လူတိုင်းအတွက် ပဋ္ဌာန်း (နိဿယ)ပစ္စည်း
Wednesday, 10 November 2010 17:16 |
Written by Administrator | PDF | | Print | | E-mail
“ နိဿယပစ္စည်း”
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

“နိဿယ”ဆိုတာ မြန်မာလိုတော့ “ မှီရာ”လို့ အဓိပ္ပါယ် ရပါတယ်။ ဒီနိဿယ ပစ္စည်းမှာ (၁)တစ်ပြိုင်နက် ဖြစ်ဖော်ဖြစ်ဖက် မှီရာအဖြစ် ကျေးဇူးပြုတဲ့ သဟဇာတ နိဿယနဲ့ (၂) ကြိုတင်ဖြစ်ပေါ်ပြီး မှီရာအဖြစ်နဲ့ ကျေးဇူးပြုတဲ့ ပုရေဇာတ နိဿယလို့ နှစ်မျိုး ရှိနိုင်ပါတယ်။
ဒီနှစ်မျိုးထဲမှာ သဟဇာတ နိဿယ ဆိုတာကတော့ အထက်မှာ ပြောခဲ့တဲ့ သဟဇာတ ပစ္စည်းကိုပဲ အတူတကွ ဖြစ်ဖော် ဖြစ်ဖက်လဲဖြစ်၊ မှီရာလဲဖြစ်လို့ သဟဇာတ နိဿယလို့ ခေါ်လိုက်တာပါ။
အကြောင်းအကျိုး ဆက်စပ်ဖြစ်ပေါ်တဲ့ဖြစ်ရပ်တစ်ခုတည်းမှာပဲ ကျေးဇူးပြုမှုရှုထောင့်အလိုက် ပစ္စယသတ္တိတွေ တစ်မျိုးမကဖြစ် လာတာကို သဘောပေါက် ရပါမယ်။ ကုသိုလ် စိတ်ကလေးတစ်ခု ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် သူနဲ့ယှဉ်ဘက် စေတသိက်တွေပါ အတူတကွဖြစ်ပေါ်ကြလို့ နာမက္ခန္ဓာလေးပါးရယ်လို့ ဖြစ်လာပါတယ်။
အဲဒီ နာမက္ခန္ဓာ လေးပါးတို့ဟာ အတူတကွ တပြိုင်နက် ဖြစ်ဖော်ဖြစ်ဖက်အနေနဲ့ ကျေးဇူးပြုတဲ့ သတ္တိကိုထောက်ပြီး သဟဇာတပစ္စယ သတ္တိ (သဟဇာတပစ္စည်း)လို့ခေါ်ရသလို၊ အချင်းချင်းအပြန်အလှန် ကျေးဇူးပြုတဲ့ သဘောသတ္တိကိုထောက်ပြီး အညမညပစ္စယသတ္တိ (အညမညပစ္စည်း) လို့လည်းခေါ်ရတယ်။ ဒီလိုအပြန်အလှန်ကျေးဇူးပြုခြင်းသည်ပင် အပြန်အလှန်မှီရာ သတ္တိသဘောနဲ့လည်း ကျေးဇူးပြုတဲ့အတွက် နိဿယ ပစ္စယသတ္တိ(နိဿယပစ္စည်း) လို့လည်းခေါ်နိုင်ပါတယ်။ အတူတကွဖြစ်ဖက်မှီရာဖြစ်တဲ့ နိဿယသတ္တိကိုပဲ သဟဇာတနိဿယပစ္စည်းလို့ ခေါ်ဆိုတာပါ။ သဟဇာတပစ္စည်းသည်ပင် သဟဇာတနိဿယဖြစ်တယ်လို့ ဆိုလိုပါတယ်။
