်သည်ဟု ထင်ရသော်လည်း ထိုမတရားလျှို့ဝှက်မှု ပေါ်မည်စိုးသဖြင့် အမျိုးမျိုးပိတ်ဆို့ရန် အချိန်ကုန်၊ ငွေကုန်၊ အားကုန်၊ လူပင်ပန်းခံရသည့်အတွက် ကိုယ်စိတ်နှစ်ပါး ချမ်းသာမှု မရှိနိုင်ပါ၊ ဤမျှသာမက မတရားလျှို့ဝှက်မှု ပေါ်ပေါက်ပြန်လျင်လည်း အရှက်တကွဲ အကျိုးနည်း၍ ဆင်းရဲပင်ပန်းရ၏။
အကယ်၍ တခဏတာ အကျိုးမျှလောက်ကိုသာ မမျှော်ကိုးပဲ အရှည်ကိုကြည့်ကာ မိမိပြုလုပ်သော အမှူမှာ သူတစ်ပါးကိုမထိပါး တရားတော်အလုပ်ဖြစ်ကြောင်း ကောင်းစွာသိ၍ ပြုလုပ်ပါက စိတ်မချမ်းသာဖွယ် တစ်စုံတရာမျှမရှိ ချမ်းသာအတိသာဖြစ်ပြီးလျှင် ယင်းဖြောင့်မတ်သော အလုပ်အတွက် အကျိုးပိုထွက်ပါကလည်း ဆထက်တမ်းပိုး တိုး၍ပင်ချမ်းသာသုခကို ခံစားရမည်မှာ မလွဲပင်ဖြစ်ချေမည်။ (၂) စိတ်ထားစင်ကြည်၍ တည်ကြည်သော သမာဓိရှိခြင်းဆိုရာ၌ သူတစ်ပါး၏ပစ္စည်းကို လိုချင်နှစ်သက်ခြင်း၊ သူတစ်ပါး၏ ပျက်စီးကြောင်းကို ကြံစည်းခြင်းမှ ကင်းလွတ်၍ မိမိစိတ်ကိုကောင်းသောအရာ အကျိုးရှိသောအရာ များ၌သာ တည့်တည့်စွဲမြဲစေရမည်ဟုဆိုလိုသည်။ စိတ်ထားမစင်ကြည်လျှင် ပြောသောစကားလည်း စင်ကြည်နိုင်မည်မဟုတ်သလို လုပ်သောအလုပ်မှာလည်း အပြစ်ကင်းနိုင်မည်မဟုတ်ပါ။ လူတစ်ယောက်၏ အပြောနှင့် အလုပ်သည် ထိုသူ၏စိတ်ထားပေါ်မှာ မူတည်သဖြင့် ထိုသူ၏ စိတ်ထားစင်ကြည် ကောင်းမွန်မှသာလျှင် ထိုသူ၏ အပြောနှင့် အလုပ်များလည်း စင်ကြည်ကောင်းမွန်မည်သာဖြစ်၏။ သမာဓိရှိခြင်း ဆိုသည်မှာ အာရုံတစ်ခု၊ (သို့) ကိစ္စတစ်ခုပေါ်၌ စိတ်ကိုတာရှည်တည်တံ့အောင် ထားခြင်းကိုဆိုလိုသည်။ စိတ်မတည်တံ့သောသူ၏ အလုပ်သည် ဖြောင့်ဖြောင့်တန်းတန်း တစ်သမက်တည်း တိုးတက်ပြီးနိုင်မည် မဟုတ်ပါ၊ ပြီးစီးသည်ဟုဆိုရပြန်ကလည်း အခြေမခိုင်သော အိမ်ကဲ့သို့ တာရှည်မခိုင် ပျက်စီးမည်သာဖြစ်၏။
၃။ အသက်မွေးဝမ်းကျောင်းအတွက် ကောင်းသောလောကီပညာ တစ်ခုနှင့် မိမိသံသရာလမ်းစဉ် အကြောင်းကို ကောင်းစွာသိနိုင်သော လောကုတ္တရာပညာရှိခြင်းဆိုရာ၌ (က) အသက်မွေးကျောင်း ပညာမရှိလျှင် ဥစ္စာပစ္စည်းမရှိနိုင်၊ ဥစ္စာပစ္စည်းမရှိလျှင် နောင်ဘ၀လမ်းစဉ်တွင် ချမ်းသာရေးအတွက် ကုသိုလ်ကောင်းမှုပြုနိုင်မည်မဟုတ်ပါ။ ယခုဘ၀မှာပင် လူချင်းတူတူ သူချင်းမျှမျှ မနေနိုင်၊ မစားသောက်နိုင်ပဲ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်တွေ့ရမည်ဖြစ်သဖြင့် ထိုဆင်းရဲဒုက္ခမှ ကင်းလွတ်၍ ချမ်းသာစွာ နေနိုင်ရေးအတွက် ကောင်းသော အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုနှင့် ပြည့်စုံရပေမည်။ (ခ) ဤကဲ့သို့ လောကီအသက်မွေး ၀မ်းကျောင်းပညာတစ်ခုခုတက်၍ စားသောက်၊ ၀တ်ဆင်၊ နေထိုင်ရေး၊ အိမ်ထောင်ရေးစသည် ပြည့်စုံသော်လည်း လူ့ဘ၀ရကျိုးနပ်ပြီးဟုကား မဆိုနိုင်ချေ၊ ကြီးကျယ်သော သဌေး၊ သကြွယ်စည်းစိမ်တို့ထက် ကြီးကျယ်သော ပဒေသရာဇ်၊ ဧကရာဇ်စည်းစိမ်၊ လူ့ပြည်တွင်အကြီးကျယ်ဆုံးဖြစ်သော စကြာဝတေးမင်း စည်းစိမ်ကိုပင် ရသောလည်း လူ့ဘ၀ရကျိုးနပ်ပြီးဟုကားမဆိုနိုင်ပါ။ ဤကဲ့သို့သော ကာမစည်းစိမ်မျှလောက်ကိုသာ ရည်ရွယ်တော်မူ၍ လူ့ဘ၀ရခဲသည်ဟု ဘုရားရှင်ဟောတော်မူသည်မဟုတ်ပါ။ လူဘ၀တည်းဟူသော ဘ၀ပဒေသာပင်ကြီးမှာ အောက်တန်းလောကီချမ်းသာနှင့် အထက်တန်း လောကုတ္တရာချမ်းသာများကို ယူလိုက ရနိုင်သည်ဖြစ်ရာ အထက်တန်းဖြစ်သော လောကုတ္တရာချမ်းသာကိုရမှသာ လူ့ဘ၀ရကျိုးနပ်သည်ဟု ဆိုနိုင်မည်။ ဗုဒ္ဓ၀ါဒသည် သံသရာလမ်းစဉ်အကြောင်း၊ ထိုလမ်းစဉ်တွင်တွေ့ကြုံရမည့် ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ချမ်းသာသုခ အမျိုးမျိုးအကြောင်း၊ ထိုဆင်းရဲဒုက္ခ အမျိုးမျိုးမှ ကင်းလွတ်၍ ချမ်းသာသုခ အမျိုးမျိုးရနိုင်ပုံအကြောင်း၊ အထူးသဖြင့် အထက်တန်းဖြစ်သော လောကုတ္တရာ နိဗ္ဗာန်ချမ်းသာကို ရနိုင်ပုံအကြောင်းများကို ပြဆိုသောဝါဒဖြစ်၍ ချမ်းသာအစစ်ကို အလိုရှိသောသူသည် ထိုဗုဒ္ဓ၀ါဒဖြစ်သော လောကုတ္တရာပညာနှင့်ပြည့်စုံရမည်။ ဤပြဆိုခဲ့ပြီးသည့်အတိုင်း လူ့ဘ၀၏တန်ဖိုးကိုသိရှိကြပြီးလျှင် (၁) ကိုယ်ကျင့်တရား၊ (၂) စိတ်ထားစင်ကြည်၍ တည်တံ့သောသမာဓိ၊ (၃) လောကီ၊ လောကုတ္တရာပညာ ဤသုံးပါးတို့နှင့် ပြည့်စုံကြ၍ လူ့ဘ၀၏တန်ဖိုးကို တစ်စတစ်စတိုးမြှင့်ကြပြီးလျှင် လောကီ လောကုတ္တရာနှစ်ဖြာသော ချမ်းသာတို့ကို ရရှိခံစားနိုင်အောင် ကြိုးစားရမည်သာဖြစ်ပေသည်။



မေတ္တာဖြင့် အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP