* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 4, 2010

“အုိကံ”

Friday, 03 December 2010 12:04 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

T Z sayadaw (5)ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

စည်းစိမ် ဥစ္စာတွေ၊ အခြေအရံ တွေဆိုတာ ကံရဲ့ အကျိုးပေး တွေဗျ၊ ကံတွေ မဟုတ်ဘူး။ ကံ ဆိုတာ ကိုယ် အားထုတ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေကို ခေါ်တာ ( နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ကျောင်း ဆရာတော်)

ငယ်ငယ်က မိမိတို့နေတဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး နှစ်ယောက်ရှိတယ်။ “ဦးဖိုးငယ်”နဲ့ ဦးသာမှတ်”တဲ့ ။ ဦးဖိုးငယ် မျက်စိမမြင်တဲ့ ဒုက္ခိတကြီး၊ ဦးသာမှတ်ကတော့ အသက်အရွယ် အလျောက် အိုးမင်းတာက လွဲလို့ အားလုံး အင်္ဂါစုံ လင်ပါတယ်။ အသက်ကြီး လာတော့ ရွာထဲမှာ ဆူဆူညံညံ မနေလိုတာနဲ့ ဘုန်းကြီကျောင်းမှာ ကပ္ပိယ အဖြစ် လာနေတာ။ သူက ရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ “ဦးသာမြတ်”ရဲ့ အစ်ကို အရင်းပါ။ ဒါပေမယ့် ညီအစ်ကိုချင်း တယ်ပြီး သဘောထား မတိုက် ဆိုင်ကြပါဘူး။ မခေါ်မပြော ရယ်လို့တော့ မဟုတ်ပါဘူး။

သူတို့ ညီအစ်ကိုဟာ မိဘ မျိုးရိုးကတော့ မရှိ မရှား ဆိုတဲ့ အတန်းစား ထဲကပါပဲ။ နောက်တော့ ခေတ် ကာလ အလျောက် ရှာတတ် ဖွေတတ် ကြံဖတ်တတ်တဲ့ “ဦးသာမြတ်”က တစ်ရွာလုံးမှာ အချမ်းသာဆုံး ဖြစ်သွားပြီး “ဦးသာ မှတ်”ကတော့ သာမန်အဆင့်ပါပဲ။ အိုလာတော့လည်း သားသမီးတွေ သူ့အိုးသူ့အိမ် ခွဲသွားကြတာ အဘိုးကြီး အမယ်ကြီးနဲ့ မိတဆိုး မြေးကလေးတွေနဲ့ နည်းနည်းတော့ ကသီလင်တ ရှိတာပေါ့။ မြေးကလေးတွေ ရှင်လူထွက်ပြီး တောင်သူ လုပ်ကိုင်နိုင်ကြတော့ သူက အိမ်မှာ မနေတော့ဘဲ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေ တာ။

ကပ္ပိယကြီး နှစ်ယောက်မှာ မျက်စိမမြင်တဲ့ “ဦးဖိုးငယ်”က အသက်နည်းနည်းငယ်တယ်။ (၇၀)ကျော်ကျော် လေးပေါ့။ သူက မျက်စိသာ မမြင်တယ်၊ ကျောင်းဝိုင်းထဲမှာ ပေါင်းမြက်ရှင်းတဲ့ အလုပ်ကျတော့ အတော်ကို သေသပ် တယ်။ လက်တစ်ဖက်ကိုင် တူရွင်းပြား အရိုးတိုကလေးနဲ့ မြက်တွေကို ထိုးထိုးပြီး လက်နဲ့ စမ်းစမ်းပုံထားတာ။

အကွက်ကိုစေ့လို့။ အကွက်ကျော်ပြီး ပေါင်းမြက်တွေ ကွက်ကြားကျန်တယ်လို့ကို မရှိဘူး။ ထိုးပြီး သား မြက်ပင်တွေကိုလည်း လက်ကလေးနဲ့ သဲ့သဲ့ပြီး သပ်သပ်ရပ်ရပ် ပုံထားတာ ညီနေတာပဲ။ အမှိုက်စွန့်တဲ့ အခါကျတော့ ကျောင်းသား ကိုရင်တွေက စွန့်ပေးကြတယ်။ အငယ်ကတည်းက ဒီဘုန်းကြီး ကျောင်းမှာပဲ နေခဲ့တာဆိုတော့ ကျောင်းဝိုင်း တစ်ဝိုင်းလုံး ဘယ်နားမှာ ဘာရှိတယ် ဆိုတာ အကုန်မှတ်မိ နေတော့ အိမ်သာတို့၊ ရေးချိုး ကန်တို့ကိုလည်း ဘယ်သူမှ လိုက်ပို့စရာမလိုဘူး။ တောင်ဝှေး ကလေးနဲ့ ထောက်စမ်းပြီး သူ့ဟာသူ သွားတာပဲ။

မနက် အရုဏ်တက်ခါနီး ကြည်ဦး တွန်လောက်ဆို ကပ္ပိယကြီးတွေ နိုးကြပြီး ကျောင်းသား ကိုရင်တွေဆို ကပ္ပိယ ကြီးတွေ နိုးကြပြီး ကျောင်းသား ကိုရင်တွေ ဘုရားဝတ်တက်ဖို့နဲ့ ရွာထဲကို ဆွမ်းချက်နှိုးဖို့ ကုလားတက်တုန်း ခေါက်တာ၊ ရေနွေးကျိုတာ စတဲ့ ဗာဟိရ အလုပ်တွေကို ကပ္ပိယကြီး နှစ်ယောက်က လုပ်ကိုင်ပေးကြ တာဆိုတော့ ကျောင်းသား ကိုရင်တွေ ကလည်း ကြည်ဖြူ စောင့်ရှောက်ကြတယ်။ လသာတဲ့ ညတွေမှာဆို ကပ္ပိယ ကြီးတွေနဲ့ ရှေးဟောင်းနှောင်း ဖြစ်တွေ၊ ပုံပြင်တွေ ပြောပြတာကို ဝိုင်းပြီး နားထောင်ကြ၊ မေးမြန်း စပ်စုကြနဲ့ တစ်ခါတလေ ဆရာတော် ညအိပ်ညဥ့်နေ အဝေးကြွတဲ့ နေ့တွေဆို သန်းခေါင်သန်းလွဲအိ မအိမ်ကြဘူး။

ကျောင်းမှာ အမြဲနေကြတော့ အလှုအတန်းကြွတဲ့ ဆရာတော်ကြီးများနဲ့လည်း ရင်းနှီးကျွမ်းဝင်ကြတယ်။ ဆရာတော်တွေ နောက် ပါလာတတတ်တဲ့ လှည်းမောင်း ကပ္ပိယတွေနဲ့လည်း တရင်းတနှီး အကြောင်းသိ အပေါင်းအသင်း တွေလို ဖြစ်နေကြတာပေါ့။

တစ်ခါတော့ အလှူတစ်ခုမှာ ဆရာတော်ကြီးတွေ အတော်စုံတယ်။ နံနက်စော အရုဏ်တက် ရေနွေး ကြမ်းဝိုင်းမှာ ဆရာတော်ကြီးများနဲ့ ကပ္ပိယများ စကား စမြည်ပြောကြရင်း ကံ၊ ကံရဲ့ အကျိုးနဲ့ ပတ်သက်ပြီး ပြောကြရာက အာဂန္တုလှည်းမောင်း ကပ္ပိယကြီး တစ်ဦးက ကံ အကျိုးပေး ကွာခြားပုံနဲ့ ပတ်သက်ပြီး “ ဦးသာမှတ်”တို့ ညီအစ်ကို ကို နမူနာယူ ပြောပြတယ်။ ညီအစ်ကိုချင်း ဖြစ်ပေမယ့် “ဦးသာမြတ်”က အိုကံကောင်းပုံ၊ ပစ္စည်းဥစ္စာ ပြည့်ပြည့် စုံစုံနဲ့ သိုက်သိုက် ဝန်းဝန်း နေထိုင်ရပုံ၊ “ဦးသာမှတ်” ကတော့ ကသီလင်တနဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ ဖြစ်နေရပုံ တို့ကို နှိုင်းယှဉ် ပြန်ပြော နေပါတယ်။ အဲဒီ အချိန်မှာ ကျောင်းခံ ကပ္ပိယ တွေကတော့ သူ့အလုပ်နဲ့သူ မအားလို့ စကားဝိုင်းမှာ မပါနိုင်ကြဘူး။