နိဿယပစ္စည်းမှာ သဟဇာတပစ္စည်းထက်ပိုလာတာကတော့ နံပါတ်(၂)ဖြစ်တဲ့ ပုရေဇာတပနိဿယပဲဖြစ်ပါတယ်။ ပုရေ=အကျိုး ပစ္စယုပ္ပန်တရား မဖြစ်ပေါ်မှီရှေးက၊ ဇာတ = ဖြစ်ပေါ်တည်ရှိနေပြီး၊ နိဿယ = မှီရာအဖြစ်နဲ့၊ ပစ္စယ = ကျေးဇူးပြုတဲ့တရား}လို့ ခေါ်တာပေါ့။
သတ္တဝါဆိုတာ (အထူးသဖြင့် ဒီနေရာမှာတော့)လူဆိုတာ = ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းမှာ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်}ဆိုတဲ့ အပြင်ဆက် သွယ်ရေးယန္တရားငါးခုရယ်၊ အတွင်းမှာနှလုံးသားကို တည်မှီနေတဲ့ “မန”လို့ခေါ်တဲ့ ဗဟိုရ်ယန္တရားကြီးတစ်ခုရယ်၊ အားလုံးယန္တရား (၆)ခု (သို့မဟုတ်) စက်(၆)လုံးတို့ ပုံမှန်လည်ပတ်လှုပ်ရှားနေတာကို သက်ရှိသတ္တဝါ၊ သက်ရှိလူလို့ ခေါ်ဆိုသတ်မှတ်ရတာပါ။
အပြင်ဆက်သွယ်ရေး ယန္တရားငါးခုကို အာရုံတို့ရဲ့ ဝင်ရာတံခါးပေါက် သဖွယ်ဖြစ်လို့ ]အပြင်ဒွါရငါးခု}လို့လည်း ခေါ်ရသလို၊ အတွင်းက“မန”ယန္တရားကိုလည်း အတွေးအကြံတို့ ထွက်ပေါ်ရာ တံခါးပေါက်သဖွယ်ဖြစ်လို့ မနောဒွါရ=တွေးသိစိတ် တို့ဝင်ရာတံခါးလို့လည်း ခေါ်ပါတယ်။ ဒွါရခြောက်ပါးဆိုတာ အဲဒါပါပဲ မြန်မာလိုတော့ တံခါးခြောက်ပေါက်ပေါ့။
“မျက်စိ”ဆိုတာ အဆင်းဝင်ရာတံခါး(စက္ခုဒွါရ)၊ နား ဆိုတာ အသံဝင်ရာတံခါး (သောတဒွါရ)၊ နှား ဆိုတာ အနံ့ဝင်ရာတံခါး (ဃာနဒွါရ)၊ “လျှာ”ဆိုတာ အရသာရဲ့ ဝင်ရာတံခါး(ဇိဝှာဒွါရ)၊ “ကိုယ်”ဆိုတာ အတွေ့အထိတို့ရဲ့ဝင်ရာတံခါး(ကာယဒွါရ)လို့ အရပ်သုံးဝေါ ဟာရအရ အလွယ်တကူပြောဆိုသုံးစွဲနေကြပေမယ့် တကယ်တမ်း အဘိဓမ္မာသဘောအရ ဒဿနကျကျ ပြောရမယ်ဆိုရင်တော့ အဆင်းသိစိတ် (စက္ခုဝိဥာဏ်)၊ အသံသိစိတ် (သောတဝိဥာဏ်)စသည်တို့ရဲ့ ဖြစ်ပေါ်မှီရာလို့ပြောမှသာ အဓိပ္ပါယ်ပိုပြီး တိကျပါတယ်။
ပါဠိလို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယလို့ခေါ်တဲ့ ဒီငါးမျိုးတို့ဟာ ဆိုင်ရာအဆင်းအသံစတဲ့ အာရုံရုပ်တွေ အရိပ်ထင်လောက်အောင် အထိကြည်လင်နူးညံ့လို့ ကြည်ဓာတ်(ပသာဒ)လို့လည်းခေါ်တယ်။ အဆင်းအသိစိတ်စတဲ့ ဝိဥာဏဓာတ်တို့ရဲ့ တည်မှီရာဖြစ်လို့ ဝတ္ထုရုပ်များလို့လည်း ခေါ်ပါသေးတယ်။ အတွင်းမှာရှိတဲ့ မနောဒွါရရဲ့ တည်မှီရာကတော့ နှလုံးသားလို့ခေါ်တဲ့ ဟဒယဝတ္ထုဖြစ်ပါတယ်။ ဒီဝတ္ထုရုပ် ခြောက်မျိုးကိုပဲ ဒွါရခြောက်ပါးလို့လည်းခေါ်ကြတာပါ။
“ငှက်မှာ ပျံရင်းသေ၊ လူမှာ ကြံရင်းသေ” ဆိုတဲ့ အတိုင်း လူဆိုတာ အသက်ရှင်သန်နေသေးသမျှ တခြား ကာယကံ၊ဝစီကံတွေ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်တောင် မနောကံကတော့ နိုးကြားချိန်ကနေ အိပ်ပျော်ချိန်အထိ တစ်ခါတစ်လေမှာ အိပ်မက်ထဲအထိ မပြတ်တွေး ကြံနေကြမြဲ ဓမ္မတာဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့အတွင်း ဟဒယကို တည်မှီဖြစ်ပေါ်နေတဲ့ မနောကံတွေ အမြဲမပြတ် “တွေးကြံစဉ်းစားတယ်၊ စိတ်ကူးတီထွင်တယ်”ဆိုတာဟာလည်း အပြင်ကမြင်၊ ကြား၊ နံ၊ စား၊ ထိတွေ့ဆိုတဲ့ ရုပ်အာရုံအတွေ့အကြုံများကိုသာ အခြေခံရတာပါ။ လောကနယ်ပယ်မှာ အလွန်ဆန်းကျယ်တဲ့ ပန်းချီ၊ ပန်းပု၊ အနုပညာများဆိုတာသည်ပင် ပြင်ပအာရုံအတွေ့အကြုံများနဲ့ သီးခြားကင်းလွတ်ပြီး စိတ်ကူးကြံစည် ထားချက်များ မဟုတ်ကြပါဘူး။
ဥပမာ .. မြင်ဖူး၊ ကြားဖူးခဲ့တဲ့ သမင်ချို၊ ခြင်္သေ့ဦးခေါင်း၊ ဆင်စွယ်၊ ငှက်တောင်ပံ၊ ငါးအမြီးတို့ကို စုပေါင်းပြီး “ပဉ္စရူပ”ဆိုတဲ့ စိတ် ကူးရုပ်ပုံ ဖန်တီးကြသလိုမျိုးပေါ့။
ဒါကြောင့် သက်ရှိလူသားတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ကြံဆမှုတွေ၊ ထိုးထွင်းသိမြင်မှုတွေ မှန်သမျှဟာပြင် ပအာရုံတွေကို အာရုံပြုသိရှိထားတဲ့ မြင်သိစိတ်၊ကြားသိစိတ်စတဲ့ အပြင်အာရုံသိစိတ်ငါးမျိုး (ပဉ္စဝိဥာဏ်)ကိုသာ အခြေခံရတယ်၊ အပြင်အာရုံသိစိတ်ငါးမျိုးတို့ဟာ သိမှုအားလုံးတို့ရဲ့ပင်ရင်းမူလ ပဓာနဖြစ်တယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။
ဒီအာရုံ အသိစိတ်ငါးမျိုးတို့ဟာလည်း ဆိုင်ရာဆိုင်ရာဝတ္ထု အကြည်ဓာတ်များကို တည်မှီပြီးတော့မှသာဖြစ်နိုင်ကြတာပါ။ မြင်သိစိတ်(စက္ခုဝိညာဉ်)က မျက်စိအကြည်ဓာတ်လို့ခေါ်တဲ့ စက္ခုဝတ္ထုရုပ်ကိုမှီ ပြီးဖြစ်ရတယ်၊ ကြားသိစိတ်စသည်တို့ကလည်း အလားတူပဲ၊ နားအကြည်ဓာတ်စသည်ကို မှီပြီးမှ ဖြစ်ခွင့်ရကြတာပါ။
ဒါကြောင့် ... မျက်စိအကြည်ဓာတ်က မြင်သိစိတ်ကို ..၊ နားအကြည်ဓာတ်က ကြားသိစိတ်ကို..၊ နှာခေါင်းအကြည်ဓာတ်က နံသိစိတ်ကို ...၊လျှာအကြည်ဓာတ်က အရသာသိစိတ်ကို ..၊ ကိုယ်လုံးအကြည်ဓာတ်က အတွေ့အထိသိစိတ်ကို ...၊နှလုံးအကြည်ဓာတ်က တွေးကြံစဉ်းစားသိမြင်စိတ်ကိုမှီရာ နိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ဆိုရပါတယ်။
ဒီဝတ္ထုရုပ်အကြည်ဓာတ်တွေက ဆိုင်ရာသိစိတ်တွေကိုကျေးဇူးပြုရာမှာတော့ ပစ္စည်းလို့ခေါ်တဲ့ရုပ်ဝတ္ထု အကြောင်းတရားများက
သိစိတ်လို့ခေါ်တဲ့ အကျိုးပစ္စုပ္ပန်တရားများ မဖြစ်မှီကတည်းက အရင်ရှိနှင့်တာဖြစ်လို့ “ပုရေဇာတနိဿယ”လို့ခေါ်ပါတယ်။
(အကျိုးတရားမဖြစ်မှီ ရှေးကကြိုတင်ရှိနှင့်တဲ့မှီရာ ပစ္စည်းတရား)လို့ ဆိုလိုတာပေါ့။
အကျိုးတရားတစ်ခု ဖြစ်ပေါ်လာမှုဆိုတာ “အကြောင်းပေါင်းစုံမှ”ဆိုတဲ့အတိုင်း အကျိုးတစ်ခုဟာ အကြောင်းတရား တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာနိုင်တာ မဟုတ်ကြပါဘူး၊ အကြောင်းတရားတွေ အတော်များများက စုပေါင်းကျေးဇူးပြုပေးမှ ဖြစ်ပေါ်လာတာပါ၊ ဒါကြောင့်ပဋ္ဌာန်း ပစ္စည်းများကို လေ့လာတဲ့အခါမှာလဲ၊ အကျိုးတရားတစ်ခုမှာ အကြောင်းပစ္စည်းကတစ်ခု နှစ်ခုမက ရှိနေတတ်ကြတယ်ဆိုတာ အထက်မှာ ပြောခဲ့ပါတယ်။
အကြောင်းတရား တစ်ခုချင်းစီမှာလည်း သူ့ရဲ့လုပ်ဆောင်တဲ့ သတ္တိအလိုက် ပစ္စည်းအမည် တစ်ခုမက ရရှိတယ်ဆိုတာလည်းအထက် မှာပြောခဲ့ပါပြီး၊ နာမက္ခန္ဓာလေးပါးတို့ အပြန်အလှန်ကျေးဇူးပြုကြတာဟာ အတူဖြစ်ဖက် သဟဇာတ သတ္တိလည်းဖြစ်တယ်၊
အချင်းချင်း ကျေးဇူးပြုတဲ့ အညမညသတ္တိလည်းဖြစ်တယ် မှီရာ နိဿယ(သဟဇာတနိဿယ)သတ္တိလည်း ဖြစ်တယ်ဆို တဲ့အကြောင်းပါ။ အခု ပုရေဇာတနိဿယပစ္စည်းဖြစ်တဲ့ ဝတ္ထုရုပ်ခြောက်ပါးတို့မှာလည်း အပြင်အာရုံယူဝတ္ထုရုပ်များဖြစ်ကြတဲ့ စက္ခုဝတ္ထု၊
သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု “ ပဉ္စပသာဒဝတ္ထု အကြည်ဓာတ် ဝတ္ထုငါးပါး”လို့လည်း ခေါ်သေးတယ် တို့ဟာလည်း မှီရာဖြစ်တဲ့ သတ္တိနဲ့ ကျေးဇူးပြုပေးတာကို ထောက်ဆပြီး “ဝတ္ထုပုရေဇာတ နိဿယပစ္စည်း”လို့ ခေါ်ဆိုရသလို သက်ဆိုင်ရာ သိမှုနယ်ပယ်ကို အစိုးရတဲ့အတွက် (မြင်သိစိတ်ဖြစ်ပေါ်မှုအတွက် မျက်စိအကြည်ဓာတ်ကမရှိမဖြစ်အရေးပါလို့ အစိုးရတယ်လို့ခေါ်ရတာပါ၊ ကြားသိစိတ်စသည်နှင့် နားအကြည် ဓာတ်စသည်တို့လည်း အလားတူပါပဲ)အဲဒီလို အစိုးရတဲ့အတွက် ဒီဝတ္ထုရုပ်ငါးမျိုးတို့ကို ဣန္ဒြိယပစ္စည်းလို့လည်း ခေါ်ပါသေးတယ်။ ဣန္ဒြိယပစ္စည်းရောက်တော့ နည်းနည်း ပိုသိလာပါလိမ့်မယ်။
ဒီမှာ သဘောပေါက်စရာတစ်ခုကတော့....နိဿယပစ္စည်းမှာ အခုပြောခဲ့တဲ့ “ပုရေဇာတနိဿယ”ပစ္စည်းကို ကြည့်မယ်ဆိုရင် ပစ္စည်းတရားက ဝတ္ထုရုပ်တရားတွေဖြစ်ပြီး အကျိုးဖြစ်တဲ့ ပစ္စယုပ္ပန်တရားတွေက ဝိဥာဏဓာတ်လို့ခေါ်တဲ့ နာမ်တရား တွေဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ပစ္စည်းဖြစ်တဲ့ ရုပ်ဝတ္ထုတွေဟာ အရင်ကကြိုတင်ရှိနှင့်တဲ့တရားတွေဖြစ်လို့ အကျိုးတရားများနဲ့ အတူတကွဖြစ်ဖက်လည်း မဟုတ်ကြပါဘူး။ ဒီဝတ္ထုရုပ်တရားတွေဟာ (ဘဝတစ်ခုရဲ့အစဆုံးဖြစ်ခိုက် ပဋိသန္ဓေတစ်ခဏ ကလေးကလွဲလို့) အကျိုးပစ္စယုပ္ပန် တရားတွေနဲ့ အပြန်အလှန် အချင်းချင်း သဘောမျိုးလည်း မရှိကြပါဘူး၊ ဒါပေမယ့် အကျိုးနာမ်တရားတွေကို မှီရာသတ္တိသဘောနဲ့ကျေးဇူးပြုပေးနေတာဖြစ်ပါတယ်။
ဒါကြောင့် အညမညရယ်၊ သဟဇာတရယ်၊ နိဿယရယ်၊ ဒီပစ္စည်းသုံးမျိုးတို့ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် .... အညမညပစ္စည်းက မိသားစုအချင်းချင်း အပြန်အလှန်ကူညီရိုင်းပင်းပြီး ကျေးဇူးပြုနေတာနဲ့ အလားတူတယ်၊ သဟဇာတပစ္စည်းက သွေးသားမတော်စပ်ပေမယ့် တစ်မြေတည်းနေ တစ်ရေတည်းသောက်ဆိုသလို အတူတကွဖြစ်ဖော်ဖြစ်ဖက်များအနေနဲ့ ကူညီ ရိုင်းပင်း ကျေးဇူးပြုနဲ့ အလားတူတယ်။ နိဿယပစ္စည်းကတော့ အမျိုးအနွယ်အရပ်ဒေသစသည် မတူကွဲပြားပေမယ့် လူသား ချင်းစာနာစိတ်နဲ့ ရိုင်းပင်းကူညီကြတဲ့ သဘောနဲ့ အလားတူတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အခုခေတ်စကားနဲ့ပြောရရင်တော့ နိဿယပစ္စည်းက “ဂလိုဘယ်”ဆန်တယ်လို့ဆိုရမှာပေါ့။
လောကအလိုကြည့်မယ်ဆိုရင် အညမညပစ္စည်းက အမြင်နည်းနည်းကျဉ်းလွန်းတယ်၊ သဟဇာတပစ္စည်းက အညမညပစ္စည်းထက် ပိုပြီးအမြင်ကျယ်တယ်။ နိဿယပစ္စည်းကတော့ သဘောထား အကြီးဆုံး စိတ်ထား အမြင့်မြတ်ဆုံး ဖြစ်တယ်လို့ ဆိုမယ်ဆိုရင်ဆိုနိုင်လောက်တာပေါ့။
ဒါကြောင့်လည်း မစိုးရိမ်ဆရာတော်ကြီးကတော့ “အညမညပစ္စည်းလို မကျင့်သုံးကြနဲ့၊ သဟဇာတပစ္စည်းလို ကျင့်သုံးကြ”လို့ မိန့်ကြားတာဖြစ်မှာပါ။ ဖြစ်နိုင်ရင်တော့ “ နိဿယပစ္စည်းလို သဘောထားကြီးကြီးနဲ့ လောကအကျိုးကို သယ်ပိုးကြ”လို့ ဆိုရပါလိမ့်မယ်။
အညမညပစ္စည်းက ကိုယ်ကျိုးအဓိကထားတဲ့ အတ္တတ္ထစရိယသဘောမျိုးဆန်တယ်၊ သဟဇာတပစ္စည်းက ကိုယ့်ဆွေမျိုး၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးစတဲ့ ကန့်သတ်ရှိ ပရဟိတဖြစ်တဲ့ Óတတ္ထစရိယသဘောမျိုးဆန်တယ်။ နိဿယပစ္စည်းကတော့ ဒေသ စွဲလူမျိုးစွဲစတဲ့ ကန့်သတ်မှုမပါဘဲ လောကအားလုံးအကျိုးကိုအဓိကထားတဲ့ လောကတ္ထစရိယသဘောမျိုးဆန်တယ်လို့လည်းပြောမယ်ဆိုပြော လို့ရတာပေါ့။
အမှန်ကတော့ ပရမတ္ထ သဘာဝတို့ရဲ့ အကြောင်းအကျိုး ဆက်နွယ်မှုဆိုတာ လူပုဂ္ဂိုလ်တို့လုပ်ကိုင် ဆောင်ရွက်သလို ကြောင့်ကျစိုက်မှု (ပုဂ္ဂလဗျာပါရ) ရယ်လို့တော့ မရှိပါဘူး၊ သူ့သဘောသူဆောင်ပြီး သူ့ကိစ္စသူ ဓမ္မသတ္တိ သက်သက်နဲ့ ကြောင်းကျိုး ဆက်သွယ် ဖြစ်ပေါ်နေတာပါ။ ပရမတ္ထသဘာဝ စစ်စစ်ကလေးချည်းဆိုတာ သိလို့ရသော်လည်း ပြောပြဖို့ခက်ခဲတဲ့အတွက် ဥပမာတွေ တင်စားချက်တွေနဲ့ ပုံဆောင်ပြရတဲ့ သဘောဖြစ်ပါတယ်။
ဒီပစ္စည်းသုံးမျိုးနဲ့ပတ်သက်လို့တော့ ဒီလောက်ဆိုတော်သင့်ပါပြီး။

0 comments:
Post a Comment