စံပြ အလှူရှင်
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ (၁၆)ကြိမ်မြောက် စုပေါင်း ကထိန်ပွဲတော်ကို ကျင်းပခဲ့သည်။
ကထိန်ပွဲတော်၏ ပင်မ အလှူရှင်များမှာ Henry Chang နှင့် Mie Mie Wong မိသားစု ဖြစ်သည်။
ကထိန်ပွဲတော် မကျင်းပမီ လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ဆောက်လုပ်ရန် အောက်ခြေအတွက် တူးထားသော မြေကွက်လပ်တွင် လောကချမ်းသာဆရာတော် အရှင်ဣန္ဒက အမှူးပြုသော သံဃာတော် (၉)ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေဖြင့် ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်တော်မူကြပါသည်။

ဆရာတော် သံဃာတော်များကို နံနက် ၁၁ နာရီတွင် နေ့ဆွမ်း ဆက်ကပ်၍ ဧည့်ပရိတ်သတ်များအား ဒန်ပေါက်ထမင်း၊ အချိုမုန့်၊ ဖျော်ရည်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။
မွန်းလွဲ ၁၂ နာရီခွဲတွင် ဓမ္မာရုံအတွင်း၌ နယူးဂျာစီရိပ်သာ၏ (၁၆)ကြိမ်မြောက် ကထိန်သင်္ကန်း စုပေါင်း ကပ်လှူခြင်းနှင့် ကထိန်ခင်းခြင်းတို့ကို ကျင်းပပါသည်။
ထိုနေ့က ကျင်းပသော နယူးဂျာစီရိပ်သာ၏ ကထိန်ပွဲတော် အခမ်းအနားမှာ ယခင် ကျင်းပလေ့ရှိသော အခမ်းအနား အစီအစဉ်များနှင့်မတူ တမူ ထူးခြား၏။ အခမ်းအနားအစီအစဉ်ကို နယူးဂျာစီရိပ်သာ၏ နာယကဆရာတော် အရှင်ပညာသီဟ ကိုယ်တိုင် ဆောင်ရွက်ပေး၏။
အခမ်းအနား မစတင်မီ ဆရာတော်က ကျွန်တော့အား ကထိန်လျာသင်္ကန်းများကို ဓမ္မာရုံ အဝင်ဝတွင် ခင်းကျင်းထားသော စားပွဲတစ်လုံးပေါ် တင်ထားစေ၏။ ပုံမှန်အားဖြင့် ယခင် ဝါဆို၊ ကထိန်ပွဲတော်များတွင် သင်္ကန်းအလှူရှင်များ၏ အမည်ကို ကျွန်တော်က ဖတ်ကြားပေးလျှင် အလှူရှင်ကိုယ်တိုင် ဆရာတော်များထံ ကိုယ်ထိလက်ရောက် ဆက်ကပ် လှူဒါန်းခြင်းမျိုးသာ ပြုလုပ်လေ့ရှိ၏။
ယခုမူ ကထိန်သင်္ကန်းကို ဓမ္မာရုံအတွင်းသို့ ဝင်လာသမျှ ဓမ္မမိတ်ဆွေ တစ်ဦးချင်းလက်သို့ သင်္ကန်းတစ်စုံစီ ပေးစေပါသည်။ ဆရာတော်က အလှူရှင်များအနေဖြင့် သွားစရာ လာစရာ ကိစ္စရှိ၍ အချိန်မရလျှင် ယခုပင် သင်္ကန်းဆက်ကပ်နိုင်ကြောင်း၊ သို့မဟုတ် သင်္ကန်းကို မိမိနှင့်အတူ ကိုင်ထားကြရန် မိန့်ကြားပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ကထိန်သင်္ကန်းကပ်လှူခြင်းအပြင် အေဘီဘီအေအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ လပတ်အစည်းအဝေး ပြုလုပ်ရန် အစီအစဉ်လည်း ရှိနေကြောင်း၊ အချိန်ကို ချွေတာသောအားဖြင့် အလှူရှင်များအားလုံး ကထိန်သင်္ကန်းကို တပြိုင်နက် ဆက်ကပ် လှူဒါန်းရန် စီစဉ်ရကြောင်း ဆရာတော်က ရှင်းပြသည်။
အစီအစဉ်အရ အခမ်းအနား စလျှင် ကိုဖိုးသားက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းသား (ကလေးငယ်)များအား ဘုရားနှင့် သံဃာတော်များ ရှိရာသို့ မျက်နှာမူကာ နေရာယူစေသည်။ ထိုနောက် နမောတဿ အစချီသော ဘုရားရှိခိုးနှင့် ငါးပါးသီလကို မြန်မာ-အင်္ဂလိပ် တလှည့်စီ ရွတ်ဆို ပူဇော် ဆောက်တည်ကြသည်။
တဆက်တည်းမှာပင် နယူးဂျာစီရိပ်သာတွင် ကျင်းပခဲ့သော နိဗ္ဗာန်ဈေးရောင်းပွဲ၌ ဒေါ်မွှေးဦးစီးသော ထိုသင်တန်းသားများက ကောက်ခံပေးသည့် အလှူငွေဖြင့် အစားအစာများ ဝယ်ယူကာ မနာလပန်မြို့နယ်ရှိ Food Bank သို့ လှူဒါန်းပေးခဲ့ရာ Food Bank မှ တာဝန်ရှိသူတစ်ဦးက သင်တန်းသားများတစ်ဦးချင်းစီအား ဂုဏ်ပြုလက်မှတ် ပေးအပ်သည်။ ဂုဏ်ပြုလက်မှတ်ရပြီးသူ သင်တန်းသားက ဆရာတော်ဦးပညာအား ရှိခိုး ဦးချပြီး ဆရာတော်က ဆုပေး၏။
ထိုနောက် ကထိန်သင်္ကန်းကပ်လှူပွဲကို ဆက်လက် ကျင်းပ၏။
ပထမဦးစွာ ငါးပါးသီလခံယူရန် ကန်တော့ချိုးကို ဦးသောဘနက တိုင်ပေးပြီး ပရိတ်သတ်များက ညီညာဖျဖျ လိုက်ဆိုကြကာ ငါးပါးသီလ ခံယူ ဆောက်တည်ကြပါသည်။
ထိုနောက် ဆရာတော်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်ပါသည်။
ဆရာတော်ဦးပညာသီဟက ကထိန်သင်္ကန်း ကပ်လှူရခြင်းကြောင့် သံဃာတော်များ ရရှိသည့် အကျိုးတရား လေးပါး၊ ကထိန်သင်္ကန်း လှူဒါန်းသူများ ရရှိမည့် အကျိုးတရား လေးပါးတို့ကို တိုင်ပေးရာ အလှူရှင်များက လိုက်ဆိုကြပါသည်။
ထိုနောက် စေတနာရှင် ဓမ္မမိတ်ဆွေများက မိမိတို့ လက်ဝယ်၌ ရှိသော ကထိန်လျာသင်္ကန်းကို ဆရာတော်များအား ကပ်လှူကြပါသည်။
တတိယ အစီအစဉ်တွင် ဆရာတော်ဦးပညာသီဟက မိမိ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မဲဖောက်ပေးမည်ဟု မိန့်ကြားကာ ဦးကျော်သူမြတ်အား ငွေဖလားတွင် ထည့်ထားသည့် မဲလိပ်များကို ပရိတ်သတ်တို့အား တစ်ယောက်စီ မဲနှိုက်စေပါသည်။ ပေါက်မဲ ၁၀ မဲရှိပြီး၊ ပေါက်မဲတွင် You win! ဟု ရေးသားထား၏။ မဲပေါက်သူများ ဆရာတော်များ၏ ရှေ့သို့ သွားရောက်ကာ တန်းစီ နေရာယူစေသည်။
ထိုနောက် ဆရာတော်ဦးပညာသီဟက မုန့်ပုံးတွင် အသင့်ထည့်ထားသော စာအိတ် ၁၀ အိတ်ကို မဲပေါက်သူများအား တစ်ယောက်လျှင် တစ်အိတ်စီ ပေးစေပါသည်။ စာအိတ်များ ရပြီးသော် မဲပေါက်သူများကို ပရိတ်သတ်ဘက်သို့ မျက်နှာမူကာ ထိုင်စေပါသည်။ ထိုနောက် မဲပေါက်သူများအားလုံး တပြိုင်တည်း စာအိတ်ကို ဖွင့်ဖောက်စေသည်။
ရဟန်းပရိတ်သတ် လူပရိတ်သတ်တို့သည် မဲပေါက်သူများနှင့် ဖွင့်ဖောက်သည့် စာအိတ်တွင် ပါရှိမည့် ပစ္စည်းကို သိလိုစိတ်နှင့် စူးစိုက် ကြည့်နေကြသည်။ စာအိတ်ကို ဖွင့်လိုက်သောအခါ ဒေါ်လာတစ်ရာတန်ငွေစက္ကူများ အထပ်လိုက်ဖြစ်ကြောင်း တအံတသြ မြင်တွေ့ကြရ၏။
ဆရာတော်က ငွေစက္ကူများကို ရေတွက်စေသည်။
မဲပေါက်သူများက ရေတွက်ကြည့်ကြရာ တစ်ဦးစီ၌ ဒေါ်လာတစ်သောင်းစီ၊ ဆယ်ယောက်ပေါင်းသော် ဒေါ်လာတစ်သိန်း ရှိကြောင်း တွေ့မြင်သိကြရ၏။
ထိုအခါ ပရိတ်သတ်များအားလုံးမှာ ဟာကနဲ ဟင်ကနဲ ဖြစ်မတတ် ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေကြကုန်၏။
မဲပေါက်သူများမှာလည်း ဒေါ်လာတစ်သောင်းသော ငွေစက္ကူများကို ကိုင်ထားရင်း ဝေခွဲမရသော မျက်နှာများဖြင့် တွေဝေနေကြ၏။
ဤတွင် ဆရာတော်ဦးပညာသီဟက မဲပေါက်သူများကို ဆရာတော်များဘက်သို့ ပြန်လည် မျက်နှာမူ နေရာယူစေသည်။
ထိုနောက် ဆရာတော်ဦးပညာသီဟက မဲပေါက်သူများကို တည်ဆောက်နေသော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ ပထမထပ် ဘုရားခန်းမဆောင်အတွက် မိမိကိုယ်စား လှူဒါန်းပေးကြရန် မိန့်ကြားပါသည်။
ဆရာတော်ဦးပညာသီဟက ထိုဘုရားခန်းမဆောင်တွင် မိမိဘွဲ့အမည်ဖြင့် လှူဒါန်းကြောင်း ကမ္ဗည်းထိုးပေးရန်၊ အကယ်၍ တစ်ဦးတစ်ယောက်က မိမိ ယခုလှူဒါန်းသည်ထက် တစ်ဒေါ်လာပိုကာ ဒေါ်လာတစ်သိန်းနှင့်တစ်ဒေါ်လာ လှူဒါန်းလာပြီး ဘုရားခန်းမဆောင်အတွက် လှူဒါန်း ကမ္ဗည်းတင်လိုက မိမိအနေဖြင့် နေရာဖယ်ပေးမည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြား၏။
ဆရာတော်က မိမိ ယခုလှူဒါန်းသော ဝတ္ထုငွေမှာ ထီပေါက်၍လည်းကောင်း၊ အရောင်းအဝယ်စသည်ပြုပြီး အမြတ်အစွန်းရ၍လည်းကောင်း မဟုတ်ကြောင်း၊ မိမိအား ဒကာ ဒကာမများက နဝကမ္မအဖြစ် လှူသော ငွေများကို စုဆောင်း ရရှိထားခြင်းမှ လှူဒါန်းခြင်း ဖြစ်သည့်အကြောင်း၊ ထို့ကြောင့် ယခု မိမိပြုသော အလှူမှာ ဒကာ ဒကာမများက လှူသော ငွေဖြစ်၍ ဒကာ ဒကာမများ၏ အလှူဟုလည်း ဆိုနိုင်ကြောင်း ရှင်းလင်း မိန့်ကြား၏။
ဆရာတော်ဦးပညာသီဟသည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်တို့အတွက် လှူဒါန်းဖွယ်ရာ အမျိုးမျိုးကို အမြဲ ကြံဆကာ ဓမ္မမိတ်ဆွေများ လှူဒါန်းနိုင်စေရန် ကြိုးစားလေ့ရှိ၏။ တနည်းအားဖြင့် ဆရာတော်သည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် လိုအပ်သော ရန်ပုံငွေများ ရရှိစေရန်နှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ဒါနကုသိုလ် ရကြစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
ဆရာတော်ဦးပညာအနေဖြင့် ဒကာ ဒကာမများကိုသာ လှူရန် တန်းရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ မိမိကိုယ်တိုင်လည်း အများနှင့်မတူ တွန့်တို ပူပန်ခြင်း မရှိဘဲ ရက်ရက်ရောရော စွန့်လှူရဲကြောင်း စံပြအလှူတော်အဖြစ် သက်သေပြခဲ့၏။
တနည်းဆိုရလျှင် ငါပြောသလို လုပ်၊ ငါလုပ်သလိုလည်း လုပ် ဟု အပြောနှင့်အလုပ် ကိုက်ညီကြောင်း သာဓကပြခြင်း ဖြစ်ပေသည်။
ဆရာတော်ဦးပညာသည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တို့အတွက် အလှူငွေရရှိစေရန် ဖန်တီးပေးရုံသာမက ဆောက်လုပ်ရေးနှင့် အခြားသော လုပ်ငန်းများအတွက် ငွေကြေးသုံးစွဲရာတွင်လည်း စနစ်တကျ ချွေတာ၍ အလဟဿ မဖြစ်အောင် စိစစ် သုံးစွဲတတ်ပါသည်။
စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက်သာမက အထွေထွေရန်ပုံငွေအတွက် အများက လှူဒါန်းသော အလှူငွေများကိုလည်း တတ်နိုင်သမျှ ခြိုးခြံ ချွေတာ စိစစ်၍ သုံးစွဲလေ့ ရှိပါသည်။
ဥပမာပြရသော် အေဘီဘီအေအသင်း၏ ပက္ခဒိန်ကို ဆရာတော်ဦးပညာကိုယ်တိုင် ဒီဇိုင်းဆွဲ၍ ဖန်တီးပြီး ပက္ခဒိန်မျက်နှာဖုံးကိုသာ အရည်အသွေးကောင်းလိုသောကြောင့် အပြင်တွင် အပ်၏။ အတွင်းသားများအတွက် စက္ကူဝယ်ကာ ကိုယ်တိုင် မိတ္တူကူး၊ ပက္ခဒိန်ဖြစ်အောင် ကိုယ်တိုင် ချုပ်၏။ ထိုသို့ ကိုယ်တိုင် ဆောင်ရွက်သဖြင့် ပက္ခဒိန်တစ်ခုအတွက် တစ်ဒေါ်လာခွဲခန့်သာ ကုန်ကျ၏။ အပြင်တွင် အပ်လျှင် ပက္ခဒိန်တစ်ခုအတွက် အနည်းဆုံး သုံးဒေါ်လာခန့် ကုန်ကျမည်ဖြစ်ရာ ပက္ခဒိန်တစ်ခုအတွက် တစ်ဒေါ်လာခွဲ၊ ပက္ခဒိန် ၁,၂၀၀ အတွက် ဒေါ်လာ ၁,၈၀၀ အကုန်အကျ သက်သာသွား၏။
ဆရာတော်ဦးပညာသည် ပက္ခဒိန်သာမက ဓမ္မစာအုပ်များကိုလည်း ကိုယ်တိုင် ပြုစု ရေးသား၊ ကိုယ်တိုင် ချုပ်လုပ် ထုတ်ဝေလေ့ရှိသည်ကို နယူးဂျာစီရိပ်သာသို့ ရောက်ဖူးကြသူတိုင်း သတိပြုမိကြပေလိမ့်မည်။ ဧည့်ခန်းအတွင်း စာအုပ်ဘီဒိုတစ်ခုတွင် စာအုပ်များကို ပြသထားပြီး စာအုပ်တစ်အုပ်၏ ကုန်ကျငွေကိုလည်း ဖော်ပြထား၏။ ထိုသို့ ဖော်ပြထားခြင်း၏ ရည်ရွယ်ချက်မှာ အလှူခံခြင်း မဟုတ်ဘဲ ကုန်ကျငွေကို သိသာရန် ဖြစ်ကြောင်း၊ မလိုအပ်ဘဲ ယူသူများအား သတိပေးရာရောက်ကြောင်း၊ ယူသူအနေဖြင့် တန်ရာတန်ဖိုး လှူဒါန်းလိုက လှူဒါန်းနိုင်ရန်အတွက်သာဖြစ်ကြောင်း သိရ၏။
နယူးဂျာစီရိပ်သာသည် အသစ်ထပ်မံဝယ်ယူထားသော ကပ်လျက် မြေကွက်အပါအဝင် ၇ ဧကခန့် ကျယ်ဝန်း၏။ နွေအခါ မြက်ရိတ်ခြင်း၊ ခြံစည်းရိုး သစ်ပင်များကို ရေလောင်းရခြင်း၊ ဘုရားရင်ပြင်တော်ပေါ်တွင် သန့်ရှင်းရေး ပြုလုပ်ရခြင်း စသော ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ တာဝန် မသေးလှပေ။ ပွဲတော်များရှိက ဦးစိန်မြင့်၊ ဦးကျော်သူမြတ်တို့ ရံဖန်ရံခါ လာရောက် မြတ်ရိတ်ပေးလေ့ ရှိ၏။ ကြားကာလများ၌ မြက်ရိတ်ရန် လိုအပ်လျှင် ဆရာတော်ဦးပညာကိုယ်တိုင် မြက်ရိတ်စက်ဖြင့် ရိတ်ရ၏။
နွေအခါ ရာသီအလိုက် ဘူးသီး၊ ကြက်ဟင်းခါးသီး၊ ပဲတောင့်ရှည်၊ ချဉ်ပေါင် စသည့် သီးပင် စားပင်များကိုလည်း ဆရာတော်သည် စိုက်ပျိုးလေ့ ရှိ၏။ စားသုံး၍ ရသည့် အနေအထားရောက်လျှင် ဒကာ ဒကာမများအား ပေးလှူ၏။
ဆရာတော်ဦးပညာသည် မိမိကျောင်းသို့ ရောက်လာကြသော ဘုရားဖူးဧည့်သည်၊ ရိုးရိုးဧည့်သည်များကို ဧည့်ဝတ်ကျေစွာ ဆက်ဆံလေ့ ရှိ၏။ မည်သူ့ကိုမှ မျက်နှာသာပေး ဆက်ဆံခြင်း မပြုဘဲ အားလုံးကို တပြေးညီညာ ဆက်ဆံ၏။
ဆရာတော်သည် ဝိနည်းသိက္ခာကို လေးစားသည်။ ရိုးသား တည်ကြည်မှုသည် ဆရာတော်၏ ကိုယ်ပိုင်ဟန် ဖြစ်သည်။ လိုအပ်သလောက်သာ ပြော၍ လုပ်စရာရှိသည်များကို အစီအစဉ်တကျ လုပ်ကိုင်တတ်၏။ တိကျမှုကိုလည်း အထူး လိုအား၏။ တခါတရံ အခန့်မသင့်လျှင်မူ အနည်းငယ် စိတ်တိုတတ်၏။
ဆရာတော်သည် ကျောင်းသို့ ရောက်လာသူ ဒကာ ဒကာမများကို အကုသိုလ် ပြုမိမှာ ဖြစ်မျာ အထူး စိုးရိမ်၏။ ထို့ကြောင့် အကုသိုလ်ဖြစ်စေမည့် အပြုအမူ၊ အနေအထိုင်ကို သတိထားရန် ကျောင်း၌ သတိပေး စာတန်းများ ရေးကပ်ထားတတ်၏။ အိမ်သာကိစ္စမှအစ ပစ္စည်းအထားအသို၊ အလေအလွှင့် မရှိအောင် သုံးစွဲရေး၊ သန့်ရှင်းရေးတို့အတွက် အသိပေးစာ သတိပေးစာတို့ကို ရေးကပ်ထားခြင်းမှာ ဒကာ ဒကာမများ ကောင်းကျိုးအတွက်သာ ဖြစ်၏။
နယူးဂျာစီရိပ်သာတွင် ဆရာတော်ဦးပညာနှင့် ဦးသောဘနတို့ သီတင်းသုံးပြီး ကျောင်းနှင့် ၇ ဧကကျယ်သည့် ခြံဝင်းကြီး တစ်ခုလုံး ပြုပြင် ထိန်းသိမ်းရသည့် တာဝန်များသာမက လောကချမ်းသာစေတီတော်၏ အဖက်ဖက်မှ ပြည့်စုံ၍ ပိုမို တင့်တယ်သပ္ပာယ်စေရန် ဆောင်ရွက်ရသည့် ကိစ္စရပ်များ၊ လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အင်ဂျင်နီယာ ဦးမောင်မောင်နှင့်အတူ အနီးကပ် ကြည့်ရှု ကြပ်မပေးရသော ကိစ္စရပ်များ၊ ကန်ထရိုက်များနှင့် ဆက်သွယ် ဆက်ဆံရသော ကိစ္စရပ်များဖြင့် တစ်ပါးတည်းက လေးငါးကိုယ်ခွဲ၍ လုပ်ကိုင်ပေးနေရသကဲ့သို့ဖြစ်ရာ ကိုယ်ရော စိတ်ပါ ပင်ပန်းလှသည့် လုပ်ငန်း တာဝန်များ ထမ်းဆောင်နေ၏။
အေဘီဘီအေအသင်းအနေဖြင့် ဆရာတော်ဦးပညာသီဟကဲ့သို့ ရဟန်းတစ်ပါးကို ကိုးကွယ် အားထားရခြင်းသည် လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ် ပေါ်ပေါက်လာစေရန် ကြီးမားသော စွမ်းအားတစ်ရပ်ကို ရရှိခြင်းဖြစ်သည်ဟု မိမိအနေဖြင့် လေးနက်စွာ ခံယူပါ၏။
ဆရာတော်ဦးပညာသည် ဝိနည်းတော်ကို လေးစား၍ အကျင့်သိက္ခာနှင့် ပြည့်စုံသော ရဟန်းတစ်ပါးဖြစ်ကြောင်း ဆိုခဲ့ပါပြီ။ ထို့အပြင် သာသနာအတွက် မဆုတ်မနစ်သော လုံ့လ ဝီရိယထားကာ လာရောက် ဆည်းကပ်ကြသော ဒကာ ဒကာမ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအား ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်တရားများ ကျင့်ကြံ ပွားများ အားထုတ်နိုင်ကြစေရန် ဟောကြား ပြသလျက် ရှိနေပါသည်။
ဆရာတော်ကိုယ်တိုင်လည်း နေ့စဉ် ဝတ်မပျက် ဘုရားဝတ်တက်၊ တရားရှုမှတ်ပွားများ၏။
ကောင်းသော လယ်ယာမြေတွင် ကောင်းသော မျိုးစပါးတို့ကို ကြဲချ စိုက်ပျိုးခဲ့သော် ထိုလယ်ယာမြေမှ ကောင်းမွန် သန်စွမ်းသော စပါးကောက်နှံတို့ကို ရိတ်သိမ်းရရှိနိုင်ပါမည်။
အလားတူစွာ အကျင့်သိက္ခာ သမာဓိနှင့် ပြည့်စုံသော ဘုန်းကြီး ရဟန်း သူတော်စင်တို့ကို ကိုးကွယ် ဆည်းကပ် လှူဒါန်းရခြင်းသည် သံသရာတွင် ကောင်းသော အကျိုးထူးများကို ရရှိခံစားရမည်မှာ မလွဲဧကန် ဖြစ်ပါသည်။
ဆရာတော်ဦးပညာက မိမိ အနှစ်နှစ် အလလက စုဆောင်းခဲ့သော ဝတ္ထုငွေတို့ကို ယခု ဆောက်လုပ်နေပြီဖြစ်သော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် လှူဒါန်းခြင်းသည် ဒကာ ဒကာမများ နယူးဂျာစီရိပ်သာ၌ ချမ်းမြေ့ သက်သာစွာ တရားဓမ္မများ နာယူခြင်း၊ ဝိပဿနာဘာဝနာ ပွားများ အားထုတ်ခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ် လှူဒါန်းခြင်းဖြစ်ကြောင်းလည်း မိန့်ကြား၏။
ထိုနောက် ဆရာတော်ဦးပညာက ယနေ့ ယခု ပြုကြသော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချပေးပါသည်။
ဤကောင်းမှုသည် နိဗ္ဗာန်သို့ ကျေးဇူးပြုသော ကောင်းသော အထောက်အပံ့ဖြစ်ပါစေသတည်းဟု ဆုတောင်းကာ ရေစက်သွန်းချ အမျှပေးဝေပါသည်။
ကထိန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသော ရဟန်းပရိတ်သတ်နှင့် လူပရိတ်သတ်တို့က ဆရာတော်ဦးပညာသီဟ၏ ကြီးမား မြင့်မြတ်လှသည့် ဤဒါနကုသိုလ်ကောင်းမှုအတွက် အလွန် ဝမ်းမြောက်ကြသည်။ အားကျ ကြည်နူးကြသည်။ ထိုပီတိအဟုန်ဖြင့် ပရိတ်သတ်အားလုံးက ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုကြပါသည်။
ဆရာတော်ဦးပညာသီဟသည် သက်ရှည် ကျန်းမာ၍ လူမျိုး ဘာသာ သာသနာ၏ အကျိုးကို ယခုထက် တိုးကာ ဆောင်ရွက်တော်မူနိုင်ပါစေဟု ဘုရားတပည့်တော် ရိုသေစွာ ဆုတောင်းလျက် ရှိခိုးဦးတိုက်လိုက်ပါသည် အရှင်သူမြတ်ဘုရား။
စောဝင်း
0 comments

0 comments:
Post a Comment