ကပ္ပိယကြီးရဲ့ စကားကို ကြားတော့ ရွာကျောင်းဆရာတော်က---

“ကပ္ပိယတို့ ဘုန်းကြီးပြောတာ ခဏ နားထောင်ပြီး သေသေချာချာ စဉ်စားကြဦး။ ဘုန်းကြီး ပြောပြမယ်။ အခု ကပ္ပိယတို့ ပြောနေတာ အိုကံ ကောင်းပုံကို ပြောနေ တာနော်။ ကံကောင်းတာနဲ့ ကံရဲ့ အကျိုးကောင်းတာ ကွဲကွဲပြားပြား မဖြစ်ဘဲ လုံးထွေး နေတယ်။ “ဘုန်းကြီးရဲ့ ကပ္ပိယကြီး “ဦးသားမှတ်”က အခုဆို “ မြန်မာအို ကျောင်းကြို ကျောင်းကြား” ဆိုသလို ကျောင်းမှာ ကပ္ပိယ လုပ်နေရတယ်။ သူ့ညီ “ဦးသာမြတ်”က ရွာထဲမှာပဲ စည်းစိမ် ဥစ္စာ အပြည့် အစုံနဲ့ နေရတယ်။ ဒါကြောင့် “ ဦးသာမှတ်”က အိုကံ မကောင်းဘူး။ “ဦးသာမြတ်”က အိုကံကောင်းတယ်” ပြောနေကြတာ မဟုတ်လား။

အဲဒါ ကပ္ပိယတို့ ကံ နဲ့ ကံရဲ့ အကျိုး မကွဲမပြားဘဲ လုံးထွေးပြီး အသိမှားနေကြတာ။

စည်းစိမ်ဥစ္စာတို့ အခြေအရံတို့ ဆိုတာ ကံတွေမဟုတ်။ ကံရဲ့ အကျိုးပေးတွေဗျ။ ကံဆိုတာ ကိုယ်အားထုတ်ထားတဲ့ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ခေါ်တာ။ အဲဒါကို ကွဲကွဲပြားပြား သိပြီဆိုရင် ကပ္ပိယတို့ စဉ်းစားကြည့်စမ်း-

ဒကာမကြီး “ဦးသာမြတ်”က ရွာထဲမှာ စည်းစိမ်ဥစ္စာတွေ၊ သားသမီး မြေးမြစ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း နေတာ မှန်တယ်။ သူ့မှာ အတိုးအငှား ကိစ္စတွေနဲ့၊ အသစ် ပေးရတာရော၊ အဟောင်း တောင်းရတာ စာရင်းမှတ်ရတာနဲ့ လုံးချာကို လိုက်လို့။ အခါကြီး ရက်ကြီးတွေ မှာတောင် ဥပုသ် သီတင်း မှန်မှန် မစောင့်နိုင်ရှာဘူး။ အိုးအိမ်ခွဲသွားတဲ့ သားသမီး တွေကို အမွေခွဲပေးတာ မသင့်မျှနိုင်လို့ ပူညံပူညီလည်း ခဏခဏ ဖြစ်ရ သေးတယ်နော်။ ဒီကြားထဲ အတိုးအရင်း ပေးထားတဲ့ လူတွေနဲ့ တရားတပေါင် တွေ့ရတာလည်း ရှိသေးတယ်။ အခုတောင် အပေါင်ခံထားတဲ့ ယာမြေတွေ ဟို ပိုင်ရှင်က လာရွေးတာ၊ အရွေးမခံနိုင်လို့ ဆိုပြီး တိုင်ကြ တောကြလို့ ကြီးတောင့်ကြီးမားနဲ့ မြို့ကို ရုံးချိန်း သွားနေရလို့ ရွာမှာ မကပ်နိုင်သေးဘူးတဲံ။ အဲဒါ ကပ္ပိယတို့လည်း ကြားတယ် မဟတ်ုလား။

ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး “ ဦးသာမှတ်”ကို ကြည့်လိုက်စမ်း။ မနက်စော အရုဏ်တက်လို့ နိုးပြီးဆိုတာနဲ့ ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စ တွေလုပ်လို့၊ နေ့ခင်း ကျောင်းသား ကိုရင်တွေ စာသင်ချိန်မှာ သူတို့က သူတို့ဇရပ်မှာ တရား အားထုတ်လို့၊ ဘာစာရင်း မှလည်း မရှုပ်ဘူး။ ဘယ်သူနဲ့မှလည်း တရားတပေါင် တွေ့ရတာ မရှိဘူး။ ရစရာကော ပေးစရာကော ဘာမျှ အထူးအထွေ မရှိလို့ လောဘ၊ ဒေါသတွေလည်း ပွားစရာ မရှိဘူး။ အဲ အတိတ်ကံရဲ့ အကျိုးအရ စည်းစိမ်ဥစ္စာတွေ မပိုင်ဆိုင်ကြ ပေမယ့် တကယ့် အိုကံအစစ် ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေ ကတော့ဖြင့် ညီအစ်ကိုချင်း ကွာချင်းတိုင်း ကွာမနေပေဘူးလား။ ကဲ စဉ်းစားကြည့်ကြစမ်း၊ ဘယ်သူက အိုကံ ကောင်းသူ အစစ်လဲ။

ကပ္ပိယတို့ သေသေချာချာ စဉ်းစားကြ။ မြတ်စွာဘုရား သာသနာ အတွင်းမှာ လူဖြစ်ကြရတုန်း ဘုရား တပည့်သား ပျော်နည်း ပျော်တတ်ရတယ်။ ငါးပျော် ပျော်မနေရဘူး။ ဒါကိုကော သဘော ပေါက်ကြရဲ့လား။ ဘုရား တပည့်သားဆိုတာ တရားနဲ့ ပျော်ရတာမျိုးနော်။ ဟို ရေကန်ထဲမှာ ငါးတွေအကြောင်း သတိထားမိရဲ့လား။ ကန်ထဲမှာ ရေတွေ များနေတုန်းတော့ တစ်ကောင်နဲ့ တစ်ကောင်း၊ တစ်အုပ်နဲ့ တစ်အုပ် တယ်ပြီး မစုမိကြသေးဘူးနော်။ အဲ-- ကန်မှာ ရေတွေ နည်းလာပြီဆိုတော့ ကျန်တဲ့ ရေကွက် ကျဉ်းကျဉ်းလေးထဲမှာ ငါးတွေ စုမိလာကြပြီး အဲဒီအချိန်မှ ဘဝတူတွေ တိုးကြ လုကြနဲ့ သူ့ဘဝနဲ့ သူတော့ ပျော်နေကြတာပဲ မဟုတ်လား။ သူတို့က ငါးတွေ မို့လို့ ဘာမျှ မစဉ်းစား တတ်ကြပေမယ့် လူတွေအနေနဲ့ သေချာ စဉ်းစားကြည့်စမ်း။ ဒီလို စုဝေးမိကြတယ်ဆိုတာ ရေခန်းချိန် ရောက်လာလို့ဗျ၊ မဟုတ်ဘူးလား။ မကြခင်ရေတွေ အကုန်ခမ်းသွား ပြီဆိုရင် သူတို့ ဘာဖြစ်ကြမှာလဲ၊ ဒါကို သူတို့ သတိပြုရမှန်း မသိပေမယ့် လူတွေက သတိရပြုရမယ်။

ကဲ လူ့လောက မှာလည်း စဉ်းစားကြည့်။ သား သမီးတွေသာ မကဘဲ မြေးတွေ မြစ်တွေအထိ တစ်စု တစ်ဝေးကြီး ဖြစ်ချိန်ဆိုတာ ဘယ်လို အချိန်မျိုးမှာ ဖြစ်တာလဲ။ ဘဝ ရေခန်းချိန် ရောက်လို့ ဖြစ်တာဗျ။ ဒါကို သတိမထားဘဲ ပျော်နေကြတုန်း ဆိုရင် ဘာပျော်နည်း ပျော်တာလဲ၊ ရှင်းရှင်း ပြေားရရင် “ လူပျော်လား၊ ငါးပျော်လား” ဆိုပြီး ဆရာတော်က စကားကို ခဏရပ်လိုက်တော့ ကပ္ပိယကြီးတွေ ငြိမ်လို့။

ခဏနေမှ ကပ္ပိယကြီးက “ ဆရာတော်ကသာ ကြားကောင်းအောင် “ငါးပျော် ပျော်တယ်”လို့ ဆိုပေမယ့် အမှန်ကတော့ ငါးဆိုတာ တိရစ္ဆာန်ပဲဘုရား။ လက်စသတ်တော့ တပည့်တော်တို့ တစ်တွေဟာ ကိုယ်တိုင်လည်း တိရစ္ဆာန်ပျော်နည်းနဲ့ ပျော်ချင်နေကြပြီး သူများတွေ တိရစ္ဆာန်ပျော် ပျော်နေကြတာကို အဟုတ်ကြီး မှတ်ပြီး အားကျမိ နေကြတာကိုးဘုရား” လို့ လျှောက်ထားပါတယ်။

အေး-ပြုခဲ့တဲ့ ကံဟောင်း အထောက်အပံ့ ကောင်းလို့ စည်းစိမ်ဥစ္စာတွေ အခြေအရံတွေ ဘယ်လောက်ပဲ ပေါများနေနေ အိုလာပြီ ဆိုမှတော့ ခံစားနိုင်စွမ်းလည်း မရှိကြတော့ပါဘူး။ ဒါတွေကို အဟုတ်မှတ်ပြီး သာယာ စွဲလမ်း နေကြမယ် ဆိုရင်လည်း အိုကံဆိုးတွေ အဖြစ်နဲ့ နောက်ဆုံးမှာ သေကံ ဆိုးတွေ ဖြစ်ကြရမှာပဲ။ ရှေးက မြန်မာကြီးတွေ နာနာ ကြည်းကြည်း ဆဲကြတဲ့ စကားတစ်ခုမှာ “သေခြင်းဆိုး” ဆိုတာ ရှိတယ်မဟုတ်လား။ အဲဒါ ဒီလိုလူမျိုးတွေကို ပြောတာပဲ။

အလောင်းတော်ကြီးတွေ အသက်အရွယ် ကြီးရင့် လာကြတဲ့အခါ ထီးနန်း စည်းစိမ်တွေကို စွန့်ပြီး တရားနဲ့ မွေ့လျော် ကြတယ်။ တောထွက် ကြတယ်ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ လောက စည်းစိမ် တွေထဲမှာ ဘုရင့် စည်းစိမ်ထက် ဘယ်ဟာ သာနိုင်ဦးမှာလဲ။ ဒါတွေကို သာယာနေရင် အိုကံတွေ၊ သေခြင်း ဆိုးတွေ အဖြစ်နဲ့ နိဂုံးချုပ် ကြရမှာစိုးလို့။ ဒါတွေကို စွန့်ပြီး အိုကံကောင်းသူ အစစ် ဖြစ်အောင် တရားနဲ့ မွေ့လျှော် သွားကြတာပေါ့”လို့ အကျယ်တဝင့် မိန့်ကြားတော် မူပါတယ်။

ခေါင်းရင်းပိုင်းမှာ ထိုင်နေတဲ့ ဆရာတော်ကြီး တစ်ပါးကလည်း “ ကဲ- ကပ္ပိယတို့ ဒီနေ့ စကားဝိုင်းကဖြင့် တို့ တစ်တွေ သတိ မထားမိတဲ့ အချက်တွေကို အရေးတကြီး သတိပေးလိုက်တာပဲ။ “ဥယျာဉ်ဆရာတော်” ပြောတာမှန်တယ် ။

“ပုဗ္ဗဏှသုတ်” မှာ မြတ်စွာဘုရား ဟောထားတဲ့ “သုနက္ခတ္တံ”စတဲ့ ဂါထာမှာ ဆိုထားတာရှိတယ်။ “သုစရိုက်”တရားများ အားထုတ်နေသူဟာ အမြဲတမ်း နက္ခတ် (ဇာတာ စန်းလဂ်) ကောင်းနေသူ၊ မင်္ဂလာအပါင်း အမြဲတမ်း ခညောင်းနေသူ ဖြစ်ရုံမျှမက အချိန်တိုင်း ခဏတိုင်း မကောင်းမရှိ အကောင်း အတိသာ ဖြစ်တယ်၊ သုစရိုက် ပွားပြီး တရားနဲ့ မွေ့လျော်သူ မှန်သမျှ အိုကံသာ မကဘူး၊ နာကံတွေ၊ သေကံတွေ၊ ဘဝကူး ကံတွေကစပြီး နိဗ္ဗာန် ရသည်အထိ ကံကောင်း ကြသူတွေဖြစ်မှာ မလွဲဘူး။ အဲ တို့တစ်တွေ သာသနာကြုံတုန်း လူဖြစ်တုန်းမှာ အိုးခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးတွေ မဖြစ်ကြဘဲ တစ်သံသရာလုံး ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားကြဖို့သာ မမေ့ မလျော့ကြနဲ့” လို့ မိန့်ကြား လိုက်တဲ့အခါ တစ်ကျောင်းလုံး သာဓုသံတွေ လွှမ်းသွားပါတော့တယ်။

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၃-ရက်၊ သောကြာနေ့။

မေတ္တာဥယျာဉ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP