လူတိုင်းသိထားသင့်တဲ့“ကံ”အကြောင်း
Wednesday, 15 December 2010 17:12 |
Written by Administrator | PDF | | Print | | E-mail
ကမ္မပစ္စည်း အပိုင်း(၁)
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
ကမ္မပစ္စည်း ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လက်သုံးထား ပြောဆို နေကြတဲ့ “ကံနဲ့ ကံရဲ့ အကျိုး”ဆိုတဲ့ စကားထဲက ကောင်းကျိုး ဆိုးပြစ်တွေကို ဖန်တီး ပေးနေတဲ့ ကံတရား အကြောင်းပါပဲ။
အံ့ဩဖို့ကောင်းတာကတော့ “ကံတရား”ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားပြီး တရင်းတနှီး ရှိသလောက် လက်တွေ့ ဘဝနယ်ပယ် မှာတော့ သူစိမ်း ပြင်ပြင် လျစ်လျူ ရှုခြင်း ခံနေရတဲ့ အချက်ပါပဲ။
ဒါနဲ့ ပတ်သက်လို့ ဂျပန်ဘုန်းတော်ကြီး တစ်ပါးရဲ့စကားကို ပြေးပြီး သတိရ မိပါတယ်။ ဂျပန်ပြည်၊ မေဂျီခေတ်လို့ခေါ်တဲ့ မေဂျီ ဘာသာရေးဂိုဏ်းကြီး အထွတ်အထိပ် ရောက်နေချိန်မှာ ဗုဒ္ဓဘာသာတရားက ဂျပန်ပြည်ကိုရောက်ပါတယ်။ ဘာမဆို ဝေဖန်စစ် ဆေးခွင့်မရှိဘဲ ပြောသမျှကို လက်ခံ ယုံကြည်ရမယ်၊ မယုံကြည်သူတိုင်း အပြစ်ရမယ်၊ ယုံကြည်သူ အကျိုးရမယ်ဆိုတဲ့ လက်တွေ့မဆန်တဲ့ ဘာသာရေး တရားတွေကြားမှာ “ ဘယ်သူမဆို အကန်းယုံ အရမ်းယုံနဲ့ လက်ခံစရာမလိုဘူး၊ ဆန်းစစ်ဝေဖန်ခွင့်ရှိတယ်၊ လက်တွေ့ကျင့်သုံး သူတိုင်းကိုယ်သိ မျက်မှောက် လက်တွေ့ခံစားနိုင်တဲ့ အကျိုးကို ရစေမယ်”လို့ ကြွေးကြော်ပြီး လက်တွေ့ကျင့်စဉ် နည်းလမ်းပါ အပြည့်အစုံပါရှိတဲ့ ဗုဒ္ဓဘာသာ တရားတော်ဟာ လက်တွေ့ကျကျကို လိုလားတောင့်တနေတဲ့ ဂျပန်လူမျိုးတို့အတွက် အံဝင်ကွက်တိ ဖြစ်စေတဲ့အတွက် အချိန်တိုတို အတွင်းမှာပဲ ဗုဒ္ဓဘာသာတရားက လူတော်တော်များများရဲ့ ပါးစပ်ဖျားမှာ အုတ်အော်သောင်းတင်း ဆိုသလိုဖြစ်ပြီး တစ်မုဟုတ်ချင်း ဆိုသလို ပျံ့နှံ့သွားပါတယ်။
ဒါကို မေဂျီဂိုဏ်းခေါင်းဆောင်ပိုင်းက မခံချိမခံသာ ဖြစ်လာပုံရပါတယ်၊ တစ်နေ့မှာတော့ မေဂျီဂိုဏ်းက အသက်ရှစ် ဆယ်ကျော်လောက် ရှိပြီဖြစ်တဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ဗုဒ္ဓဘာသာ ကျောင်းကိုသွားပြီး အကြီးအကဲ ဘုန်းတော်ကြီးကို “သင်တို့ ဗုဒ္ဓဘာသာက ဒီလောက်အထိ အုတ်အော် သောင်းတင်း ဖြစ်နေရအောင် ဘယ်လို တရားမျိုးတွေမို့လဲ၊ ပြောပြစမ်းပါ”လို့ မေးပါသတဲ့။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက “ဗုဒ္ဓရဲ့အဆုံးအမ အကျဉ်းချုပ်ကတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ် ကိုထား ဆိုတဲ့ အခြေခံသုံးချက်ပါပဲ” လို့ ပြန်ပြောတဲ့အခါ၊ မေဂျီဂိုဏ်းဆရာကြီးက “ဒါလေးများ တို့ ရှစ်နှစ်သားလောက်ကတည်းက သိပြီးသားပါ၊ ဘာများ ဆန်းလို့လဲ”လို့ ပြန်ပြောတယ်။
အဲဒီအခါမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပြန်ပြောတဲ့စကားက “အေး ... ရှစ်နှစ်သား လောက်ကတည်းက သိထားပေမယ့် အခုအသက်ရှစ်ဆယ် ကျော်သည်အထိ မကျင့်သုံးနိုင်သေးဘူးမို့လား” တဲ့။
ဟုတ်ပါတယ်၊ အဲဒီ မေဂျီဂိုဏ်းဆရာကြီးချည်း မဟုတ်ဘူး၊ ဒီနေ့ ဗုဒ္ဓဘာသာဝင် တော်တော်များများလဲပဲ၊ အဲဒီ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အခြေခံ အဆုံးအမ သုံးပါးကို ရှစ်နှစ်သားခန့် လောက်ကတည်းက နှုတ်တက်ရ နေကြပေမယ့် အသက်ရှစ်ဆယ်အထိ ဘာမျှ ပီပီပြင်ပြင် သရုပ်မဖော်နိုင်ကြသူတွေ ဖြစ်နေကြတုန်းပါပဲ။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်က လိုက်နာကျင့်သုံး သရုပ်ဆောင်ရမည့် သာသနာဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် အများစုကတော့ “ နှုတ်ဆောင် ဗုဒ္ဓဘာသာ ဝင်တွေကများပြီး သရုပ်ဆောင် ဗုဒ္ဓဘာသာဝင်ဦးရေက အတော်ကိုနည်းနေပါတယ်၊ ဇာတ်ညွှန်းကို ဇာတ်သရုပ်ထင်ပြီး နှုတ်တက် အာဂုံရွတ်နေကြရုံနဲ့တော့ ကောင်းမွန်တဲ့ ဘဝဇာတ်ထုပ် တစ်ခုဖြစ်မလာမှာ သေချာပါတယ်။ ပြောရမှာ အားနာစရာ ကောင်းလောက်အောင် ခက်နေတဲ့ ကိစ္စကတော့ သရုပ်ကိုသာ ပီပီပြင်ပြင် မဆောင်ချင်ကြတာ၊ ရချင်တဲ့ ဆုကတော့ အကယ်ဒမီ လောက်နဲ့တင် မတင်းတိမ်သေးဘူး ကမ္ဘာကျော်တဲ့ အော်စကာဆုအထိ တက်တောင်း နေတယ်ဆိုရလောက်အောင် “ နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရချင်တယ်”လို့ အော်တောင်းနေကြတဲ့ကိစ္စပါပဲ။
“ ကောင်းကျိုးတွေဆိုတာ ကုသိုလ်ကံရှိသူတွေနဲ့ ထိုက်တန်ပါတယ်ဆိုရင် ဒီနေ့ကမ္ဘာမှာ အခြားဘာသာဝင်နိုင်ငံတွေက ချမ်းသာ မှုအထွတ်အထိပ် ရောက်နေပြီး ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံတွေက ဘာကြောင့် အဲဒီလိုမဖြစ်ကြတာလဲ” ဆိုတဲ့ မေးခွန်းကို မေးလေ့ ရှိသူများအနေနဲ့ ကိုယ်ကိုယ်တိုင်ရော သရုပ်ဆောင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ပြီးလားဆိုတာ ပြန်လည်သုံးသပ်မိကြဖို့ပါ။ တချို့ဆို “ သူများ ယောင်လို့ယောင် အမောင်တောင်မြောက်မသိ” ဆိုသလို ချပေးတာလိုက်ဆို၊ ရှိခိုးဦးတိုက် လုပ်ဟဲ့ဆိုလို့သာ လိုက်လုပ်နေကြပေမယ့် ပင်ကိုယ် သဒ္ဓါတရားတို့ ကိုယ်ပိုင်အသိတို့နဲ့ကျတော့ နှုတ်နဲ့တောင် ဖြောင့်ဖြောင့် မဆောင်နိုင်ကြ သေးတာဟာ မနုဿတ္တဒုလ္လဘ၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ရခိုက် ကြုံခိုက်ဆိုတဲ့ ပင်ကိုအခြေခံကောင်းကြီးနှစ်ခုအတွက် အလွန်နှမြောစရာကောင်းတဲ့ အချည်းနှီးဖြစ်မှုကြီးတစ်ခုပါပဲ။
ဒါကြောင့် ကံတရား လို့ခေါ်တဲ့ ကမ္မပစ္စည်းနဲ့ ပတ်သက်လို့ ကောင်းကောင်းကြီး သဘောပေါက်အောင် လေ့လာစေချင်ပါတယ်။
ဒီကမ္မပစ္စည်းကို အဋ္ဌကထာဆရာတော်ကြီးများက သစ်ပင်တို့ရဲ့ အခြေခံဖြစ်တဲ့ “မျိုးစေ့”နဲ့ ဥပမာပေးပါတယ်၊ ဒါကို ပရမတ္ထ သရူပဘေဒနီကျမ်းပြု ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးက -
(၁) “ ကမ္မပစ္စ္စေယော = သစ်ပင်တို့အား၊ မျိုးစေ့လားသို့၊ ကြွင်းငြားတူလတ်၊ သဟဇာတ်နှင့်၊ ကဋတ္တာဝိပါက်၊ ဤနှစ် ချက်အား၊ တစ်ဆယ့်ငါးတွင်၊ အားပါးထုတ်ထ၊ လုံ့လသည်းစွာ၊ အမူအရာ ဟူသော ကမ္မသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော၊ သဟဇာတ် စေတနာဟူသော သဟဇာတကမ္မ၊ အတိတ်ကုသိုလ် အကုသိုလ် စေတနာဟူသော နာနက္ခဏိက ကမ္မနှစ်ပါး ပစ္စည်းတရား၎င်း” လို့ မြန်မာ အနက် ယောဇနာတော်မူခဲ့ပါတယ်။
ကမ္မပစ္စည်းက သဟဇာတကမ္မပစ္စည်းနဲ့ နာနက္ခဏိကပစ္စည်းလို့ နှစ်မျိုးရှိပါတယ်၊ ကောင်းမှု မကောင်းမှုတွေကို ပြုလုပ်တဲ့ အခါမှာ ကောင်းမှု ပြုခိုက် ကောင်းတဲ့စိတ်ကလေးဖြစ်တယ်၊ မကောင်းမှုပြုခိုက်မကောင်းတဲ့ စိတ်ကလေးဖြစ်တယ်။ အဲဒီလို စိတ် ကလေးဖြစ် နေခိုက်မှာ စိတ်ကသာ တစ်ခုတည်းဖြစ်တာ ဒီစိတ်နဲ့အတူ ဒီစိတ်ကလေးကို ဝိုင်းဝန်းပုံဖော်ပေးကြတဲ့ စေတသိက် တရားတွေကတော့ အများအပြား ပါဝင်ပါတယ်၊ ကောင်းတဲ့ ကုသိုလ်စိတ်ကို ဝိုင်းဝန်းပုံဖော်ပေးတဲ့ စေတသိက်တရားတွေက အများဆုံး (၃၈) ပါးလောက်ပါတယ်၊ အကုသိုလ်စိတ်ကို ပုံဖော်ပေးတဲ့ စေတသိက်တွေက (၂၇) ပါးရှိပါတယ်၊ ဖြစ်တဲ့စိတ် အမျိုးအစားအလိုက်အရေအတွက် လျော့တာတော့ ရှိတာပေါ့၊ ကုသိုလ်စိတ်မှာပဲ ဖြစ်ဖြစ်၊ အကုသိုလ်စိတ်မှာပဲ ဖြစ်ဖြစ်၊ တခြား ဝိပါက်ကြိယာစိတ်တွေမှာပဲ ဖြစ်ဖြစ်၊ စိတ်တစ်ခု ဖြစ်တိုင်းအမြဲပါဝင်ရတဲ့ စေတသိက်က (၇) ပါးရှိပါတယ်၊ စိတ်တိုင်းနဲ့ ဆက်ဆံပါဝင်တဲ့အတွက် သဗ္ဗစိတ္တ သာဓာရဏ စေတသိက် များလို့ ခေါ်ပါတယ်၊ အဲဒီ (၇)ပါး ထဲမှာမှ အဓိကအရေးပါဆုံးက “စေတနာ”စေတသိက်ပါ။
“စေတနာ”ဆိုတာ ကောင်းစိတ်၊ မကောင်းစိတ် တွေကို ဖြစ်ပေါ်လာအောင် စေ့ဆော်စည်းရုံးပေးတဲ့ စေတသိတ်တရားပါပဲ၊ သူ့ကို စည်းရုံးရေး တရားလို့ဆိုရင်လဲ မမှားပါဘူး။ ကောင်းတဲ့စေတနာလေး ဖြစ်ပေါ်လာရင် ကောင်းတဲ့စိတ်ကလေးနဲ့ ဝိုင်းဝန်းပုံဖော် ပေးမည့် ယှဉ်ဘက် စေတသိက်တွေလည်း တစ်ပြိုင်နက် ပူးပေါင်း ပါလာတာပါပဲ။ အဲဒီလိုကောင်းတဲ့ စိတ်ကလေးတွေ ဖြစ်လာတာနဲ့အတူ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဆိုတာလဲ တစ်ပြိုင်နက်ပဲ ဖြစ်ပါတယ်။
စိတ်ကောင်းလေး ဖြစ်နေတဲ့အခါမှာ အသားအရေတွေ၊ အထူးသဖြင့်တော့ မျက်နှာက ကြည်လင်ဝင်းပနေတယ်။ မကောင်းတဲ့ စိတ်တွေဖြစ်တဲ့အခါ မျက်နှာနီမြန်း၊ ပုပ်သိုးပြီး မျက်နှာကြောတင်းတင်းကြီးတွေ ဖြစ်နေတယ်ဆိုတာ အဲဒီဆိုင်ရာစိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေ ခန္ဓာကိုယ်မှာ ပြန့်နှံ့လာတဲ့အတွက်ကြောင့် ဖြစ်ရတာပါ။ မြတ်စွာဘုရားရှင် ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင် ခြင်တော်မူတဲ့အခါ တစ်ကိုယ်လုံးက ရောင်ခြောင်တော်တွေ ကွန့်မြူးတယ်ဆိုတာဟာလည်း အဲဒီ စိတ္တဇရုပ်တွေ ပြန့်နှံ့ပြီး အရောင်တွေ ထွက်တာပါပဲ။ စိတ်တော်အစဉ်မှာ အစွမ်းကုန်ကြည်လင်တောက်ပတဲ့ ဉာဏ်တော်နဲ့ တွဲယှဉ်မိတဲ့အခါ စိတ်တော်လည်းအထူးကြည်လင် တောက်ပသလို စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကလည်း ကြည်လင်တောက်ပပြီး ပင်ကိုအခံအရောင်အတိုင်း ညိုတဲ့ အရောင်ရှိတဲ့ မျက်ခုံးတော်တို့က ညိုတဲ့ရောင်ခြည်တွေ၊ ဖြူဖွေးတဲ့ သွားတော်လို နေရာမျိုးက ဖြူတဲ့ရောင်ခြည်တွေ၊ နီမြန်းတဲ့ နှုတ်ခမ်း တော်လို နေရာမျိုးက နီတဲ့ရောင်ခြည်တွေ စသည်ဖြင့်ပေါ့။ အဲဒီမှာ စိတ်ရယ် စေတသိက်တွေရယ်၊ စိတ္တဇရုပ်တွေရယ် တစ်ပြိုင်နက်ဖြစ်ကြတာ ပါ။
အဲဒီဖြစ်စဉ်ထဲမှာ စိတ်တစ်ခုအတွင်းမှာပါဝင်တဲ့ “စေတနာ”စေတသိက်ကလေးကို “သဟဇာတကမ္မ”လို့ ခေါ်တာပါ။ ဒီအခိုက်မှာ စိတ်ကောင်း စေတနာကောင်း ကံကောင်းလေးလို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တခြားကောင်းကျိုးဆိုးပြစ်လို့ လူသိ များတဲ့ အကျိုးတွေကိုတော့ မဖြစ်စေနိုင်သေးပါဘူး၊ ကံမျိုးစေ့ဖြစ်ထွန်းအောင် ကျေးဇူးပြုနေဆဲ အခိုက်အတန့်သာ ဖြစ်ပါသေးတယ်။
ဒီအခိုက်မှာရှိတဲ့ စေတနာလေးကိုတော့ အတူဖြစ်ဘက် တရားတွေကို ဖြစ်ပေါ်အောင်သာ ကျေးဇူးပြုပေးတာဖြစ်လို့ သဟဇာတကမ္မလို့ခေါ်ရတာပါ။ ဆရာတော်ကြီး အနက်ပြန်တဲ့အထဲ “ကြွင်းးငြားတူလတ်၊ သဟဇာတ်နှင့်” ဆိုတာ ဒီသဟဇာတကမ္မပစ္စည်းရဲ့ အကျိုးဖြစ်တဲ့ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေကို ပြောတာပါပဲ။
အဲဒီလို ဖြစ်ပေါ်ပြီးလို့ ကံမျိုးစေ့အောင်မြင်သွားပြီ ဆိုတော့မှ ဒီကံမျိုးစေ့က ကောင်းကျိုး မကောင်းကျိုး လို့ခေါ်တဲ့ ဝိပါက် စိတ်တွေနဲ့ ကံကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရား အပါအဝင်ရုပ်ဝတ္ထုပစ္စည်းတွေကို ဖြစ်စေတာပါ။ ဗုဒ္ဓဘာသာဝင်တို့ ပြော ဆိုနေကြတဲ့ “ကံကောင်း ကံဆိုး” ဆိုတာ အဲဒီမျိုးစေ့အဖြစ် အောင်မြင်ဖြစ်ပေါ်တဲ့ ကံကို ခေါ်တာပဲ၊ အဲဒီမှာလည်း အဓိကအားဖြင့် စေတနာကပဲ ပြဋ္ဌာန်းတာဖြစ်လို့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ = စေတနာကို ကံလို့ ငါဘုရားဟောတယ်”ဆိုပြီး မိန့်ကြားတာပါ။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့် မေတ္တာဥယျာဉ်
၂၀၁၀-ခု၊ ဒီဇင်ဘာလ ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့။

0 comments:
Post a Comment