* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 25, 2010

The Way to Nibbana (Part 15) - နိဗ္ဗာန်လမ်း (အပိုင်း ၁၅)

နီဝရဏ သို့မဟုတ် ပိတ်ပင်တတ်သော တရားများ

“စိတ်၏ အညစ်အကြေးတို့သည် ဤ ငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်းမနူးညံ့၊ ပြုလုပ်ခြင်းငှာလည်း အသင့်မဖြစ်၊ အရောင်လည်းမထွက်၊ ကြွပ်ဆပ်သောသဘောလည်း ရှိ၏၊ အာသ၀တရားတို့၏ ကုန်ခြင်းငှာ ကောင်းစွာလည်း မထားနိုင်။” (သံယုတ္တနိကာယ်)

နီဝရဏ (နီဝရ် = အတားအဆီး အပိတ်အဆို့)သည် ယောဂီ၏ တိုးတက်မှုကို ဟန့်တား၏။ နတ်ရွာနိဗ္ဗာန် ခရီး၌ အဆီးအတား ဖြစ်၏။ နီဝရဏကို “ဖုံးအုပ်တတ်သော တရား၊ လွှမ်းခြုံတတ်သော တရား၊ တားဆီးချုပ်ခြယ်တတ်သော တရား” အဖြစ်ဖြင့်လည်း ရှင်းပြအပ် ရှင်းပြနိုင်၏။

အပိတ်အပင် အဆီးအတား နီဝရဏ ငါးမျိုးရှိ၏။ ၎င်းတို့မှာ ကာမဂုဏ်ကို အလိုရှိခြင်း (ကာမစ္ဆန္ဒ)၊ မနှစ်မျို့ခြင်း (ဗျာပါဒ)၊ လေးလံထိုင်းမှိုင်းခြင်း (ထိနမိဒ္ဓ)၊ ပျံ့လွင့်ခြင်း နှင့် နောင်တပူပန်ခြင်း (ဥဒ္ဓစ္စကုက္ကစ္စ)၊ မဆုံးဖြတ်နိုင်ခြင်း (၀ိစိကိစ္ဆာ)တို့ ဖြစ်၏။

၁။ ကာမစ္ဆန္ဒ ဟူသည်မှာ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ဟူသော နှစ်သက်ဖွယ် အာရုံတို့ကို လိုချင်တပ်မက်မှု သို့မဟုတ် ငြိကပ်တွယ်တာမှု ဖြစ်၏။ သတ္တ၀ါကို သံသရာဝဋ်၌ နှောင်ဖွဲ့တတ်သော သံယောဇဉ်တရား တစ်ခု အဖြစ်လည်း ဤ နီဝရဏကို သတ်မှတ်နိုင်၏။

သာမန်ပုဂ္ဂိုလ် တစ်ယောက်အနေဖြင့် မက်မောဖွယ်ရာ အာရုံဝတ္ထုတို့၏ ဆွဲဆောင်ဖြားယောင်းမှုကို ခံရမည်မှာ သေချာ၏။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လျော့နည်းသောကြောင့် တွယ်တာတပ်မက်မှု ဖြစ်မလာအောင် မတားမြစ်နိုင်ပေ။ ဤ နီဝရဏကို ဈာန်အင်္ဂါတစ်ခုဖြစ်သော တည်ကြည်မှု (ဧကဂ္ဂတာ)ဖြင့် ဟန့်တားနိုင်၏။ သကဒါဂါမိမဂ်ဖြင့် ခေါင်းပါးစေအပ်၏။ အနာဂါမိမဂ်ဖြင့် လုံးဝအမြစ်ပြတ်အောင် သုတ်သင် ဖယ်ရှားအပ်၏။ ရူပရာဂ၊ အရူပရာဂ (ရူပဘ၀ကို တွယ်တာမှု၊ အရူပဘ၀ကို တွယ်တာမှု)တို့ကဲ့သို့ သိမ်မွေ့သည့် တွယ်တာမှုတို့ကို အရဟတ္တဖိုလ် ဆိုက်ရောက်ခြင်းဖြင့်သာလျှင် အမြစ်ဖြတ်နိုင်၏။

ကာမစ္ဆန္ဒကို သုတ်သင်ဖယ်ရှားရန် အကြောင်းခြောက်မျိုး ရှိ၏။ ၎င်းတို့မှာ (၁) အာရုံ၏ စက်ဆုပ်ဖွယ် အခြင်းအရာကို ဆင်ခြင်သိမှတ်ခြင်း၊ (၂) အသုဘဘာဝနာကို မပြတ်စူးစိုက် ရှုမှတ်ခြင်း၊ (၃) ဣနြေ္ဒကို ထိန်းချုပ်ခြင်း၊ (၄) အစားအစာ၌ အတိုင်းအရှည်ကို သိခြင်း၊ (၅) မိတ်ဆွေကောင်းရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၂။ ဗျာပါဒဟူသည်မှာ စိတ်ဆိုးမှု သို့မဟုတ် အမျက်ထွက်မှုပင် ဖြစ်၏။ နှစ်သက်ဖွယ် အာရုံကြောင့် တပ်မက်မှု ဖြစ်၏။ မနှစ်သက်ဖွယ် အာရုံကြောင့် ဒေါသ ဖြစ်၏။ ဤကား ကမ္ဘာလောက တစ်ခုလုံးကို လောင်မြှိုက်နေသည့် အကြီးမားဆုံး မီးနှစ်မျိုးပင် ဖြစ်၏။ ၎င်းတို့သည့် မောဟ၏ ထောက်ပံ့မှုကို ယူ၍ လောက၌ရှိသော ဆင်းရဲဒုက္ခ အားလုံးကို ထုတ်လုပ်ဖန်တီး၏။ စိတ်ဆိုးဒေါသကို ဈာန်အင်္ဂါတစ်မျိုးဖြစ်သော ပီတိဖြင့် ဟန့်တားနိုင်၏။ ဗျာပါဒကို သကဒါဂါမိမဂ်ဖြင့် ခေါင်းပါးစေအပ်၏။ အနာဂါမိမဂ်ဖြင့် အမြစ်ပြတ် သုတ်သင်အပ်၏။

ဗျာပါဒကို သုတ်သင်ပယ်ရှားရန် အကြောင်းခြောက်မျိုး ရှိ၏။ ၎င်းတို့မှာ (၁) အာရုံကို မေတ္တာစိတ်ဖြင့် ဆင်ခြင်သိမှတ်ခြင်း၊ (၂) ထိုမေတ္တာဘာဝနာကို မပြတ် စူးစိုက်ရှုမှတ်ခြင်း၊ (၃) ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏ဟု ရှုမြင်ခြင်း၊ (၄) ထိုအမြင်ကို စောင့်ထိန်းထားခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၃။ ထိနဟူသည်မှာ စိတ်၏ အမှု၌ မခံ့ခြင်း သို့မဟုတ် ပျင်းရိခြင်း ဖြစ်၏။ စေတသိတ်တို့၏ အမှု၌ မခံ့ခြင်းသည် မိဒ္ဓမည်၏။ ထိုင်းမှိုင်းသောစိတ်သည် သစ်ပင်၌ တွဲခိုနေသော လင်းနို့ကဲ့သို့ ငြိမ်သက်၏။ တုတ်ချောင်း၌ ငြိကပ်နေသော သကာခဲကဲ့သို့ ဖြစ်၏။ မပြန့်မကျဲ မာကြောတောင့်တင်းသည့် ထောပတ်စိုင်ကဲ့သို့ ဖြစ်၏။ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမှုကို ထိနမိဒ္ဓဟု မမှတ်ယူသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိနမိဒ္ဓကို ပယ်ပြီးသည့် ရဟန္တာတို့သည် ကိုယ်ခန္ဓာ ပင်ပမ်းနွမ်းနယ်မှုကို တွေ့ကြုံ ခံစားရသေးသောကြောင့် ဖြစ်၏။ ထိနမိဒ္ဓသည် နာမ်ခန္ဓာ ငြိမ်သက်မှုကို အားပေးပြီး အားသွန်စိုက်ထုတ်မှု (၀ီရိယ)နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ၎င်းတို့ကို ဈာန်အင်္ဂါများ ဖြစ်ကြသော ၀ိတက်၊ ၀ိစာရတို့ဖြင့် ဟန့်တားနိုင်၏။ အရဟတ္တဖိုလ် ဆိုက်ရောက်သည်နှင့် အမြစ်ပြတ်၏။

အကြောင်းခြောက်မျိုးတို့ဖြင့် ထိနမိဒ္ဓကို သုတ်သင်နိုင်၏။ ၎င်းတို့မှာ (၁) အစာအာဟာရ၌ အတိုင်းအရှည်ရှိခြင်း၊ (၂) ခန္ဓာကိုယ် အနေအထားပြောင်းခြင်း၊ (၃) အရောင်အလင်းကို အာရုံပြုခြင်း၊ (၄) ဟင်းလင်းပြင်၌ နေခြင်း၊ (၅) မိတ်ဆွေကောင်းရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၎။ ဥဒ္ဓစ္စဟူသည် စိတ်မငြိမ်သက်မှု၊ စိတ်လှုပ်ရှားမှု ဖြစ်၏။ ဥဒ္ဓစ္စသည် အကုသိုလ်စိတ် အားလုံးနှင့် ယှဉ်၏။ မကောင်းမှု တစ်ခုခုကို စိတ်လှုပ်ရှားမှု၊ စိတ်မငြိမ်သက်မှုဖြင့် ပြုလုပ်သည်မှာ ထုံးစံပင် ဖြစ်၏။ ကုက္ကုစ္စဟူသည် စိုးရိမ်ပူပန်ခြင်းပင် ဖြစ်၏။ ကျူးလွန်မိသော မကောင်းမှု၊ မပြုလိုက်မိသော ကုသိုလ်ကောင်းမှုတို့အတွက် စိုးရိမ်ပူပန် နောင်တရခြင်းပင် ဖြစ်၏။ ကျူးလွန်မိသော မကောင်းမှုကို စိုးရိမ်ပူပန်ခြင်းဖြင့် မကောင်းကျိုးမှ မလွတ်မြောက်နိုင်ပေ။ အကောင်းဆုံးသော နောင်တမှာ ထို အကုသိုလ်ကို တစ်ဖန် မပြုလိုသော ဆန္ဒသာ ဖြစ်၏။

ဥဒ္ဓစ္စ ကုက္ကစ္စ နှစ်မျိုးလုံးကို ဈာန်အင်္ဂါ တစ်ခုဖြစ်သော ပီတိဖြင့် ဟန့်တားနိုင်၏။ (၁) အသိပညာ သို့မဟုတ် လေ့လာသင်ယူမှု၊ (၂) မေးမြန်းခြင်း သို့မဟုတ် ဆွေးနွေးခြင်း၊ (၃) ၀ိနည်းသိက္ခာ ထုံးတမ်းဥပဒေသကို သိနားလည်ခြင်း၊ (၄) မထေရ်ကြီးတို့ကို ပေါင်းဖော်ဆည်းကပ်ခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းဟူသော အကြောင်းခြောက်မျိုးတို့ဖြင့် ဥဒ္ဓစ္စ ကုက္ကစ္စတို့ကို သုတ်သင်နိုင်၏။

၅။ ၀ိစိကိစ္ဆာဟူသည် သံသယ သို့မဟုတ် မဆုံးဖြတ်နိုင်ခြင်း ဖြစ်၏။ ပညာဆေးဝါး ကင်းမဲ့မှုသည် ၀ိစိကိစ္ဆာ မည်၏ (၀ိ = ကင်းမဲ့သော၊ စိကိစ္ဆ = ပညာ)။ ရှုပ်ထွေးသည့် တွေးခေါ်ကြံစည်မှုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်မှု၊ မကျေနပ်မှုကိုလည်း ၀ိစိကိစ္ဆာဟု ဆို၏ (၀ိ = ရှာဖွေခြင်း၊ ကိစ္ဆ = စိုးရိမ်မှု၊ မကျေနပ်မှု)။

ဘုရားစသည်တို့အပေါ် သံသယရှိမှုကို ၀ိစိကိစ္ဆာနီဝရဏဟု မဆိုလိုပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့သည်ပင် ၀ိစိကိစ္ဆာကို တားမြစ်ပယ်ရှားပြီး ဈာန်ရနိုင်သောကြောင့် ဖြစ်၏။ သံယောဇဉ်ထိုက်သော ၀ိစိကိစ္ဆာသည် ဘုရားစသည်တို့အပေါ် သံသယရှိခြင်း ဖြစ်၏။ ပြုမူဆောင်ရွက်နေသည့် အမှုကိစ္စ တစ်ခုခု၌ မတည်မြဲခြင်း သဘောလက္ခဏာသည် ၀ိစိကိစ္ဆာနီဝရဏ မည်၏။ အဋ္ဌကထာ အဆိုအရ တစ်စုံတစ်ရာကို အရှိအမှန်အတိုင်း မဆုံးဖြတ်နိုင်ခြင်းသည် ၀ိစိကိစ္ဆာ မည်၏။ တစ်နည်းအားဖြင့် မပြတ်သားမှု ဖြစ်၏။

ဈာန်အင်္ဂါဖြစ်သော ဆင်ခြင်သုံးသပ်မှု ၀ိတက်ဖြင့် ၀ိစိကိစ္ဆာကို ဟန့်တားနိုင်၏။ သောတာပတ္တိမဂ် ရလျှင် ၀ိစိကိစ္ဆာ အမြစ်ပြတ်၏။

အကြောင်းခြောက်မျိုးဖြင့် ၀ိစိကိစ္ဆာကို သုတ်သင်နိုင်၏။ ၎င်းတို့မှာ (၁) ဓမ္မ နှင့် ၀ိနယကို သိခြင်း၊ (၂) ဆွေးနွေးခြင်း သို့မဟုတ် မေးမြန်းခြင်း၊ (၃) ၀ိနည်းသိက္ခာ ထုံးတမ်းဥပဒေသကို သိနားလည်ခြင်း၊ (၄) လွန်ကဲသော ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP