* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 4, 2010

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား

, 0 Comments

(၇)
ဒုက္ကရစရိယာ ၆ ရက်ပြည့်သောနေ့။ ထိုနေ့ညနေချမ်း၌ ကံ့ကော် ဗောဓိမဏ္ဍိုင်သို့ ကြွသည်။ တောင်အရပ်မှ ၀င်သည်။ ဗောဓိမဏ္ဍိုင်၏ မနီးမဝေး၌ ရွှေပလ္လင်တော် ပေါက်သည်။ အစောက် ၆၄ တောင် ရှိသည်။
အလောင်းတော်သည် ရွှေပလ္လင်ပေါ်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။ အရှေ့လောကဓါတ်ကို မျက်နှာမူသည်။ အပါးတော်၌ လူနတ်ဗြဟ္မာတို့ ဦးခိုက်နေကြသည်။
နေမင်းကြီးကား ၀င်အံ့မူးမူး။
မာရ်နတ်မင်းက ရူးသည်။ မိုက်သည်။ အလောင်းတော်အား ရန်စကားဆိုလာသည်။ သူ့ရန်သူကို နေမ၀င်မီကပင် အပြီးအပိုင် တွန်းလှန်နိုင်သည်။
အောင်ပြီ။ အောင်ပြီ။ နတ်မင်းကြီးတွေက ကြွေးကြော်ကြသည်။ ဗြဟ္မာမင်းကြီးတွေက ကြွေးကြော်ကြသည်။
ညဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကိုရသည်။
သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဥာဏ်ကို ရသည်။
မိုးသောက်ယံ၌ အာသ၀က္ခယဥာဏ်ကို ရသည်။
အရှေ့ဥဒည်းတောင်စွန်းမှ နေ၀န်းကြီး ထွက်လာသည်။ အလောင်းတော် အဇိတ ရဟန်း၏ ကိုယ်တော်မှ သဗ္ဗညုတဥာဏ်တော်ပေါ်လာပြီ။
အရိမေတ္တေယျ-ဗုဒ္ဓ။ အရိမေတ္တေယျ-ဗုဒ္ဓ။ အရိမေတ္တေယျ- ဗုဒ္ဓ။
မေတ္တေယျဗုဒ္ဓသည် မာရ်ငါးပါးကိုအောင်သည်။ အနေကဇာတိ သံသာရံ -ဥဒါန်းဂါထာ ကျူးသည်။ ကံ့ကော်ဗောဓိမဏ္ဍိုင်၏ ၀န်းကျင်၌ (၄၉) ရက် သီတင်းသုံးတော်မူသည်။
ကံ့ကော်ဗောဓိပင်သည် အမြင့်အတောင် (၂၄၀) ၊အချင်းအတောင် (၂၄၀ )၊ အ၀န်းတောင် (၇၂)ရှိသည်။ ခက်မ(၉) ဖြာထွက်သည်။ အတောင် (၁၂၀)ရှည်သည်။
အငုံက (၁၂) ကွမ်းစား၊ အငုံရိုးကား ၀င်ရိုးပမာဏ၊ အပွင့်က လှည်းဘီး ပမာဏ ရှိသည်။ စန္ဒကူးနံ့သင်းသည်။ လေညာလေအောက်(၁၀)ယူဇနာတိုင်အောင် မွှေးသည်။ အငုံတိုင်းပွင့်ကြသည်။ အပွင့်တိုင်း လန်းကြသည်။ လုံးလုံး မနွမ်း။ နိဗ္ဗာန် ရွှေပြည်ဝင်မှ ကြွေမည်။ စန္ဒကူးထင်းပုံထက် စုကြလိမ့်မည်။
ကံ့ကော်ဗောဓိသည် အံ့ဖွယ်အတိ ပြီးသည်။ ခက်မတို့၏ အကြားကြား၌ ကြာငါးပါးလွှမ်းသည်။ ကြာပွင့်တွေဖြင့်ဝေသည်။ ကြာဗိတာန်ကြီး ကျက်ထားသကဲ့သို့ ရှိသည်။
ငှက်အများ မ၀ဲ။ ကံ့ကော်ပင်ကို လင်္ကျာရစ် လှည့်၍သာ ပျံသွားရသည်။ မနားဝံ့ကြကုန်။ လေနတ်သား-မရဲ။ အဝေးကပင် ရှောင်ရ ကွင်းရသည်။
အရွက်မျှပင် မလှုပ်ရဲကြကုန်။
ဝန်းကျင်မှာ နံ့သာစွယ်တော် ပွင့်သည်။ ကံ့ကော်စကားပွင့်သည်။ ခရား၊ပုန်းညက် အနံ့ထက်သော ပန်းသစ်ပင်တို့သည် ကံ့ကော်ဗောဓိကို လင်္ကျာရစ်လှည့်၍ ပူဇော်နေကြသည်။
ဗြဟ္မာမင်း၏ အသရေကား ရှုံးမည်။ ကံ့ကော်ဗောဓိ၏ တင့်တယ်ခြင်းမှာ သရဖူဆောင်းသည်။ မေတ္တေယျမြတ်ဘုရား၏ လက္ခဏာတော်ကြီး- လက္ခဏာငယ်တို့ကို အချိုးညီညီ စီထား စဉ်ထားသကဲ့သို့ ရှိသည်။ လူနတ်တွေ ကြည့်မငြီးကြ။ ဗြဟ္မာပရိသတ်တွေ ရှုမငြီးကြ။
ကံ့ကော်ဗောဓိ၏ ၀န်းကျင်တွင် တယူဇနာခွဲ ကျယ်သော မြေပြင်။ ထိုရတနာမြေပြင်၌ ရေပန်းတွေပွင့်သည်။ ကုန်းပန်းတွေ ပွင့်သည်။ လေးမျက်နှာမှ ရွှေဇရပ် အဆောင်ဆောင်ပေါက်သည်။ ရတနာ ဇရပ် အဆောင်ဆောင် ပေါက်သည်။
အရိမေတ္တေယျ မြတ်ဘုရား၏ ကံ့ကော်ဗောဓိကား ခမ်းနားထယ်ဝါပါပေစွ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP