* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 22, 2010

ဒိဗ္ဗစက္ခု အဘိညာဉ်၏ တန်ခိုးစွမ်းအင် အဘယ်မျှ ရှိသနည်း

ဒကာ။ ။ အလောင်းတော်မြတ်ဟာ မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရတော်မူပြီးသောအခါ ထိုအဘိညာဉ်မှ ဆင့်ကဲဆင့်ကဲ ထူးခြားသော အဘိညာဉ်တွေ တက်တက်ပြီး သဗ္ဗညု ဗုဒ္ဓအဖြစ်ကို ရယူနိုင်တာလို့ ဟောပြောနေကြတာ ဟုတ်ရဲ့လား ဆရာတော်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ တန်ခိုးစွမ်းအင်များကို သိပါရစေ ဘုရား။
ဆရာ။ ။ အင်း… ဒိဗ္ဗစက္ခုအဘိညာဉ်၊ သို့မဟုတ် ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်ကိုပင် (၁) စုတူပပါတဉာဏ် (၂) ယထာကမ္မူပဂဉာဏ် (၃) အနာဂတံသဉာဏ် လို့လည်း ခေါ်နိုင်သေးတယ်။ အဲဒီ ဉာဏ်သုံးပါးဟာ ဒိဗ္ဗစက္ခုဉာဏ်နဲ့ အတူတူပဲ၊ အဲဒါ ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ တန်ခိုးစွမ်းအင်တွေပဲ၊ ဒီ ဒိဗ္ဗစက္ခုစွမ်းအင်ကို ဥပါသကာ ကဏ္ဍမှာ အကျယ်ဖြေဆိုခဲ့ဖူးပြီလို့ မှတ်ထင်တယ်။
ဒကာ။ ။ ဒကာကြီးတို့ နားရှင်းအောင် တပါးစီရဲ့ အနက်အဓိပ္ပာယ်များကို တိုတိုနဲ့ လင်းပြပါဦး ဆရာတော်၊ ဒီပဥှာကို မမေးရသေးပါဘူး။
ဆရာ။ ။ အင်း… ဒိဗ္ဗစက္ခုဆိုတဲ့ အသိဉာဏ်မြင်ဟာ မဂ် ဖိုလ် နိဗ္ဗာန် မှတပါး လောကီတရားစုအားလုံးကို သိချင်ရင် သိမြင်နိုင်တဲ့ စွမ်းအင်တန်ခိုးရှိတယ်။
(၁) ယင်း ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေခါနီးသတ္တ၀ါကိုလည်း သိနိုင်တယ်၊ ပဋိသန္ဓေနေပြီးကာစ သတ္တ၀ါကိုလည်း သိနိုင်တယ်၊ မျိုးရိုးဇာတိဂုဏ်ကိုလည်း သိနိုင်တယ်။ ရုပ်အဆင်း လှ, မလှ နဲ့ အထက်တန်းစားဘ၀ အောက်တန်းစားဘ၀၌ ဖြစ်ရပုံတို့ကိုပါ စုံလင်စွာ သိနိုင်တယ်၊ အဲဒါကို စူတုပပါတဉာဏ်လို့ ခေါ်တယ်။
(၂) ယင်း ဒိဗ္ဗစက္ခုဉာဏ်ဖြင့်ပင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကယ် အပါယ်လေးပါးသားတို့၏ ဒုက္ခမျိုးစုံ ခံစားနေရပုံ တို့ကို မြင်သိရတဲ့အခါမှာ သူတို့သည် ဘယ်ကံတွေကို ပြုလုပ်ကြသောကြောင့် သို့ကလောက် ကြောက်စရာ ဆင်းရဲပင်ပမ်းစွာသော ဒုက္ခကြီးတွေကို ရယူခံစားကြရကုန်သနည်း ဟု စိတ်ညွတ်ဆင်ခြင်တော်မူတဲ့အခါ ယင်းတို့ပြုလုပ်လာကြတဲ့ အကုသိုလ်ကံမျိုးစုံကို သိမြင်တော်မူလာတယ်၊ အဲဒါကိုပင် ယထာကမ္မူပဂဉာဏ် လို့ခေါ်တယ်။
ထို့အတူပဲ လူ, နတ်, ဗြဟ္မာ ဘုံစားတို့၏ ချမ်းသာမျိုးစုံ ခံ, စံ နေကြပုံတို့ကို သိမြင်ရတဲ့အခါ ယင်းတို့သည် ဘယ်ကံတွေ ပြုလုပ်ခဲ့ကြလို့ သို့ကလောက် ချမ်းသာရတာလဲလို့ ဆင်ခြင်တော်မူလိုက်တဲ့အခါ သူတို့ ပြုလုပ်ခဲ့ကြတဲ့ ကာမာဝစရ ကုသိုလ်ကံတွေ၊ ရူပါဝစရ ကုသိုလ်ကံတွေ၊ အရူပါဝစရ ကုသိုလ်ကံတွေ မြင်သိရပြန်တယ်၊ အဲဒီလို ကုသိုလ်ကံတွေကို တွေ့မြင်တော်မူတာကိုပင် ယထာကမ္မူပဂဉာဏ် လို့ခေါ်တယ်။
(၃) အနာဂတံသဉာဏ်ဆိုတာက လက်ရှိ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်ပင် သုခိတ သတ္တ၀ါ, ဒုက္ခိတ သတ္တ၀ါတို့၏ ပြုလုပ်ပြီး ပြုလုပ်နေဆဲ ကုသိုလ်ကံ, အကုသိုလ်ကံ တို့ကို အကြောင်းခံပြီး ကြည့်ရှုဆင်ခြင်တော်မူလိုက်သောအခါ ဤပုဂ္ဂိုလ်ကား သုစရိတဓမ္မကုသိုလ်ကံတွေ အလွန်များသူဖြစ်သည်၊ ထိုထို ကုသိုလ်ကံတွေ၏ စွမ်းအင်ကြောင့် လူ့ရပ်, နတ်ရွာ, ဗြဟ္မာ နှစ်ဆယ် သုဂတိဘုံနယ်တို့၌ ဘ၀ပဋိသန္ဓေ ကပ်ရောက်ကာ ချမ်းသာကြတော့အံ့ ဟု သိတော်မူတဲ့ ဉာဏ်ကိုပင် အနာဂတံသဉာဏ် လို့ခေါ်တယ်။
ထို့အတူပဲ ဤသတ္တ၀ါကား ရှေးရှေးသော ဘ၀များစွာက ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက် အကုသိုလ်ကံတွေကိုသာ များစွာ ပြုခဲ့ချေသည်၊ မိစ္ဆာအယူဖြင့်သာ အမှားမှားကံတွေ ကိုယ်တိုင်လည်းပြုလုပ်ခဲ့ချေသည်၊ သူတပါးကိုလည်း ပြုမှားစေခဲ့လေသည်၊ ယင်း သတ္တ၀ါကား သေသည်၏ အခြားမဲ့၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကယ် အပါယ်လေးပါးလျှင် လားရာရှိ၏ဟု သိတော်မူတဲ့ဉာဏ်ကို အနာဂတံသဉာဏ် လို့ ခေါ်ဆိုတယ်။
အဲဒါ့ကြောင့် စုတူပပါတဉာဏ်တို့ ယထာကမ္မူပဂဉာဏ်တို့ အနာဂတံသဉာဏ်တို့ဟာ ဒိဗ္ဗစက္ခုအဘိညာဉ်က ဆက်စပ် ဖြစ်ပေါ်လာကြတဲ့ ဉာဏ်တော်မြတ်တွေသာ ဖြစ်လို့ ဒိဗ္ဗစက္ခုအဘိညာဉ်၏ တန်ခိုးစွမ်းအင်တွေပဲလို့သာ သိပေတော့။
အဲဒီ ဒိဗ္ဗစက္ခုဉာဏ်အရင်းခံပြီးတော့ အလောင်းတော်မြတ်၏ သန္တာန်၌ သတ္တ၀ါတို့၏ စုတိ, ပဋိသန္ဓေ ကို မသိအောင် ပိတ်ဖုံးထားလို့ အ၀ိဇ္ဇာခေါ်တဲ့ မောဟဓာတ်ကို ပယ်ဖြတ်ပစ်လိုက်တယ်။
ယင်း ဒိဗ္ဗစက္ခုအဘိညာဉ်ကို အရင်းခံပြီးတော့လည်း ယထာကမ္မူပဂအဘိညာဉ်နဲ့ သတ္တ၀ါတို့၏ ပြုလုပ်ခဲ့တဲ့ ရှေးအတိတ်ကံ အကြောင်းမှန်ကို သိမြင်တော်မူသောကြောင့်လည်း ယုံမှားခြင်း တဆယ့်ခြောက်ပါးကို လွန်မြောက်တော်မူသောကြောင့် ကင်္ခါဝိတရဏ အပိုင်း အခန်းကိုလည်း ရောက်ဆိုက်တော်မူသွားတယ်။
ဒီဉာဏ်တွေဟာ အာသ၀က္ခယဉာဏ်နဲ့ သဗ္ဗညုတဉာဏ်တော်မြတ်သို့ ရောက်အောင် အခြေခံ လမ်းခင်းပေးလိုက်တဲ့ ဥပနိဿယ သတ္တိတွေပဲ ဖြစ်တယ်၊ အဲဒါ့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ် ရထားတဲ့ ပုဂ္ဂိုလ်ဟာ ယင်းဉာဏ်ကို အသုံးချတတ်ရင် “ လောကကြီးမှာ ကိုယ်ဖြစ်ချင်ရာ ဖြစ်စတမ်းပဲ” ဟူသော စွမ်းအင်သတ္တိနဲ့ အဓိပတိဗိုလ်တွေဟာ ရဲထွက် လာတော့တာပဲလို့သာ မှတ်ပေတော့တဲ့၊ ကဲ….အဲဒါဟာ ဒကာကြီးတို့ နားရှင်းအောင် တိုတိုနဲ့ လင်းပေးလိုက်တာပဲ၊ အဲဒါမှ မရှင်းသေးရင် ဒါထက်လင်းပေးနိုင်တဲ့ အဂ္ဂမဟာပဏ္ဍိ ဆရာသမားကြီးများထံ သွားမေးကြပေတော့။
ဒကာ။ ။ ဒီလို ဒိဗ္ဗစက္ခုအဘိညာဉ်၏ တန်ခိုးစွမ်းအင်တွေကို တိုတိုနဲ့ ရှင်းလင်းအောင် သိရလို့ ၀မ်းသာမဆုံးပါ ဆရာတော်၊ တခြားဆရာတွေလည်း ရှာနေစရာမလို တော့ပါဘူး ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP